စစ်ကောင်စီအခက်၊ တိုင်းရင်းသားလက်နက်ကိုင်တွေအချက် ဖြစ်လာပြီလား
2024.07.20
ရှမ်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေကို အပြတ်အသတ်ချေမှုန်းပြီး တရုတ်-မြန်မာနယ်စပ်တလျှောက်က နယ်မြေအတော်များများကို သိမ်းပိုက်နိုင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့အတွက် စိန်ခေါ်မှုအသစ်တစ်ခု ပေါ်ထွက်လာနေပါတယ်။ အပြောင်းအလဲမြန်ဆန်တဲ့ နိုင်ငံရေးအခင်းအကျင်းကနေ အကျိုးအမြတ်ရဖို့ ကြိုးစားသူတွေ၊ မဟာမိတ်စုဖွဲ့မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတာပါ။
ရှမ်းပြည်နယ်က များပြားလှတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ တရုတ်ရဲ့ ဩဇာခံမဟာမိတ်ဖြစ်တဲ့ အင်အားကြီးတပ်ဖွဲ့တစ်ဖွဲ့လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်ယိမ်းတဲ့ အဖွဲ့တွေ၊ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း မပတ်သက် ၂၀၂၁ စစ်အာဏာသိမ်းမှုကိုလည်း မဆန့်ကျင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့က ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်ကို ပြီးခဲ့တဲ့လမှာ စတင်ခဲ့ပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
TNLA အဖွဲ့ဟာ နောင်ချိုမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို အပြီးအပြတ် သိမ်းယူလိုက်ပြီး တောင်ဘက်မှာရှိတဲ့ မိုးကုတ်မြို့ဘက်ကို စစ်ဆင်ရေး ဦးတည်လာတာကြောင့် စစ်ကောင်စီအတွက် လားရှိုးမြို့ကို အင်အားဖြည့်တင်းဖို့ အဟန့်အတား ဖြစ်သွားစေပါတယ်။ လားရှိုးမြို့ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အကြီးဆုံးမြို့ဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့နဲ့ တရုတ်နယ်စပ် မူဆယ်မြို့အကြား ကုန်သွယ်ရေးတံခါးပေါက်တစ်ခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်ရဲ့ကြားဝင်မှုနဲ့ နှစ်ဘက်သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီးနောက် မြောက်ပိုင်းမဟာမိတ်အဖွဲ့က စတင်ခဲ့တဲ့ထိုးစစ်ကို ရပ်တန့်ဖို့ တရုတ်က ဖိအားပေးခဲ့ပါတယ်။ MNDAA ကိုးကန့်အဖွဲ့ကလည်း ဘေဂျင်းမြို့မှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် စုံညီအစည်းအဝေးကို လေးစားတဲ့အနေနဲ့ ဇူလိုင်လ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ လေးရက်ကြာ အပစ်အခတ်ရပ်စဲကြောင်း ဇူလိုင်လ ၁၃ ရက်မှာ ကြေညာခဲ့ပါတယ်။
လားရှိုးမြို့တစ်ဝိုက်မှာ နှစ်ဖက်တပ်တွေ အသင့်အနေအထား ရှိနေကြပြီး ထိုးစစ်တွေ လတ်တလော အရှိန်လျှော့ထားကြပါတယ်။ ဒါပေမယ့် ပစ်ခတ်တိုက်ခိုက်တာတွေ လုံးဝရပ်သွားတာတော့ မဟုတ်ပါဘူး။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးဖို့ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဘက်က ကိုယ်စားလှယ်တွေစေလွှတ်ခဲ့ပေမယ့် တရုတ်အနေနဲ့ နောက်ထပ် အပစ်အခတ်ရပ်စဲရေးတစ်ခု ရရှိလာအောင် ကြားဝင်ဆောင်ရွက်နိုင်တာ မရှိခဲ့ပါဘူး။
MNDAA နဲ့ TNLA ကလည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးအတွက် တောက်လျှောက် တုံ့ပြန်တိုက်ခိုက်နေပါတယ်။ တရုတ်လုပ် လေယာဉ်ပစ်အမြောက်တွေ နောက်ထပ်ရထားတဲ့ ဒီနှစ်ဖွဲ့ဟာ ဝေးလံသီခေါင်တဲ့ တပ်စခန်းတွေဆီကို စစ်အင်အားဖြည့်တင်းဖို့ သုံးတဲ့ စစ်ကောင်စီရဲ့ Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေကို တိုက်ခိုက်နိုင်စွမ်း ပိုရှိလာနေပါတယ်။
ဆက်နွယ်သောသတင်းများ
နောင်ချိုမြို့ကို TNLA သိမ်းပိုက်ထိန်းချုပ်
လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်
နယ်စပ်ဂိတ်တွေ ဖွင့်ထားပေမဲ့ တရုတ်နဲ့ တရားဝင်ကုန်သွယ်မှု မစနိုင်သေး
ရှမ်းပြည်နယ်အတွင်း ထိုးဖောက်နေရာယူမှုများ
ရှမ်းပြည်နယ်အတွင်း အခုလို စစ်ရေးပြင်းထန်နေချိန်မှာ ဒေသတွင်းက အဓိကအဖွဲ့တွေဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကတော့ ဘေးထွက်နေတဲ့ အနေအထားပါ။ ဒီအဖွဲ့တွေဟာ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ အောင်ပွဲကို ကန့်သတ်ဖို့နဲ့ စစ်ကောင်စီရဲ့ အားနည်းချက်ကို အမြတ်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။
TNLA နဲ့ SSPP အကြားမှာ တင်းမာမှုတွေ ပိုဆိုးလာနေပြီး ဘယ်သူ့ဘက်က စပြီးတိုက်ခိုက်တယ် ဆိုတဲ့အပေါ် အပြန်အလှန် စွပ်စွဲနေကြပါတယ်။
နှစ်ဖက်တင်းမာမှုတွေ လျှော့ချဖို့ ဇူလိုင်လ ၁၃ ရက်နေ့က ပန်ဆိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကတော့ အောင်မြင်တယ်လို့ TNLA ဘက်က ကြေညာထားပါတယ်။
ဒီအနေအထားတွေဟာ အခုထက်ပိုကြီးတဲ့ ပဋိပက္ခအဆင့်ကို ရောက်မလာသေးပေမယ့် SSPP အနေနဲ့ စစ်အာဏာရှင်ကို တိုက်ခိုက်တဲ့အထဲမှာတော့ မပါလာတော့ပါဘူး။ တကယ်တော့ SSPP ဟာ UWSA လိုပဲ စစ်အစိုးရဘက်ကို ပါနေတဲ့သဘော တွေ့ရပါတယ်။
ရှမ်းပြည်နယ်ရဲ့ ရှုပ်ထွေးလှတဲ့ အခင်းအကျင်းမှာ လူမျိုးချင်း သစ္စာစောင့်သိမှုတွေနဲ့ မဟာမိတ်ဖွဲ့မှုတွေကို တွေ့နေရပါတယ်။ စတုရန်းကီလိုမီတာ ၁၅၅,၀၀၀ ကျော် (စတုရန်းမိုင် ၆၀,၀၀၀ ကျော်) ကျယ်ဝန်းတဲ့ ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုထဲမှာ အကြီးဆုံးဖြစ်ပြီး နိုင်ငံဧရိယာရဲ့ လေးပုံတစ်ပုံရှိတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ လူဦးရေ ခြောက်သန်းရှိတဲ့အထဲက အများစုဟာ ရှမ်းတိုင်းရင်းသားတွေဖြစ်ပြီး တခြားတိုင်းရင်းသား ၉ မျိုးလည်း နေထိုင်ကြပါတယ်။ TNLA က တအာင်း (သို့) ပလောင်လူမျိုး ငါးသိန်းလောက်ကို ကိုယ်စားပြုပြီး MNDAA ကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မှာ အခြေစိုက်တဲ့ မန်ဒရင်းဘာသာစကားပြော တရုတ်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ရလဒ်အနေနဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင်နှစ်ဖွဲ့ဟာ ရှမ်းတိုင်းရင်းသား အများစုနေထိုင်ရာ ဒေသတွေကို သိသိသာသာ ထိုးဖောက်ဝင်ရောက်လာနေပါတယ်။
ရှမ်းပြည်နယ်မှာ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများကြီး ရှိနေပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့တွေဟာ ခါးသီးတဲ့ ပြိုင်ဘက်တွေ ဖြစ်နေကြပြီး လူအင်အား၊ လက်နက်အင်အား၊ အရင်းအမြစ်ပိုင်းတွေမှာ အကန့်အသတ် ရှိတဲ့အတွက် ဘယ်အဖွဲ့ကမှ နယ်မြေတစ်ခုလုံးကို တစ်ဆက်တစ်စပ်တည်း ထိန်းချုပ်ထားနိုင်တာ မရှိပါဘူး။ ဒါကြောင့်လည်း ရှမ်းပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေရဲ့ နိုင်ငံရေးမြေပုံကို ကြည့်ရင် ကျားသစ်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ပေါ်က အကွက်အပြောက်တွေလို ဖြစ်နေပါတယ်။
ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အများစုဟာ အခွင့်အလမ်းသမားတွေသာ ဖြစ်ပြီး မူတွေဘောင်တွေလည်း သိပ်မရှိကြပါဘူး။ ဘယ်အဖွဲ့မှ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မပူးပေါင်းသလို စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင်စွဲထာလည်း မရှိပါဘူး။
ဒီအဖွဲ့သုံးဖွဲ့လုံးဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် အကျိုးအမြတ် ရခဲ့ကြပါတယ်။ မက်သာဖက်တမင်း ထုတ်လုပ်ရောင်းချတာ၊ အဲဒီအပေါ် အခွန်ကောက်ခံတာ အပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းတွေကနေ အကျိုးအမြတ်တွေ ရခဲ့ကြပါတယ်။
အနားရပြီး စစ်ရေးအသင့်ဖြစ်နေတဲ့ ဝ တပ်ဖွဲ့
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် SSPP ဟာ ပြိုင်ဘက် RCSS ကို တိုက်ခိုက်ခဲ့ပါတယ်။ အကြောင်းကတော့ RCSS ဟာ စစ်ကောင်စီရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ မိတ်ဖက်အဖြစ် ဆက်ရှိနေလို့ပါပဲ။
၁၀၂၇ စစ်ဆင်ရေးမှာ SSPP ပါဝင်လာဖို့ မျှော်လင့်ထားကြပေမယ့် လောလောဆယ်မှာတော့ စစ်ကောင်စီရဲ့မဟာမိတ် RCSS အပေါ် ပြီးခဲ့နှစ်က အနည်းအကျဉ်း တိုက်ခိုက်ခဲ့တာနဲ့တင် လုံလောက်ပြီလို့ လက်ခံထားကြပုံ ရပါတယ်။
SSPP အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်မှာ ပါဝင်ကူညီဖို့ ကတိပြုထားပုံရပေမယ့် TNLA နဲ့ တင်းမာမှုတွေကြောင့် အဲဒီကတိကဝတ်ကို ဆိုင်းငံ့ထားပုံရပါတယ်။
အံ့အားသင့်စရာကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ တရုတ်-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က ပန်ဆန်းဒေသကို ဗဟိုပြုထားတဲ့ သူ့ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ 'ဝ' ဒေသ အပြင်ဘက်ကို ကျော်လွန်ပြီး လှုပ်ရှားလာတာပါပဲ။
UWSA ဟာ လားရှိုးမြို့တောင်ဘက် ၁၃၅ ကီလိုမီတာ (၈၅ မိုင်) အကွာမှာရှိတဲ့ တန့်ယန်းမြို့ကို သေနတ်တစ်ချက်မှ မဖောက်ရဘဲ သိမ်းပိုက်ခဲ့ပါတယ်။
သတင်းတွေအရ UWSA ဟာ သံလွင်မြစ်အနောက်ဘက်ကြောတစ်လျောက်ကို တိုးချဲ့တပ်ဖြန့်နေတယ်လို့ သိရပြီး ဒါဟာ လေ့လာသူတွေအတွက်တော့ မေးခွန်းထုတ်စရာပါ။
ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲမှုကနေ ပေါက်ဖွားလာတဲ့ UWSA ဟာ တပ်အင်အား နှစ်သောင်းနဲ့သုံးသောင်းအကြားမှာ ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲမှာ အကြီးမားဆုံးနဲ့ အကောင်းဆုံးအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ အပြင်ပန်းအားဖြင့် ‘ဝ’ တိုင်းရင်းသားအဖွဲ့အစည်းအဖြစ် အမည်ခံထားတဲ့ UWSA ရဲ့ လက်ရှိခေါင်းဆောင်အားလုံးဟာ မန်ဒရင်းစကားပြော တိုင်းရင်းသားတရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ UWSA ကို တရုတ်အစိုးရရဲ့ အနီးကပ်ဆုံး ကြားခံကိုယ်စားလှယ်အဖြစ်သာ ရှုမြင်ကြပါတယ်။ UWSA ဟာ ၁၉၈၉ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားတာပါ။
‘ဝ’ တပ်ဖွဲ့ဟာ အာဏာသိမ်းမှုဆန့်ကျင်ရေး နွေဦးတော်လှန်ရေး လှုပ်ရှားမှုမှာ ကြားနေခဲ့ပြီး အာဏာသိမ်းမှုကို ရှုတ်ချတာ၊ အတိုက်အခံတွေနဲ့ ပူးပေါင်းတာ မရှိပေမယ့် အတိုက်အခံလှုပ်ရှားမှုအတွက်တော့ အရေးပါတဲ့ လက်နက်ရင်းမြစ်တစ်ခုတော့ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် UWSA ဟာ MNDAA သိမ်းပိုက်နယ်မြေတွေကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာနိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး စစ်ကောင်စီနဲ့ဆက်ဆံရေးကို ဆက်ပြီး ထိန်းသိမ်းထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကြာ လူထုအုံကြွမှုမှာ မပါဘဲ ဘေးက ထိုင်ကြည့်နေခဲ့ပြီးနောက်မှာတော့ ‘ဝ’ တပ်ဖွဲ့ဟာ လက်နက်အင်အားအပြည့်အစုံနဲ့ စစ်ရေးအရ အသင့်ဖြစ်နေပါပြီ။ 'ဝ' တပ်ဖွဲ့ဟာ အပြောင်းအလဲမြန်ဆန်တဲ့ လုံခြုံရေးအခင်းအကျင်းကို အခွင့်ကောင်း ယူဖို့ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့ပါပဲ။
တရုတ်နဲ့ အရေးပါတဲ့ဆက်ဆံမှု
UWSA က တန့်ယန်းကို ထိန်းချုပ် သိမ်းပိုက်လိုက်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာ အများအပြား ထွက်ပေါ်လာနေပါတယ်။
UWSA ဟာ ခြေကုပ်နေရာ ချဲ့ထွင်ဖို့အတွက် နယ်မြေတွေသိမ်းယူနေတာ ဖြစ်နိုင်ပေမယ့် အခုလုပ်ဆောင်ချက်တွေကတော့ ရည်ရွယ်ချက်ရှိရှိ ဗျူဟာချပြီး လုပ်ဆောင်တာလို့ ယူဆရပါတယ်။ UWSA ဟာ SSPP နဲ့ ပူးပေါင်းဆောင်ရွက်နေသလို စစ်ကောင်စီနဲ့လည်း သိသာမြင်သာတဲ့ သဘောတူညီချက်တွေ ရှိထားပါတယ်။
အစဉ်အလာအားဖြင့် UWSA နဲ့ SSPP ဟာ နီးစပ်တဲ့အဖွဲ့တွေဖြစ်ပြီး SSPP က သူ့ရဲ့ပြိုင်ဘက် RCSS ကို ထိုးစစ်ဆင်ရာမှာ UWSA ရဲ့ အကူအညီနဲ့သာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တန့်ယန်းမြို့ဟာ 'ဝ'ဒေသအပြင်ဘက်မှာ တည်ရှိပြီး SSPP အုပ်ချုပ်မှုလက်အောက်မှာ မဟုတ်ပေမယ့် အစဉ်အလာအရ SSPP သြဇာလွှမ်းမိုးမှုအောက်မှာ ရှိတဲ့နယ်မြေ ဖြစ်ပါတယ်။
တန့်ယန်းမြို့အပြင်ဘက်က စစ်ကောင်စီတပ်စခန်း အတော်များများကို TNLA က တိုက်ခိုက်ခဲ့ပြီးနောက် TNLA နဲ့ SSPP အကြား နောက်ထပ်တိုက်ပွဲတွေ ဖြစ်မလာအောင် တန့်ယန်းမြို့ကို သိမ်းယူလိုက်တာလို့လည်း တချို့က ယူဆကြပါတယ်။
UWSA ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့အနေနဲ့… ဒါဟာ တန့်ယန်းမြို့ကို ပဋိပက္ခတွေ ကူးမလာအောင် "ကြိုတင်ကာကွယ်ဖို့" တောင်းဆိုချက်အရ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ယေဘုယျဆန်ဆန် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ TNLA ထက် 'ဝ' က မြို့ကိုသိမ်းယူတာ ပိုကောင်းတဲ့အတွက် ဒီစစ်ဆင်ရေးကို အတည်ပြုခဲ့တာ၊ ဒါမှမဟုတ် တားဆီးနိုင်စွမ်းမရှိလို့ လက်ပိုက်ကြည့်ခဲ့တာ ဖြစ်နိုင်ပါတယ်။ မိုင်းရယ်မြို့ အုပ်ချုပ်ရေးကိုတော့ လက်ရှိမှာ SSPP က ထိန်းချုပ်ထားပုံရပါတယ်။
မြို့နှစ်မြို့လုံးမှာ စစ်ကောင်စီတပ်တွေ အပြည့်အဝ ဆုတ်ခွာသွားပြီလား၊ အုပ်ချုပ်ရေးပိုင်းတချို့ကို ဆက်လက်ထားရှိသေးလား ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ဘက်ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဆက်ပြီးမသွားနိုင်ဖို့အတွက် UWSA က အရံအတား ဖြစ်နေပါပြီ။
UWSA မှာ တရုတ်နဲ့လည်း သဘောချင်းတူညီမယ့် စီးပွားရေးအရ အရေးပါတဲ့ အကြောင်းပြချက်တစ်ခု ရှိနေပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့က ချင်းရွှေဟော်နဲ့ မူဆယ်ကိုသွားတဲ့ (မူဆယ်မြို့ကို မဟုတ်ဘဲ) အဝေးပြေးလမ်းမကြီးကို ထိန်းချုပ်ထားတာ၊ ကချင်လွတ်မြောက်ရေးတပ်မတော်က သူ့ပြည်နယ်အတွင်းမှာရှိတဲ့ နယ်စပ်လမ်းကြောင်းအားလုံးကို ထိန်းချုပ်ထားတာတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်နေတာပါ။
လူဦးရေ ၅၀,၀၀၀ ရှိတဲ့ ပန်ဆန်းမြို့ဟာ တောင်ထူထပ်ပြီး သွားလာရခက်ခဲတဲ့အတွက် အရေးပါတဲ့ နယ်စပ်လမ်းကြောင်းတစ်ခု မဟုတ်ပေမယ့် စစ်ကောင်စီအတွက်တရုတ်ဘက်ကိုသွားဖို့ လက်လှမ်းမှီနိုင်တဲ့ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်နေပါတယ်။ မိုင်းရယ်နဲ့ တန့်ယန်းဟာ အဲဒီလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
ဒါဟာ တစ်စထက်တစ်စ ပိုပြီး အထီးကျန်လာနေတဲ့ စစ်ကောင်စီနဲ့ ဆက်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်အောင်၊ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့တွေ နောက်ထပ် နယ်မြေမသိမ်းနိုင်အောင် UWSA ကို သူ့နယ်မြေ ကျော်လွန်ပြီးလှုပ်ရှားဖို့ တရုတ်အစိုးရက မီးစိမ်းပြလိုက်တာ ဖြစ်နိုင်ပါတယ်။
မှတ်ချက်။ ဇက်ခါရီ အဘူဇာ (Zachary Abuza) သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်ပြီး ဂျော့ချ်တောင်းတက္ကသိုလ် (Georgetown University) ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုလ်၊ ဂျော့ချ်တောင်းတက္ကသိုလ် သို့မဟုတ် လွတ်လပ်သည့်အာရှအသံ (Radio Free Asia) တို့၏ ရပ်တည်ချက်ကို ထင်ဟပ်ခြင်းမရှိပါ။