စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချပြီးနောက် လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်

RFA Burmese
2024.01.05
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချပြီးနောက် လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဉ်။
RFA

[Update: 5: 25 AM, Jan 05, 2024]

 

ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) တည်ရှိရာ လောက်ကိုင်မြို့မှာ ဇန်နဝါရီလ ၄ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ပြီး လောက်ကိုင်မြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက် လိုက်တယ်လို့ မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးကို ပို့ဆောင်နေတယ်လို့လည်း မြေပြင်စစ်ရေးအခြေအနေ သိရှိသူက ပြောပါတယ်။ ဒါပေမဲ့ အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

အမည်မဖော်လိုတဲ့ လောက်ကိုင်မြို့က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက လည်း လောက်ကိုင်မြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်လိုက်တာမှန်ကန်ကြောင်း ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကိုးကန့်တပ်ဖွဲ့ဝင်တွေထံကို လက်နက်တွေ အပ်နှံနေတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး အဲဒီဗီဒီယိုထဲမှာတွေ့ရတဲ့ ပတ်ဝန်းကျင် အနေအထားအရ လောက်ကိုင်မြို့က ဗီဒီယိုဆိုတာ မှန်ကန်ကြောင်း တရုတ်နယ်စပ်အနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ လက်နက်အပ်တာတို့ ဘာတို့ပါတယ်။ သူတို့ကားပေါ်တင်ပြီး သွားလိုက်တာတို့ အဲလိုတွေ့ ရတယ်။ စစ်သားနဲ့ သူတို့မိသားစုတွေပဲ မနေ့ကတွေ့ရတာ။ အိတ်တွေရော အကုန်လုံးဖောက်ပြီးအပ်ပြီးတော့ သူတို့ ဆိုင်ကယ်ပါတဲ့သူတွေက ဆိုင်ကယ်နဲ့ စီးသွားခိုင်းလိုက်တယ်။ သူတို့ကားအကြီးတွေနဲ့လည်း တင်သွားတာ တွေ့တယ်။ ပြီးရင် ကားအသေးတွေလည်းပါတယ်။ သူတို့မိန်းမတွေလား မသိဘူး မိသားစုဝင်တွေလည်း ပါတာ တွေ့တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ကိုးကန့်တပ်ဖွဲ့ဘက်ကပါ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။

"လက်နက်တွေအပ်တယ်ဆိုတာ အရပ်သားတွေအမြင်နဲ့ ကြည့်လိုက်ရင် အညံ့ခံတာပေါ့ဗျာ။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှ ဆုတ်တဲ့သဘောလို့ ကျွန်တော်တို့ တွေ့ရတယ်”

လောက်ကိုင်မြို့မှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ကြောင့် မြေပြင်အခြေအနေ အသေးစိတ်ကို RFA က ဆက်သွယ်စုံစမ်းနိုင်ခြင်း မရှိသေး ပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ လောက်ကိုင်က ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်တစ်ခုလုံး ဆုတ်ခွာတာမဟုတ်ဘဲ မြိုခံပရဟိတအဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ တပ်အသီးသီးက မိသားစုဝင်တွေနဲ့ ဒဏ်ရာရ စစ်သည်တွေကို လားရှိုးကို ထွက်ခွာခွင့်ရဖို့ ဆောင်ရွက်တာလို့ ရေးသားဖော်ပြကြပါတယ်။

လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုဦးစီးဌာနချုပ် (ဒကစ) လက်အောက်မှာ တပ်ရင်း ခုနစ်ခုအထိ ရှိပြီး ဒေသ အခြေစိုက် ပြည်သူ့စစ်အဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံး စစ်အင်အား နှစ်ထောင်နီးပါးရှိနိုင် တယ်လို့ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။ လက်နက်ကြီးတွေ၊ သံချပ်ကာကားတွေအပါဝင် စစ်လက်နက်ပစ္စည်းတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ အခြေချဌာနချုပ်တစ်ခုဖြစ်သလို စစ်ကောင်စီ ဘက်က တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကိုလည်း စစ်ကူအဖြစ် ပို့ဆောင်ထားတာရှိတယ်လို့ ပြောကြပါတယ်။

လောက်ကိုင် ဒေသက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပါဝင်တဲ့ ကိုးကန့် ဒေသ လွှတ်တော် အမတ်ဟောင်း နှစ်ဦးအပါဝင် ကိုးကန့်ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ကို ဖမ်းဆီးပေးဖို့ စစ်ကောင်စီ ဘက်ကို ဖိအားပေးခဲ့ပြီးနောက်ပိုင်း ကိုးကန့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။

ကိုးကန့်ဒေသ ယာယီဥက္ကဋ္ဌ အဖြစ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ခန့်အပ်ခဲ့ပြီး အဖွဲ့ ဝင်အဖြစ် ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး တို့က ဒေသအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တွေကို တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ရဲ့ ကွပ်ကဲရေးမှူးအနေနဲ့ ဗိုလ်မှူးချုပ် မိုးကျော်သူက တာဝန်ယူထားတာပါ။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကတည်းက လောက်ကိုင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ အားလုံးကို MNDAA က ဖြတ်တောက်ထားခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ လောက်ကိုင် ဒ.က.စ နဲ့ နှစ်မိုင်သာဝေးတဲ့ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်က လေးမျက်နှာ ဘုရားကုန်းအထိ MNDAA တပ်ဖွဲ့ က ထိုးဖောက် သိမ်းပိုက်နိုင်ခဲ့တာပါ။

MNDAA အနေနဲ့ လောက်ကိုင်မြို့ ပတ်ပတ်လည်မှာ ကျန်နေတဲ့ ရန်လုံကျိုင်း၊ တာရွှေထန် စတဲ့နေရာတွေကို ဆက်တိုက် သိမ်းယူခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ဝိုင်းပတ်ပိတ်ဆို့ ထားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုပြီး အပြင်းအထန်ကာကွယ်ခဲ့ ပေမယ့် စစ်ကူနဲ့ ရိက္ခာလမ်းကြောင်း အခက်အခဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘက်က ညှိနှိုင်းပြီး အခုလို လက်နက် ချလိုက်တာဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ ရှမ်းပြည် စစ်ရေး လေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

“ဒီဟာက ကျွန်တော်တို့ သုံးသပ်ကြည့်ရတာကတော့ ဒ.က.စ တစ်ခုတည်းရဲ့သဘောနဲ့ လုပ်တာတော့ မဖြစ်နိုင် ဘူးပေါ့နော်။ သူတို့အတွင်းမှာ ညှိနှိုင်းထားတဲ့ ကိစ္စတွေရှိလိမ့် မယ် တပ်ပြန်ဆုတ်ပေးဖို့ကိုလေ။ ဒါလက်နက်တွေ အပ်တယ်ဆိုတာ ဒါပြင်ပသဘောနဲ့ အရပ်သားတွေ အမြင်နဲ့ကြည့်လိုက်ရင် အညံ့ခံတာပေါ့ဗျာ။ ဒါပေမဲ့ ဒီဟာကတော့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီးမှ ဆုတ်တဲ့သဘောလို့ ကျွန်တော်တို့ တွေ့ရတယ်လေ”

လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒ.က.စ) ဟာ အခြေချ တပ်စခန်းဖြစ်တာကြောင့် ပိတ်မိနေတဲ့ ရဲဘော် တွေက တန်ပြန်တိုက်ခိုက်နိုင်ဖို့ မဖြစ်နိုင်တာလို့ စစ်တပ်အရာရှိ ဟောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ အောင်မျိုးက မှတ်ချက်ပေးပါတယ်။

“အဓိက ပွိုင့် ကွမ်းလုံ၊ သိန္နီပေါ့ဗျာ။ ကွမ်းလုံ၊ သိန္နီက အစကတည်းက ကျသွားတဲ့ အခါကျတော့ ဒီဘက်က လောက်ကိုင်ပဲရှိတာ။ ဒ.က.စ ဆိုတဲ့သဘောက အခြေချလေ သူက ရှေ့တန်းမဟုတ်ဘူး။ မိသားစုတွေပါ ရှိတာပေါ့။ အဲတော့ ပြောရမယ်ဆိုရင် ဘယ်လိုလုပ် ဖောက်ထွက်မလဲ။ ဒီအနေအထားမျိုးမှာ တပ်က ရဲဘော်တွေက ရွပ်ရွပ်ချွံချွံ ခုခံရင်တောင်မှ မိသားစုတွေက ရှိနေပြီလေ။ ဒါက ဟိုးအရင်ကတည်းက နေရာချခဲ့တဲ့ မဟာဗျူဟာ အမှားတွေပေါ့နော်။ မဟာဗျူဟာအမှားတွေက အခုကျမှ စုပြုံပြီး ခံစား လိုက်ကြရတာပေါ့နော်။ အဲဒီတော့ ညှိနှိုင်းပြီးတော့ ဖယ်ပေးလိုက်တယ် ဆိုရင်လည်းပဲ တော်သေးတယ်လို့ ပဲ ကျွန်တော်ကတော့ မှတ်ချက်ချမှာပေါ့နော်”

ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းအား ညီနောင်မဟာမိတ်တပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကိုတွေ့ရစဉ်။ (Photo : The Kokang)
ကွမ်းလုံမြို့ စစ်ကောင်စီဗျူဟာကုန်းအား ညီနောင်မဟာမိတ်တပ်ဖွဲ့များ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ခဲ့သည်ကိုတွေ့ရစဉ်။ (Photo : The Kokang)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက် ခံ ခမရ (၁၂၉)တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၉ ဦးအပါဝင် မိသားစုဝင် စုစုပေါင်း ၂၆၂ ဦး ဟာ MNDAA တပ်ဖွဲ့ထံ လက်နက်ချခဲ့ပါတယ်။

မနေ့က လောက်ကိုင် ဒ.က.စ တပ်ဖွဲ့ဝင်တွေ ထပ်မံ လက်နက်ချပြီးနောက်မှာ ကိုးကန့် ဒေသ ချင်းရွှေဟော်မြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ စစ်ကောင်စီလက်အောက်ခံ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ကို မြောက်ပိုင်း ညီနောင် သုံးဖွဲ့က ဒီမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဟိုပန်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သုံးနာရီလောက်ကတည်းက ဝင်လာပြီးတော့ ပစ်ကြခတ်ကြပေါ့။ ပစ်ကြခတ်ကြ ပြီးတော့ ရဲတွေ၊ တပ်တွေ၊ ပြည်သူ့စစ် နောက်ပြီးတော့ တရုတ် ကျားဖြန့်လုပ်တဲ့ အဖွဲ့တွေရှာတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ ပြောမယ်ဆို ရင် ဒီအရပ်သားတွေကတော့ ကိုယ့်အိမ်မှာကို ဈေးရောင်းသူလည်းရောင်း အိမ်မှာနေတဲ့သူလည်းနေပေါ့။ ပန်ကောက် က ဝန်ထမ်းတွေလည်း ပြေးလာပြီ တချို့လည်း “၀” ဘက်ကပေးဝင်မလား၊ မဝင်လား တော့ မသိသေးဘူး ကျွန်တော်တို့လည်း အဆင်သင့်တော့လုပ်ထားတယ်”

ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ဟိုပန်နဲ့ ပန်လုံမြို့ကို UWSA “ဝ” တပ်ဖွဲ့ဝင်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး MNDAA တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးထားတာကိုတွေ့ရတယ်လို့ ပန်လုံဒေသခံတစ်ဦးက ပြောပါတယ်။

ဟိုပန်မြို့မှာလည်း “၀” အလံတွေ စိုက်ထူလိုက်သလို ပန်လုံမြို့မှာလည်း “၀” တပ်ဖွဲ့တွေ က နေရာယူလိုက်ပြီလို့ ဒေသခံက ပြောပါတယ်။

ဟိုပန်၊ ပန်လုံ စတဲ့ဒေသတွေဟာ UWSA “၀” တပ်ဖွဲ့နဲ့ နယ်မြေချင်း ဆက်စပ်နေတာ ကြောင့် MNDAA တပ်ဖွဲ့က အဲဒီဒေသတွေကို သိမ်းပိုက်ပြီး “၀” တပ်ဖွဲ့နဲ့ ညှိနှိုင်းနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) က မုံးကိုးနယ်စပ်ဂိတ်အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ပြန်လည်သိမ်းယူခဲ့သည်ကို ထုတ်ပြန်ထားစဉ်။ (Photo : The Kokang)
ကိုးကန့်တပ်ဖွဲ့ (MNDAA) က မုံးကိုးနယ်စပ်ဂိတ်အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ပြန်လည်သိမ်းယူခဲ့သည်ကို ထုတ်ပြန်ထားစဉ်။ (Photo : The Kokang)

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး MNDAA အနေနဲ့ ရှမ်းမြောက်ဒေသ ချင်းရွှေ ဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း စတဲ့ မြို့တွေကို သိမ်းပိုက်ထားပြီး အခုရက်ပိုင်းမှာ လောက်ကိုင်မြို့ကို အားလုံးနီးပါး ထိန်းချုပ်လိုက်တာလို့လည်း စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

TNLA အနေနဲ့ကတော့ တိုက်ပွဲအတွင်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို သိမ်းပိုက်ထားပြီး ကွတ်ခိုင်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ဒီနေ့အထိ တိုက်ခိုက်နေတယ်လို့ TNLA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီးမိုင်းအိုက်ကျော်က ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းမှာပဲ မိုးမိတ်မြို့မှာရှိတဲ့ စ.က.ခ (၂၁)နဲ့ ခလရ (၂၂၃) တပ်ဖွဲ့ဝင်တွေ အခြေချ တပ်စွဲထားတဲ့ ကျကန်စခန်းကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

မြောက်ပိုင်းညီနောင် သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ အတွင်းက မြို့ ၁၁ မြို့နဲ့ စစ်ကောင်စီတပ်စခန်း အသေးအကြီးပေါင်း နှစ်ရာကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။