နယ်စပ်ဂိတ်တွေ ဖွင့်ထားပေမဲ့ တရုတ်နဲ့ တရားဝင်ကုန်သွယ်မှု မစနိုင်သေး
2024.05.24
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြန်လည်ဖွင့်လှစ်ထားပေမဲ့ စစ်ကောင်စီဘက်က ခွင့်မပြုတာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေဆဲဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ တရားဝင်ကုန်သွယ်ဖို့ကို စစ်ကောင်စီဘက်က သဘောတူညီမှုမရှိသေးလို့ဆိုပြီး တရုတ် အစိုးရဘက်က ကုန်သွယ်ခွင့် မပြုသေးတာလို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောရေး ဆိုခွင့်ရှိသူ သတင်းပြန်ကြားရေးမှူး လွေးယေဦးက RFA ကို ပြောပါတယ်။
“နယ်စပ်ဂိတ်တွေက တရားဝင်ဆိုရင် မူဆယ် ရှိမယ်ပေါ့နော်။ မူဆယ်ကလည်း စစ်ကောင်စီက ခွင့်မပြုတဲ့ အနေအထား ရှိနေတော့ အဲဒါကြောင့်မို့ နမ့်ခမ်းဘက်မှာလည်း တရားဝင်ဖွင့်လို့ မရတဲ့ အနေအထားဖြစ်နေတယ်။ တရုတ်ဘက်ကတော့ စစ်ကောင်စီ သဘောတူမှပဲ ဖွင့်ပေးမယ်ဆိုတဲ့ အနေအထားဖြစ်နေလို့”
နမ့်ခမ်းမြို့ကို သိမ်းပိုက်ထားတဲ့ TNLA တပ်ဖွဲ့က ဧပြီလနောက်ဆုံးပတ်မှာ နမ့်ခမ်း-တရုတ်နယ်စပ် နောင်တောင်း နယ်စပ်ဂိတ်ကို ပြန်ဖွင့်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီ ဂိတ်ကနေ တစ်ပိုင်တစ်နိုင် ကုန်ပို့တာလောက်သာရပြီး တရားဝင်လူဝင်ထွက်ခွင့်ကို တရုတ်နိုင်ငံဘက်က ခွင့်မပြုသေးဘူးလို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။
“တရုတ်က ဖွင့်ချင်တာ။ ဖွင့်ချင်လို့လည်း သူကစပြီးတော့ ဦးဆောင်ပြီး လုပ်နေတာကိုး"
ကိုးကန့်တပ်ဖွဲ့ MNDAA ကတော့ သူတို့သိမ်းပိုက်ထားတဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း) မြို့တွေက နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ မတ်လက ပြန်ဖွင့်ခဲ့ပါတယ်။
ဒါပေမဲ့ မူဆယ် ကျင်စန်းကျော့ နယ်စပ်ဂိတ်နဲ့ မုံးကိုးဒေသ နယ်စပ်ဂိတ်တွေမှာ တရားဝင် လူဝင်လူထွက်ခွင့်ကို တရုတ်နိုင်ငံဘက်က ခွင့်မပြုသေးဘူးလို့ ပန်ဆိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
“ရွှေလီရယ်၊ မန်စီရယ်၊ ပန်ဆိုင်း ဝမ်တိန် သုံးနေရာကို သွားလို့ရမဲ့ ကတ်ကို လုပ်ပေးမယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့လည်း အဲဒါလည်း မသေချာပါဘူး။ သို့လော သို့လောနဲ့ပဲ ဘာမှ အကောင်အထည် မဖော်ပေးသေးပါဘူး။ ပန်ဆိုင်းကနေတော့ မဝင်ဘူး။ မုံးကိုး အပေါက်ကနေတော့ လူတော့ အဝင်အထွက် မလုပ်ခိုင်းဘူး။ ကုန်တွေ အဝင်အထွက် အဲလောက်ပဲ လုပ်ခိုင်းသေးတာ။ မူဆယ် ၁၀၅ မိုင်ကနေ သွားရတဲ့ ကျင်စန်းကျော့ဘက်ကလည်း အဲလိုပဲ ကုန်သမားတွေတော့ သွားကြတယ်။ မရသေးဘူး လူဝင်လူထွက်ကတော့”
အလားတူ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကနေလည်း တရားဝင်ကုန်သွယ်မှု ပုံစံမျိုးမရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က အဲဒီဂိတ်တွေကနေ နှစ်နိုင်ငံ ဒေသထွက်ကုန်တွေ လွတ်လွတ်လပ်လပ် တင်ပို့နိုင်ခဲ့ပေမဲ့ လက်ရှိမှာတော့ အရင်လို မလွယ်ကူတော့ဘူးလို့ နမ့်ခမ်းမြို့ခံ ပီစိုင်းက ပြောပါတယ်။
“ဟိုဘက် ဒီဘက်တော့ ကုန်ကားတွေပဲ သွားလာလို့ ရတယ်။ လူတော့ သွားလာလို့မရဘူး။ ဟိုဘက်က ကားထွက်လာရင် ဒီဘက်လူနဲ့ ပြန်မောင်း ဒီဘက် ကားကုန်သွားချလည်း ဟိုဘက်လူက ပြန်မောင်း အဲလိုပဲ။ လူတော့ အဲဒီ မူဆယ်ဘက်ကနေပဲ ဝင်တယ်။ အဓိက တရုတ်ကိုဝင်တဲ့ ကုန်ပဲများတယ်။ မီးသွေးတို့၊ သတ္တုတို့ ဘာတို့။ တရုတ်ဘက်က ထွက်လာတဲ့ အထွက်ကုန်တွေကတော့ မများဘူး။ တရုတ်ဘက်က စားသောက်ကုန်ပဲထွက်တာ”
ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတာ အခုဆို ခြောက်လနီးပါး ရှိလာပါပြီ။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် AA၊ TNLA၊ MNDAA မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့ မှာပြုလုပ်တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲမှာ အပစ်ရပ်ခဲ့ပြီးနောက်ပိုင်း ရပ်တန့်နေတဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ပြန်စနိုင်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ ပြုလုပ်တဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့တို့ရဲ့ ကူမင်းဆွေးနွေးပွဲမှာလည်း တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်စနိုင်ဖို့ ဆွေးနွေးခဲ့ကြပေမဲ့ တိကျတဲ့ ရလဒ်တော့ မထွက်ခဲ့ဘူးလို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို တရားဝင်ခွင့်မပြုတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူသန်းရောင်းဝယ်ရေးဌာန တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိသလို ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်ခဲ့ရာမှာလည်း တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ စစ်တပ်အရာရှိဟောင်းတစ်ဦးက လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီအကြား နယ်မြေသတ်မှတ်မှုနဲ့ အခွန်အခ ခွဲဝေမှုတွေ ညှိနှိုင်းလို့ မရမချင်း နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွေ တရားဝင်ပြန်စဖို့က လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“တရုတ်က ဖွင့်ချင်တာ။ ဖွင့်ချင်လို့လည်း သူကစပြီးတော့ ဦးဆောင်ပြီး လုပ်နေတာကိုး။ သိန္နီ၊ ကွတ်ခိုင်က သူတို့ လက်ထဲ ရှိနေသမျှ ကာလပတ်လုံး သူတို့ကလည်း ဒါကိုမက်ပြီးလုပ်ကြတာလေ။ ကိုယ့်ကို ပိုက်ဆံယူပြီး သေနတ်နဲ့ ပစ်မဲ့ သူကျတော့ လူထုကလည်း လက်မခံဘူးလေ။ ဘယ်နိုင်ငံမှာမဆို ဂျီတူဂျီ (ဗဟိုအစိုးရ ချင်း ချိတ်ဆက်မှု) ဒါကရှိတာပေါ့နော်။ တန်းတူသတ်မှတ်ပြီးတော့ မဆက်ဆံဘူးလေ။ သွားပြီးတော့ အသိအမှတ် ပြုသလိုဖြစ်သွားမှာပေ့ါ။ အဲတော့ သူတို့က တရားဝင်လုပ်လို့ မရတော့ဘူးလေနော်။ မှောင်ခိုအနေနဲ့ တော့ ရမှာပေါ့ဗျာနော်။ ဒါ့ကြောင့် သူက လုပ်မရတာလေ”
လက်ရှိမှာ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်နဲ့ ကချင်ပြည်နယ် ကန်ပိုင်တီ နယ်စပ်ဂိတ်နှစ်ခုကသာ တရုတ်နဲ့ ကုန်သွယ်မှုပြုနေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အဲဒီလမ်းကြောင်းတွေဟာ လမ်းပန်းဆက်သွယ်ရေး ရှည်လျားတာကြောင့် ကုန်သွယ်ခစရိတ်တွေ ပိုကုန်ကျသလို လာအိုနိုင်ငံထွက်ကုန်တွေနဲ့ပါ ယှဉ်ပြိုင်ရတာကြောင့် မြန်မာကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်ကြရတယ်လို့ မန္တလေးတိုင်းအခြေစိုက် လယ်ယာထွက်ကုန် တင်ပို့တဲ့ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“လာအိုက ထွက်ပေါက်တွေရော၊ ဂိတ်ပေါက်တွေရော လေးငါးခုတိုးလာတယ်လေ။ လာအိုကျတော့ သူက အချိန်မရွေး ဒီ့ပြင်နိုင်ငံတွေက သူ့ဆီကျတော့ အန္တရာယ်မရှိဘူးလေ။ သွားရတာတို့၊ ဂိတ်ပေါက် လာရတာတို့ကျတော့ အဆင်ပြေတဲ့အခါကျတော့ အစ်မတို့ကျတော့ ဒုက္ခနဲ့သွားရတဲ့အခါကျတော့ ဖရဲသီးတွေကမလှ ဆိုတဲ့အခါကျတော့ လာအိုဘက်ကိုလည်း အစ်မတို့ရင်ဆိုင်ရဦးမယ် ဒီနှစ်မှာလေ။ ဒီဂိတ်ပေါက်ကတော့ ဖွင့်ရင် အကောင်းဆုံးပေါ့။ ဒီလွယ်ဂျယ်တို့၊ မူဆယ်တို့ကျတော့ ပိုပြီး သက်သာတယ်လေ ခရီးတိုတယ်လေ”
ကုန်သွယ်မှု အခက်အခဲတွေကြောင့် ပို့ကုန်တင်ပို့ဖို့ အခက်အခဲရှိတာအပြင် တရုတ်ဘက်က စိုက်ပျိုးရေးသုံး ပစ္စည်းတွေပါ အဝင်နည်းတာကြောင့် ဈေးကွက်အတွင်း ဓာတ်မြေသြဇာအပါအဝင် စိုက်ပျိုးရေးသုံးပစ္စည်း ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါကြောင့် ဒီနှစ်မှာ ဖရဲအပါအဝင် လယ်ယာထွက်ကုန်စိုက်ပျိုးတဲ့ တောင်သူအများစု သူတို့လုပ်ငန်းတွေကို ရပ်နားကြဖို့ ပြင်နေတယ်လို့ လယ်ယာထွက်ကုန်တင်ပို့တဲ့ ကုန်သည်တွေက ပြောပါတယ်။
ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကုန်သည်တွေဘက်က ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံ မန်စီကို ကုန်တင်ပို့နိုင်မဲ့ လမ်းကြောင်းအသစ်တွေကို ရှာဖွေနေကြသလို စစ်ကောင်စီဘက်ကလည်း တရုတ်အာဏာပိုင်တွေနဲ့ ဒီရက်ပိုင်းမှာ ညှိနှိုင်းမှုတွေလုပ်ဆောင်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးကနေ တစ်လပျမ်းမျှ အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၉ သန်းရှိပြီး တစ်ရက်ကို အမေရိကန် ဒေါ်လာ ခုနစ်သန်းဖိုးရှိပါတယ်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှာတော့ တစ်လကို အမေရိကန်ဒေါ်လာ ၁ဝဝ ဒသမ ၄၂ သန်းရှိပြီး တစ်ရက် ကို ၃ ဒသမ ၃၄ သန်းရှိခဲ့ပါတယ်။
ဒါကြောင့် အဲဒီနယ်စပ် ကုန်သွယ်ရေးစခန်းနှစ်ခုကနေ နေ့စဉ် ကုန်သွယ်မှုတန်ဖိုး တစ်ရက်ကို အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် နစ်နာနေရတာပါ။
ဒီကိစ္စဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ကုန်ထုတ်လုပ်မှုအပေါ်မှာလည်း ရိုက်ခတ်မှု ရှိနေတာကြောင့် တရုတ်ဘက်ကလည်း ဒီနယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား ကြားဝင်ညှိနှိုင်းဖို့ ကြိုးစားနေတာလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။