စုန်းချောင်းရွာသား ၁၄ ဦး ရက်စက်စွာနှိပ်စက်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံတွေပြော

RFA Burmese
2023.07.24
စုန်းချောင်းရွာသား ၁၄ ဦး ရက်စက်စွာနှိပ်စက်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံတွေပြော စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာတွင် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းမှာရှိတဲ့ စုန်းချောင်းရွာကို ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၂ နာရီ က အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီစီးနင်းမှုအတွင်း အသက် ၁၈ နှစ်အောက် လူငယ်လေးဦး အပါအဝင် အရပ်သားရှစ်ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း လူ ၁၄ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ အရပ်သားရှစ်ဦးဟာ အသက် ၁၈ နှစ်အောက်လူငယ်တွေဖြစ်တဲ့ ကိုလွင်မိုးထွန်း၊ ကိုစိုင်းထူးဆိုင်၊ ကိုနေမင်းထွန်း၊ ကိုဖိုးချစ်၊ အသက် ၃၀ ကျော်အရွယ်တွေ ဖြစ်တဲ့ ကိုနိုင်မင်း၊ ကိုမျိုးမြင့်ဆွေ၊ ကိုဖိုးအောင်၊ ကိုကျော်ဇင်ထွန်းတို့ ဖြစ်ပါတယ်။ သတ်ဖြတ်ခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးကတော့ ကိုမျိုးမြင့်ဦး၊ ကိုကျော်ဦး၊ ကိုရန်နိုင်စိုး၊ ကိုဌေးဇော်၊ ကိုအောင်ဝင်းဆွေနဲ့ ကိုဇော်ဝင်းတို့ ဖြစ်ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ နှိပ်စက်ခံရပြီးမှ သတ်ဖြတ်ခံခဲ့ရတာလို့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စုန်းချောင်းရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

"လူငယ် လေးဦးပါတယ်။ ကျန်တာအလွတ်က ၁၀ ဦးပါတယ်။ ကျောင်းသားတွေ ၁၀ တန်း၊ ၉ တန်းတွေ ၁၅၊ ၁၆ အရွယ်တွေပေါ့။ သုံးဦးက ရွာထဲမှာ မနက်အစောကြီး သတ်ခဲ့တာ။ နောက် ၁၀ ဦးကိုကျတော့ ရွာတောင်ဘက်ခြမ်းမှာ နှစ်ယောက်တစ်တွဲ ပစ်သတ်သွားတာ။ ကျွန်တော်တို့ ကြည့်ရက်စရာကို မရှိဘူး။ မျက်နှာတွေလည်း ရွဲပြဲလို့၊ ရင်အုပ်တွေလည်း သွေးတွေနဲ့ ရဲလို့ ရန်နိုင်စိုးဆိုတဲ့ တစ်ယောက်ဆို ခြေသလုံးမှာ အရေခွံတွေကွာလို့ဗျ။ ကောင်းတဲ့နေရာကို မရှိတာ။ ခေါင်းတွေလည်း အကုန် ပွင့်ထွက်ကုန်တာ။ ပဒေသာပင်လို ဖြစ်နေတာ မျက်နှာက။ ခေါင်းတည့်တည့် နားထင်တွေ ပွင့်ထွက်နေတာ၊ နားထင်ကိုတေ့ပစ်သွားလို့ ဖြစ်မယ်။ ရင်အုပ်တွေ ကိုလည်း သေနတ်ဒင်တွေနဲ့ ထုတာ အကုန်ညိုပုတ်နေတာ"

အဲဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ စုန်းချောင်းရွာကို ရွာတောင်ဘက်ကနေ ဝင်ရောက်စီးနင်းခဲ့ပြီး မနက် ၈ နာရီလောက်မှာ ရွာအနောက်ဘက်က ပြန်ထွက်သွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဝင်ရောက်စီးနင်းခံရတဲ့ အချိန် ၆ နာရီအတွင်းမှာ အပြစ်မဲ့ အရပ်သားတွေအပါအဝင် လူ ၁၄ ဦးထိ သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် ယူကျုံးမရဖြစ်မိတယ်လို့ စုန်းချောင်းရွာမှာ နေထိုင်တဲ့ မဖြုနု (အမည်လွှဲ) က ပြောပါတယ်။

"၆ ခွဲလောက်ကို သေနတ်သံတွေ ကြားရတာ ရွာတောင်ပိုင်းကနေ၊ နဂိုတုန်းကလည်း စစ်ကြောင်းထွက်ရင် အဲဒီလို သေနတ်သံတွေ ကြားရတာဆိုတော့ ပစ်သွားတယ်ထင်တာ။ အခုလည်း အရင်အတိုင်းပဲ ပစ်သွားတယ်ပေါ့။ နောက်မှ လူသေတွေ တွေ့တာ။ ကလေးတွေ သေကြတာ။ ဒီအတိုင်းမိုးပေါ် ထောင်ပစ်တာမဟုတ်ဘဲ ကလေးတွေကို သတ်သွားတာ။ ရက်စက်လွန်းအားကြီးရာကျတာပေါ့လေ။ ပြီးတော့ သူတို့ကို တော်လှန် ပုန်ကန်နေတာ မဟုတ်တဲ့ သူတွေပါ ပါတာဆိုတော့ ပိုပြီးရင်နာစရာကောင်းတယ်။ သေတာကလည်း သက်သက်သာသာ မသေကြရဘူးလေ။ ရုပ်ပျက်ဆင်းပျက်နဲ့ အလောင်းမှန်သမျှ ကြည့်မရလောက်အောင်ကို အခြေအနေမျိုးဆိုတော့ မခံစားနိုင်ကြဘူး"

သေဆုံးသွားတဲ့ အရပ်သားရှစ်ဦးဟာ စုန်းချောင်းရွာ ဒေသခံတွေဖြစ်ပြီး ရုပ်အလောင်းတွေ ကို ရွာမြောက်ဘက်က ကျောက်မှော်ရွာအနီးမှာ ဇူလိုင်လ ၂၁ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ပြောပါတယ်။

"ရက်စက်လွန်းအားကြီးရာကျတာပေါ့လေ။ ပြီးတော့ သူတို့ကို တော်လှန်ပုန်ကန်နေတာမဟုတ်တဲ့သူတွေပါ ပါတာဆိုတော့ ပိုပြီးရင်နာစရာကောင်းတယ်"

စစ်ကောင်စီရဲ့ အာဘော်သတင်းတွေကို ဖော်ပြပေးနေတဲ့ People Media မှာတော့ စုန်းချောင်းရွာက PDF စခန်းကို ဝင်ရောက်စီးနင်းရာမှာ PDF ခုနစ်ဦးသေဆုံးပြီး စစ်လက်နက်တချို့ သိမ်းဆည်းရမိလိုက်တယ်လို့ ဇူလိုင်လ ၂၁ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။

ဒါပေမဲ့ စုန်းချောင်းရွာမှာနေထိုင်တဲ့ ဦးတင်ဦး (အမည်လွှဲ) ကတော့ သူတို့ရွာမှာ PDF စခန်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။

"သူတို့ဘာသာ စွပ်စွဲတာပါ။ ရွာတိုင်းကတော့ ဒီလိုဟာလေးတွေက ရှိကြတာ။ စခန်းရယ်လို့ မရှိဘူး၊ အဖွဲ့ရယ်လို့ မရှိဘူး။ သူတို့ရဲ့ ဘက်တော်သားရှိလို့ ဒီလိုလုပ်သွားတာပဲ။ ပြောရမယ်ဆိုရင် ဒလန်သဘောမျိုးရှိလို့၊ တိုင်သူရှိလို့ ဒီလိုလုပ်သွားတာပေါ့။ PDF စခန်းမရှိဘဲ ဒီလိုလုပ်ရက်လေခြင်းဆိုပြီး မကျိတ်မခဲ ဖြစ်ကြတာ ပြည်သူတွေက"

စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စီးနင်းချိန်က အသက်မသေဘဲ လွတ်မြောက်လာခဲ့တဲ့ ချင်းတွင်း PDF တပ်ဖွဲ့ Chindwin Tiger Force က တပ်ဖွဲ့ဝင်တစ်ဦးကတော့ အဲဒီနေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စကားပြောစက် ပေါက်ကြားရာကနေတစ်ဆင့် ရွာကို အခုလိုဝင်ရောက်စီးနင်းခံခဲ့ရတာလို့ ပြောပါတယ်။

"သူတို့က ကျွန်တော်တို့ရဲ့ icon (စကားပြောစက်) ပေါက်ကြားတာကို သတင်းကြားပြီး ပစ်ခတ်ဖို့ အသင့်စောင့်နေခဲ့တာ။ အဲဒီမှာပဲ ပစ်ခတ်ဖမ်းဆီးပြီးတော့ ကျွန်တော်တို့ရဲ့ ရဲဘော် လေးယောက်က နေရာမှာတင်ကျန်ခဲ့ပြီးတော့ ကျန်တဲ့လေးယောက်ကတော့ ရင်ဘတ်အစမှန်ဒဏ်ရာနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ ကျန်နေခဲ့တဲ့ လေးယောက် ကိုတော့ သုံးယောက်ကို နေရာမှာတင် ညှဉ်းပန်းနှိပ်စက်ပြီး နေရာမှာတင် သတ်ပစ်ထား တယ်။ ကျန်တဲ့ တစ်ယောက်ကို လက်မောင်းထိမှန်ဒဏ်ရာနဲ့ အိမ်တချို့ကို လိုက်ပြခိုင်းတယ်။ ရွာထဲကို ရောက်နေတဲ့အချိန် ကင်းသမားက လုံးဝကို မသိပါဘူး။ သူတို့က ပ.က.ဖ ခေါင်းဆောင် အိမ်မှာပဲ စားသောက်ပြီး တစ်နာရီကျော်ကြာအောင် ရောက်နေခဲ့တာ။ မသိပဲ သွားလိုက်တဲ့အခါမှာ ပစ်ခတ်ဖမ်းဆီးခံရတာပဲ"

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာတွင် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာတွင် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ် ခဲ့တာကြောင့် ပြန်လည်ခုခံချိန် မရဘဲ၊ ဒေသခံတွေကို ဘေးကင်းရာနေရာကို ရွှေ့ပြောင်းနိုင်ဖို့သာ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရုတ်တရက်ဝင်ရောက်လာတဲ့ စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ချိန်မရဘဲ ဖမ်းဆီးခံရတဲ့ ဒေသခံ ၃၀ ကျော်ကိုတော့ စစ်ကြောင်းထွက်သွားတဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စုန်းချောင်းကျေးရွာသားတွေကတော့ ဆိုးရွားတဲ့ သတ်ဖြတ်မှု ဖြစ်ရပ်ကြောင့် ရွာထဲကို မပြန်ရဲကြသေးဘူးလို့လည်းပြောပါတယ်။

စုန်းချောင်းရွာဟာ အနောက်ရွာ၊ မြောက်ရွာ၊ တောင်ရွာနဲ့ အလယ်ရွာဆိုပြီး လေးရွာရှိပြီး အိမ်ခြေပေါင်း နှစ်ထောင်ကျော်နဲ့ လူဦးရေ ခုနစ်ထောင်ကျော် နေထိုင်ပါတယ်။ ကျေးရွာသားအများစုဟာ တောင်ယာလုပ်ငန်းနဲ့ အဓိက အသက်မွေးဝမ်းကျောင်း ပြုကြတာလည်းဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးတဲ့ အရပ်သား ၃,၈၁၉ ဦး ရှိလာပြီလို့ ဖော်ပြထားပါတယ်။

စုန်းချောင်းရွာ သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒီနေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။