စစ်တပ်ကို စွန့်ခွာထွက်ပြေးတဲ့ စစ်သည် နှစ်ထောင်ကျော်ရှိ

2022.01.20
စစ်တပ်ကို စွန့်ခွာထွက်ပြေးတဲ့ စစ်သည် နှစ်ထောင်ကျော်ရှိ ကရင်ပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ၂၀၂၁ ဧပြီ ၇ ရက်‌နေ့က တွေ့ရစဉ်
Photo: AFP

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခု ဇန်နဝါရီ လလယ်အထိ တစ်နှစ်နီးပါး ကာလအတွင်း စစ်တပ်ကိုစွန့်ခွာပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံ လာရောက်ပူးပေါင်းသူ အရေအတွက် ၂၂၀၀ ရှိနေပြီလို့ CDM စစ်သည်တွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ နှစ်ထောင်ကျော်အနက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ၆၀ ကျော်၊ ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းပြည်နယ် ကာကွယ်ရေးတပ်တွေထံ ၂၀ ကျော်၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထံ ၅၀၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ထံ ငါးဦး လက်နက်နဲ့အတူ လာရောက်ပူးပေါင်းခဲ့ပြီး ကျန်အများစုက NUG ထံ ဆက်သွယ်ခိုလှုံလာတာ ဖြစ်ပါတယ်။

NUG အနေနဲ့ကတော့ စစ်တပ်ကို စွန့်ခွာသူတွေ အလုံးအရင်းနဲ့ တိုးလာဖို့ ရည်မှန်းထား တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်အင်အားတွေ ပိုမိုတောင့်တင်းလာမယ်။ စစ်ပွဲမှာ ရလဒ်ကောင်းတွေ အခုထက်ပိုပြီး ဖော်ဆောင်လာတာနဲ့အမျှ တပ်ကနေထွက်လာတဲ့ စစ်သားအရေအတွက် ပိုပြီးများလာမယ်ဆိုတာ သေချာပါတယ်။ အတိုင်းအတာ တစ်ခုကို ရောက်ရင် ဒီနှုန်းက ဖြေးဖြေးချင်း တိုးတက်နေရာကနေ တမဟုတ်ချင်း ဂယက်နဲ့ပြောရင် ရုတ်တရက် ထောင်တက်သွားတဲ့ အနေအထားမျိုးအထိ ဖြစ်လာ နိုင်ပါတယ်။ ဒီလိုမျိုး ဖြစ်လာဖို့လည်း အနေအထားတွေက များစွာရှိပြီး ဖြစ်ပါတယ်”

လက်ရှိမှာ စစ်တပ်ကို စွန့်ခွာလာသူတွေအတွက် လုံခြုံရေးနဲ့ စားဝတ်နေရေး အခြေခံ လိုအပ်ချက်တွေ စီစဉ်ပေးထားရုံမက ပြည်သူတွေထံက ရရှိတဲ့ အလှူငွေတွေကို CDM စစ်သည်တွေအတွက် အသုံးပြု ကူညီပေးနေတယ်လို့လည်း ဦးနိုင်ထူးအောင်က ဆိုပါတယ်။

စစ်တပ်ကို စွန့်ခွာသူတွေများလာရင် အာဏာသိမ်းပြီး လက်နက်အင်အားနဲ့ တိုင်းပြည်ကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီကို ဖရိုဖရဲ ဖြစ်စေလိမ့်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုနိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီး က ပြောပါတယ်။

အခု ၂၀၂၂ ခုနှစ်အတွင်း KNU ဘက်က ခုခံစစ်ကနေ ထိုးစစ်အသွင် ပြောင်းဖို့ရှိတာကြောင့် စစ်တပ်ကို စွန့်ခွာသူ အရေအတွက် ပိုများလာလိမ့်မယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

“စစ်ရေးအနေအထား တစ်ခုက ကျွန်တော်တို့ဟာ အခု ခံစစ်အနေအထားပဲ ရှိနေသေး တယ်။ ဒါပေမဲ့ ဒီခံစစ်ကို ကျွန်တော်တို့ တစ်သက်လုံး ခံစစ်လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ ပြောထားတဲ့အတိုင်း ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်မှာတော့ ကျွန်တော်တို့ ခံစစ်ကနေ တစ်ဘက်ကိုပြောင်းဖို့ ကျွန်တော်တို့ လုပ်ကိုလုပ်ရတော့မယ်။ အဲဒီကနေမှ ရှေ့တန်းမှာရှိနေတဲ့ တပ်တွေရဲ့ အနေအထားက ထိခိုက်ဆုံးရှုံးမှုတွေ စိတ်ဓာတ် ပျက်ယွင်းမှုတွေ ဖြစ်လာလိမ့်မယ်။ အဲဒီကနေ တဆက်တည်းမှာပဲ စွန့်ခွာလာတဲ့ အရေအတွက်တွေဟာ ပိုပြီးများပြားလာမယ် ဆိုးဝါးလာမယ်ဆိုတာ ဘယ်လိုမှ ရှောင်တိမ်းလို့မရတဲ့ အနေအထားဆိုတာ ကျွန်တော်တို့သိထားတယ်”

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်သည် နှစ်ထောင်ကျော် ဆိုတဲ့အချက်ကို ငြင်းဆိုလိုက်ပြီး၊ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေထံ ပူးပေါင်းသွားသူ အနည်းအကျဥ်းတော့ ရှိကောင်းရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်ပြောချင်တာကတော့ မဟုတ်ဘူးလို့ဘဲ ပြောချင်ပါတယ်၊ ကျွန်တော် ခဏ ခဏလည်း ပြောပြီးဖြစ်ပါတယ်။ တချို့ကတော့ ယခင်ကအတိုင်း ခွင့်မဲ့ပျက်ကွက်သူတွေ ရှိပါတယ်။ အခုချိန်မှာတော့ ယခင်ကတည်းက ပျက်ကွက်နေသူတွေကလည်း CDM ဆိုပြီး ရောချတာပေါ့ဗျာ၊ ဒါမျိုးတွေတော့ ရှိနိုင်ပါတယ်။ အင်အားချိနဲ့မလား ပြိုကွဲမလား ဆိုတာကတော့ အခု မြင်နေတဲ့အတိုင်းပါပဲဗျာ။ တပ်ထဲကို အခုချိန်ထိ ဝင်ရောက်သူတွေ လည်း ရှိပါတယ်။ ပြီးရင် ယခင် အင်အားအတိုင်းပဲ ရှိနေတာ ဖြစ်ပါတယ်။ အခုချိန်မှာ ယခင်ခွင့်မဲ့ ပျက်ကွက်တာကို CDM ဆိုပြီး ရောချနေတာတွေ ရှိပါတယ်။ တချို့လည်း လုပ်သွားတဲ့သူတွေ မရှိဘူးလားဆိုတော့ အနည်းအကျဥ်းတော့ ရှိပါတယ်”

cdm soldiers
(CDM ဝင်ထားတဲ့ စစ်သား၊ စစ်သမီးတွေကို တွေ့ရစဥ်) Photo: People's Embrace

ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောဆိုနေပေမယ့် လက်ရှိ တပ်ရင်းတပ်ဖွဲ့တွေထဲမှာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ဒီမိုကရေစီအင်အားစုတွေဘက် ကူးပြောင်းသူ များလာမှာကို စိုးရိမ်တဲ့အတွက် တပ်တွင်း အပြင်ထွက်ခွင့်ကို ကန့်သတ်ထားတဲ့အပြင် ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

နိုင်ငံတစ်ဝန်းက (PDF) တွေအနေနဲ့ ခေတ်မီလက်နက်တွေသုံးပြီး နည်းဗျူဟာကျကျ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နိုင်မယ်ဆိုရင် စစ်တပ်ပြိုကွဲတဲ့အထိ စွန့်ခွာသူ အရေအတွက် ပိုများလာနိုင်တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး လင်းထက်အောင်က ခန့်မှန်းပါတယ်။

“အခုနောက်ပိုင်းကတော့ စစ်ရေးဆိုင်ရာ ရှုံးနိမ့်မှုတွေနဲ့ သူတို့ရဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စ တွေကြောင့် အခုလို စွန့်ခွာလာ ကြတယ်လို့ပြောလို့ရပါတယ်။ PDF တွေ စစ်ကောင်စီကို ကောင်းကောင်းကို ဒုက္ခပေးနိုင်တယ်။ စစ်ကောင်စီဘက်က အကျအဆုံး များလာတာ လည်း ကျွန်တော်တို့သိရတယ်။ တဖြေးဖြေးနဲ့ PDF တွေ ဒီထက်ပိုပြီးအား ကောင်းဖို့ လိုသေးတယ်။ စစ်တပ်ပြိုကွဲဖို့ဆိုရင်ပေါ့။ တပ်တွေ စုစုစည်းစည်းနဲ့ နည်းဗျူဟာ ကောင်းကောင်းနဲ့ စနစ်တကျ တပ်အင်အားကို ကောင်းကောင်းမွန်မွန် ထိထိ ရောက်ရောက် အသုံးချနိုင်မယ်ဆိုရင် တပ်ပြိုကွဲဖို့ အထိ ဖြစ်လာနိုင်ပါတယ်"

စစ်တပ်ကို စွန့်ခွာလာသူတွေထဲမှာ ရာထူးအနေနဲ့ ဘယ်အဆင့်ထိ ပါဝင်တယ်ဆိုတာကို စာရင်းပြုစုနေဆဲဖြစ်လို့ လောလောဆယ် အသေးစိတ် မပြောနိုင်သေးဘူးလို့ ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

"ဒီနှစ်မှာတော့ ကျွန်တော်တို့ ခံစစ်ကနေ တစ်ဘက်ကိုပြောင်းဖို့ ကျွန်တော်တို့ လုပ်ကိုလုပ်ရတော့မယ်။"

လက်နက်နဲ့ လူအင်အားမမျှပေမယ့် မကွေး၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်ဘက်မှာ ခုခံစစ်တွေ မြင့်တက်လာတာမို့ NUG ကသာ PDF တွေကို လက်နက်ထောက်ပံ့ နိုင်မယ်ဆိုရင် စစ်တပ် အင်အား ချိနဲ့ပြီး တပ်တွင်းစည်းလုံးမှု ပြိုကွဲတဲ့ အနေအထားကို‌ ရောက်လာနိုင်တယ်လို့ ခန့်မှန်းသူတွေလည်း ရှိနေပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး ကတော့ အခုချိန်မှာ စစ်တပ်ကို စွန့်ခွာသူတွေရှိနေပေမယ့် တပ်ရင်း တပ်ဖွဲ့အလိုက် ကူးပြောင်းတာမျိုး ရှိမှသာ စစ်တပ်တစ်ခု ပြိုကွဲတာမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“တခြားနိုင်ငံတွေရဲ့ ပဋိပက္ခတွေမှာလည်း တိုင်းပြည်ကို အုပ်ချုပ်ထားတဲ့ အာဏာပိုင် တပ်ကနေ အတိုက်အခံဘက်ကို ပြောင်းပြီး အတိုက်အခံဘက်ကနေ ပြန်လည်တိုက်ခိုက် တာတွေ ဖြစ်လာတဲ့အခါ တပ်မတော်တစ်ခုရဲ့ စွမ်းရည်က အများကြီး သွားထိခိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဓိက ကြည့်တဲ့အချက်အလက်က Unit level ပေါ့၊ Unit ဆိုတာက တပ်ရင်းလိုက် တပ်စုလိုက် တပ်ခွဲလိုက် တစ်ဘက်ကိုပြောင်းပြီး ပူးပေါင်းလိုက်တဲ့ ဟာမျိုးက ကိန်းညွှန်းတွေ အရဆိုရင် ပိုပြီး တိကျတယ်။ အဲလိုအချိန်တွေမှာ ဆိုရင်တော့ ချိန်ခွင်လျှာက အပြောင်းအလဲတွေ ဖြစ်တာပေါ့ဗျာ။ အဲလို အစုအဖွဲ့ Level နဲ့ ဖြစ်တာမျိုး ကိုတော့ အခုချိန်မှာ ကျွန်တော်တို့ ထင်ထင်ရှားရှား မတွေ့ရသေးဘူး”

စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်ပြီး ဖွဲ့စည်းပုံပျက်လောက်တဲ့အထိ စစ်သည် အများ အပြား ထွက်ပြေးတာမျိုးတွေနဲ့ ခေါင်းဆောင်ပိုင်းမှာ ကြီးမားတဲ့ နိုင်ငံရေး အယူအဆ ကွဲလွဲမှုတွေကနေ တပ်ရင်းအလိုက် ဘက်ပြောင်းတာမျိုးတွေ ဖြစ်လာမှသာ စစ်တပ် ပြိုကွဲနိုင်ခြေရှိတယ်လို့ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။