စစ်ကောင်စီ ဒုဥက္ကဋ္ဌ တရုတ်ခရီးစဉ် နှစ်နိုင်ငံနယ်စပ်တည်ငြိမ်ရေး ထည့်သွင်းဆွေးနွေး
2024.07.08

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဇူလိုင်လ ၆ ရက်နေ့က တရုတ်နိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။
တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့မှာ ဇူလိုင်လ ၈ ရက်ကနေ ဇူလိုင်လ ၉ ရက်နေ့အထိ ကျင်းပနေတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ဖိုရမ်ကို တက်ရောက်နေတာပါ။
မနေ့ကတော့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စ ရှန်ယွဲ့ယွဲ့ (Ms.Shen Yueyue) အဖွဲ့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ စီမံကိန်းလုပ်ငန်းတွေအတွက် လုံခြုံရေးအပြည့်အဝရရှိရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီ ဒုဥက္ကဋ္ဌရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာအောင် ကြိုးစားနေတာလို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
"တရုတ်က မြောက်ပိုင်းအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးလုပ်တော့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် ကြိုးစားနေတာပေါ့။ အဲဒါကြောင့် စစ်ကောင်စီနဲ့ တော်တော်ကို ခဏခဏ ဆက်ဆံနေတာဖြစ်မှာပေါ့၊ အဲဒါပါပဲ။ သူ့မဟာဗျူဟာအောက်ကနေလုပ်နေတဲ့ ကိစ္စတွေပါ။ တရုတ်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်အောင် တွန်းအားပေးနေတာပဲ"
အခုကျင်းပနေတဲ့ ဖိုရမ်ဟာ လုံခြုံရေးနဲ့ အကြမ်းဝါဒ ပပျောက်ရေး စီမံကိန်းအတွက် တရုတ်နိုင်ငံက ဥက္ကဋ္ဌ ပြုလုပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးမဲ့ သာမာန်ဆွေးနွေးပွဲတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌရဲ့ ခရီးစဉ်အတွင်း မြန်မာပြည်တွင်းစစ်ပြဿနာနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေးတာတွေ ရှိနိုင်တယ်လို့ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသနဲ့ မန္တလေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာပါ။
ဒီတိုက်ပွဲတွေ စတင်ဖြစ်ပွားချိန်ကတည်းက တိုက်ပွဲတွေရပ်ဖို့ တရုတ်ဘက်က ဖိအားပေးတာတွေ ရှိနေတယ်လို့ ဒီစစ်ဆင်ရေးမှာပါဝင်နေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောပါတယ်။
"လက်ရှိကလည်း ကျွန်မတို့ ဖော်ဆောင်နေတဲ့ ၁၀၂၇ အပိုင်းနှစ်မှာလည်း တရုတ်ဘက်ကနေ ကျွန်မတို့ ဗဟိုကို ဆက်သွယ်ပြီးတော့ ဖိအားပေးနေတာတွေလည်း ရှိတယ်ပေါ့နော်။ အခုဆိုရင် တရုတ်အစိုးရ ဖိအားပေးနေတဲ့ ကြားထဲကနေ ကျွန်မတို့တိုက်ပွဲ ဖော်ဆောင်နေတာ ဖြစ်တယ်။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲ၊ မဖြစ်လာနိုင်ဘူးဆိုတာ မသိသေးဘူး။ ပြောလို့လည်း မရသေးဘူး"
အခု စစ်ကောင်စီ ဒုဥက္ကဋ္ဌရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့တော့ လေ့လာသုံးသပ်နေဆဲဖြစ်တာကြောင့် တစ်စုံတစ်ရာ မှတ်ချက်မပေးလိုသေးကြောင်း TNLA တပ်ဖွဲ့ကပြောပါတယ်။
"အခုဆိုရင် တရုတ်အစိုးရ ဖိအားပေးနေတဲ့ ကြားထဲကနေ ကျွန်မတို့တိုက်ပွဲ ဖော်ဆောင်နေတာ ဖြစ်တယ်။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲ၊ မဖြစ်လာနိုင်ဘူးဆိုတာ မသိသေးဘူး"
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ နမ့်ခမ်း၊ ချင်းရွှေဟော်နဲ့ လောက်ကိုင် မြို့တို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းယူခဲ့ပြီး လက်ရှိမှာလည်း မန္တလေး-မူးဆယ် ကုန်သွယ်ရေးလမ်းမကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အခု စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌရဲ့ ခရီးစဉ်တွေမှာ တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ဆွေးနွေးတာတွေ ရှိနိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ကြပါတယ်။
ဒါပေမဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ မနေ့က တွေ့ဆုံဆွေးနွေးမှုအထိ ထူးခြားမှုကို မတွေ့ရသေးဘူးလို့ ပြောပါတယ်။
"ရှန်တောင်းပြည်နယ်က တာဝန်ရှိသူတွေနဲ့ပဲ တွေ့တဲ့အခါကျတော့ ပေါ်လစ်ဗျူရိုတို့ ဘာတို့နဲ့ ဗဟိုအလုပ်အမှုဆောင်တို့နဲ့ တွေ့တယ်ဆိုရင်တော့ တစ်မျိုးတစ်မည် စဉ်းစားလို့ရတယ်။ အခုကျတော့ ဘယ်လိုမှစဉ်းစားလို့ မရဘူး။ အဲဒါကြောင့်မိုလို့ ဘာမှမဟုတ်ဘူး ဖိတ်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မသွားနိုင်ဘူး။ ဒါကြောင့်မိုလို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို လွှတ်တယ်ဆိုတဲ့ အဆင့်လောက်ပဲ။ ဘာမှထူးခြားတဲ့ ပြောင်းလဲမှု မဖြစ်နိုင်ဘူး"
ပြီးခဲ့တဲ့ ဇွန်လကုန်မှာလည်း သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်အစိုးရ ဖိတ်ကြားမှုနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက် ထုတ်ပြန်တဲ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တရုတ်နိုင်ငံ ပေကျင်းမြို့က နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ကတော့ စစ်ကောင်စီကို တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုစေလိုကြောင်း ပြောပါတယ်။
"ဘယ်လိုပုံစံနဲ့ပဲ တွေ့ဆုံ တွေ့ဆုံ၊ ပြည်သူ့အစိုးရဆီက တရားမဝင် အာဏာလုယူထားတဲ့ စစ်အုပ်စုကို တရားဝင်မှု ပေးသလိုမျိုး မသက်ရောက်စေဖို့ တောက်လျှောက် ဆောင်ရွက်နေခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ ဒီအတိုင်းပါပဲ"
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ ဟိုင်ဂင်သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစလို့ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြယ်ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။