စင်္ကာပူက စစ်ကောင်စီကို ဘဏ္ဍာရေးပိတ်ဆို့ဖို့လိုအပ်

မောင်သစ်ဆင်း ( ဝါရှင်တန်ဒီစီ )
2022.04.05
စင်္ကာပူက စစ်ကောင်စီကို ဘဏ္ဍာရေးပိတ်ဆို့ဖို့လိုအပ် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော MyTel - First Call Announcement အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့စဉ်။
Photo: Myanmar Military

မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ဘဏ္ဍာရေးစီးဆင်းမှုလမ်းကြောင်းတွေကို နိုင်ငံတကာက ပိတ်ဆို့ထိန်းချုပ်ဖို့ဆိုရင် စင်္ကာပူရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါလိမ့်မယ်လို့ ဒစ်ပလိုမက် သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ မဟာဗျူဟာနဲ့နိုင်ငံတကာလေ့လာရေးဌာန CSIS ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က အွန်လိုင်းကတဆင့် ကြီးမှူးကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Derek Chollet က အမှာစကား ပြောကြားခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီနဲ့ အနီးကပ်ဆက်သွယ်မှုရှိတဲ့ လူပုဂ္ဂိုလ် ၆၅ ဦးနဲ့ လုပ်ငန်း ၂၆ ခုကို ပိတ်ဆို့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့မှာပဲ စင်္ကာပူမှာ လူကြိုက်များတဲ့ Straits Times သတင်းစာကလည်း အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Derek Chollet ရဲ့သဘောထားအမြင် ဆောင်းပါး တစ်စောင်ကို ဖော်ပြခဲ့ရာမှာ အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် လက်နက်ရရှိမှု ပစ်မှတ်ထား ကန့်သတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရန်ပုံငွေရရှိမှုကို တားဆီးထိန်းချုပ်ပေးဖို့၊ အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Derek Chollet က စင်္ကာပူအစိုးရကို အကူအညီတောင်းခံခဲ့တာ ဒါဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း Derek Chollet က အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတွေ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနဲ့အတူ စင်္ကာပူအစိုးရ အရာရှိတွေနဲ့တွေ့ဆုံခဲ့ပြီး စင်္ကာပူရဲ့ ဘဏ္ဍာရေးဆိုင်ရာ အထူးဆောင်ရွက်မှုအဖြစ် မြန်မာပြည်သူတွေကိုယ်စား စစ်ကောင်စီကို ဖိအားပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက အမေရိကန်လွှတ်တော်နဲ့ ဂျိုးဘိုင်ဒင်အစိုးရက မြန်မာစစ်တပ်အပေါ် ကျန်ရှိနေသေးတဲ့ ဘဏ္ဍာရေးစီးဆင်းမှုနဲ့ တခြားအကူအညီတွေကို ဖြတ်တောက်လိုက်ပြီး ပိတ်ဆို့အရေးယူမှုတွေကိုလည်း တိုးမြှင့်လိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ အပ်နှံထားရှိတဲ့ မြန်မာအစိုးရရန်ပုံငွေ ဒေါ်လာတစ်ဘီလီယံနီးပါးကိုလည်း ထိန်းချုပ်လိုက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး‌ကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်‌ခေါင်းဆောင်တွေနဲ့ ဆက်နွယ်ပတ်သက်တဲ့ ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့လိုက်ပါတယ်။

hwo6deA_1_20180609_090234_7864915.jpg
(၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော MyTel - First Call Announcement အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့စဉ်။ Photo: Myanmar Military)

ဒါပေမဲ့ စစ်တပ်ဟာငွေကြေးတွေကို တခြားနိုင်ငံတွေကနေ ရယူနေတာတွေရှိပြီး အထူးသဖြင့် စင်္ကာပူနိုင်ငံက ရယူနေတာရှိပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာလိုပဲ စင်္ကာပူဘဏ်ဥပဒေရဲ့ အခန်း ၄၇ မှာလည်း စင်္ကာပူဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းတွေဟာ သူတို့ဝန်ဆောင်မှု ပေးနေသူတွေရဲ့ ပုဂ္ဂလိက သတင်းအချက်အလက်တွေကို ကာယကံရှင်ရဲ့ သဘောတူညီမှု မရဘဲ မထုတ်ဖော်ရပါဘူး။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း စင်္ကာပူနဲ့ မြန်မာ စီးပွားရေးချိတ်ဆက်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ စင်္ကာပူက တရုတ်ကိုကျော်လွန်ပြီး အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေမှာ မြန်မာ့အကြီးဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။အလုပ်ရုံတွေက မြန်မာနိုင်ငံတွင်းမှာရှိပြီး ရုံးခန်းတွေကို စင်္ကာပူမှာ ထားရှိသလို ငွေကြေးကိစ္စကို စင်္ကာပူ ဘဏ်တွေက ဆောင်ရွက်ပေးနေတာပါ။

မြန်မာနိုင်ငံတွင်းက ကုမ္ပဏီတွေကတော့ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေလေ့ရှိပါတယ်။အဲဒီကုမ္ပဏီတွေရဲ့ ပိုင်ရှင်တွေထဲမှာ စစ်ကောင်စီ အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ လေတပ်အကြီးအကဲ မောင်မောင်ကျော်၊ မြန်မာနဲ့ မြောက်ကိုရီးယား အကြား လက်နက်အရောင်းအဝယ်ဆောင်ရွက်ပေးနေတဲ့ STE Global Trading ကုမ္ပဏီပိုင်ရှင် ဦးထွန်းလှိုင်တို့ ပါဝင်ကြောင်း ဒစ်ပလိုမက် သတင်းက ဖော်ပြပါတယ်။

အိမ်နီးချင်း အာဆီယံနိုင်ငံအများစုမှာထက် မြန်မာနိုင်ငံမှာ စင်္ကာပူက ပိုပြီးဩဇာရှိနေပါတယ်။ စင်္ကာပူ ဘဏ်စနစ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင့်ကလည်း မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုရဲ့ ထိရောက်တဲ့ အကျိုးကို တွက်ဆနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ စင်္ကာပူနဲ့ မြန်မာကြား မသင်္ကာဖွယ် ငွေကြေးအလွှဲအပြောင်းတွေကို သတိနဲ့စောင့်ကြည့်ကြဖို့ စင်္ကာပူဘဏ္ဍာရေး အာဏာပိုင်အဖွဲ့က ဆော်ဩထားပါတယ်။ဒါပေမဲ့ စင်္ကာပူမှာ မြန်မာကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေဆီက သိသာထင်ရှားတဲ့ ငွေကြေးပမာဏ အလွှဲအပြောင်းတွေ မတွေ့ရကြောင်းလည်းပြောဆိုပါတယ်။

ဒီအတွင်း အမေရိကန်အစိုးရကလည်း မြန်မာအပေါ် နိုင်ငံတကာအတိုင်းအတာနဲ့ အရေးယူဖို့ စင်္ကာပူကို ဆက်လက် ဖိအားပေးနေမှာ ဖြစ်ပေမယ့် မြန်မာစစ်တပ်ကတော့ အပြောင်းအလဲကို ဆက်လက် ငြင်းဆိုနေဦး မှာဖြစ်ကြောင်း ဒစ်ပလိုမက်သတင်းက ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။