ရွှေပြည်သာ တရုတ်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ နစ်နာကြေးရဖို့ တောင်းဆို
2023.10.05

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက တရုတ်နိုင်ငံသားပိုင် Hong Miao Garment အထည်ချုပ်စက်ရုံမှာ အပ်ထည်တွေ မရှိတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာလကစလို့ စက်ရုံကိုပိတ်လိုက်တာကြောင့် အဲဒီစက်ရုံမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမား ၂၅၀ ကျော်က နစ်နာကြေးကို တစ်ခါတည်းပေးဖို့ အောက်တိုဘာလ ၃ ရက်ကတည်းက စက်ရုံအနီးမှာ ညအိပ် တောင်းဆိုနေကြပါတယ်။
နစ်နာကြေးတွေ မပေးခင်မှာဘဲ စက်ရုံပစ္စည်းတွေကိုပါ အခြားနေရာတွေကို ရွှေ့ပြောင်းနေတာကြောင့် အခုလိုတောင်းဆိုရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ HONG MIAO GARMENT အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ လက်ရှိစောင့်နေတာတောင်မှ ပစ္စည်းတွေ သယ်နေတာ။ ဒီစက်ရုံဂိုထောင်က အပိုင်မဟုတ်ဘူး။ ငှားထားတာ။ ၂၆ ရက်နေ့မှာ အကုန်လုံး ပေးမယ်ဆိုရင် မသေချာဘူး။ စက်ရုံကလည်း ပိတ်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က စောင့်သင့်သလောက် စောင့်မယ် ဥပဒေပါအတိုင်း။ အထက် (ဌာနဆိုင်ရာ) လူကြီးတွေဆီကိုလည်း အကြောင်းကြားပြီးပြီ။ သူတို့က လုပ်ပေးမယ်လို့ပြောပေမယ့် ဒီနေ့မှာတော့ ဖြစ်မလာသေးဘူး”
Hong Miao Garment အထည်ချုပ်စက်ရုံဟာ ဂျပန်အခြေစိုက် အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Field Core အမှတ်တံဆိပ်ကို တစ်ဆင့်ခံ လက်ခစားစနစ်နဲ့ အပ်ထည်ယူပြီး ချုပ်နေတာပါ။ ဒီစက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလက စတင်လည်ပတ်နေတဲ့ စက်ရုံဖြစ်တယ်လို့လည်း စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံက ပိတ်ထားတဲ့အတွက် ညီမတို့ကို တစ်ခါတည်း လျော်ကြေးပေးစေချင်တယ်”
Hong Miao Garment စက်ရုံပိုင်ရှင် Mr Wang Yi Feng ကတော့ စက်ရုံအလုပ်သမား ၃၇၄ ဦးအတွက် လူမှုထောက်ပံ့ကြေး၊ နစ်နာကြေးနဲ့ လုပ်သက်ခွင့် ကျန်ငွေတွေကို နို့တစ်ကြေညာချိန်ကနေ တစ်လပြည့်တဲ့ လာမယ့် အောက်တိုဘာလ ၂၆ ရက်မှာ ပေးချေသွားမယ်လို့ အောက်တိုဘာလ ၃ ရက်က ထုတ်ပြန်ထားပါတယ်။ လူမှုထောက်ပံ့ကြေးအဖြစ် လုပ်သက် တစ်နှစ်အထက်ရှိတဲ့ ကိုယ်ဝန်ဆောင် အလုပ်သမား ခြောက်ဦးကို တစ်သိန်းကျပ်စီနဲ့ လုပ်သက် တစ်နှစ်အောက် ကိုယ်ဝန်ဆောင် ငါးဦးကိုတော့ ကျပ်ငါးသောင်းစီ ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ လုပ်သက် တစ်လအထက်ကနေ သုံးလအထိ အလုပ်သမားတွေကိုလည်း ကျပ်တစ်သောင်းစီနဲ့ လုပ်သက် သုံးလကနေ ခြောက်လအထိ ရှိတဲ့အလုပ်သမားတွေကို ကျပ်တစ်သောင်းခွဲစီ အသီးသီးပေးမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အလုပ်သမားတွေဘက်ကတော့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကို လူမှုထောက်ပံ့ကြေး ငွေကျပ် ငါးသိန်းစီပေးဖို့နဲ့ အလုပ်ရပ်စဲတဲ့ နစ်နာကြေးတွေကို အောက်တိုဘာလ ၂၆ ရက်အစား အခုရက်ပိုင်းအတွင်း ထုတ်ပေးဖို့ တောင်းဆိုနေကြတာပါ။
စက်ရုံဘက်က အလုပ်ရပ်စဲ နစ်နာကြေးပေးတဲ့ အခြေအနေဟာ မျှတမှု မရှိသလို လုပ်သက် ခြောက်လအောက် အလုပ်သမားတွေနဲ့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေအတွက် နစ်နာမှုတွေ ရှိတယ်လို့ စက်ရုံအလုပ်သမား တစ်ဦးက RFA ကိုပြောပါတယ်။
“လုပ်သက် ခြောက်လ မပြည့်တဲ့ဝန်ထမ်းတွေ။ ကိုယ်ဝန်ဆောင် မိခင်တွေ နစ်နာမှုရှိတယ်။ ခြောက်လ မပြည့်တဲ့လူတွေကျတော့ ဥပဒေအတိုင်း သွားတော့ ဘာနစ်နာမှုမှ ခံစားခွင့်မရှိဘူး။ ကိုယ်ဝန်ဆောင် မိခင်တွေကျတော့လည်း ကျွန်တော်တို့ သက်မှတ်ထားတဲ့ ငါးသိန်းပေါ့လေ။ စက်ရုံဘက်က ဘာမှမလုပ်ပေးထားဘူး။ သူတို့ သတ်မှတ်တာက ငါးသောင်းနဲ့ တစ်သိန်းဆိုပြီး သတ်မှတ်ထားတယ်။ ခြောက်လအောက်က ငါးသောင်းနဲ့ တစ်နှစ်ပြည့်တဲ့သူကို တစ်သိန်းပေးမယ်တဲ့ ဗိုက်ကြီးသည်တွေကို။ အဆင်မပြေဘူးလေ။ အဲဒါကြောင့် စုပေါင်း တောင်းဆိုမှုလုပ်နေပါတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမား အရေးကူညီပေးသူ တစ်ဦးကတော့ Hong Miao Garment အထည်ချုပ်စက်ရုံက အလုပ်သမား ၂၅၁ ဦးက စက်ရုံဘက်က အလုပ်ရပ်စဲ နစ်နာကြေးနဲ့ပတ်သက်လို့ လက်မခံတဲ့အကြောင်း လက်မှတ်ထိုးပြီး ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနကို စာတင်ထားတယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်မတို့ဆီကို လက်မှတ်ရောက်လာတာက ၂၅၁ ဦး လက်မှတ်ထိုးထားတယ်။ အဲဒီလူတွေကနေပြီးတော့ ဒါကို လက်မခံဘူးပေါ့။ ပြန်လည် ဖြေရှင်းပေးဖို့ ဥပမာ Notice ( အလုပ်ရပ်ဆိုင်းကြောင်း အကြောင်းကြားစာ) ပေးတယ်ဆိုရင် လစာကို တစ်ခါတည်း ရှင်းပေးလိုက်ဖို့ ၂၆ ရက်မှ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်သည်တွေကို ပိုက်ဆံ သောင်းဂဏန်းပဲ ပေးတယ်ဆိုတာ သူတို့ (အလုပ်သမားတွေ) လက်မခံတာ”
အလုပ်သမားတွေဘက်က တောင်းဆိုချက်နဲ့ပတ်သက်လို့ Hong Miao Garment ကုမ္ပဏီကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ရာမှာ သူတို့အနေနဲ့ ဒီကိစ္စအတွက် တစ်စုံတစ်ရာ ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာန အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းကတော့ ဒီကိစ္စကို လာမယ့် အောက်တိုဘာလ ၉ ရက်နေ့မှာ မြို့နယ်စစ်ကောင်စီရုံးမှာ အလုပ်ရှင်၊ အလုပ်သမား၊ ဌာနအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်လို့ RFA ကိုပြောပါတယ်။
“၉ ရက်နေ့မှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ သွားပြီး ထပ်ရှင်းကြမယ် ပြောပါတယ်။ တောင်းဆိုတဲ့အချက်တွေပေါ့။ ကျွန်တော်တို့က ဥပဒေနဲ့အညီ ရနိုင်တဲ့အချက်တွေ၊ နောက်ပြီးတော့ ဥပဒေမပါတဲ့ လူမှုကရုဏာကြေးလေးပေါ့။ ဒါတွေကို ပိုင်ရှင်က ဘယ်လိုပေးမလဲဆိုတာ အလုပ်ရှင် အလုပ်သမားညှိနှိုင်းကြမှာ”
အလုပ်သမားတွေဘက်ကတော့ အထည်ချုပ်စက်ရုံ ရပ်သွားတာကြောင့် သူတို့ရဲ့ စားဝတ်နေရေး အခက်ကြုံလာရနိုင်တယ်လို့ နောက်ထပ် အမည်မဖော်လိုတဲ့ စက်ရုံအလုပ်သမ တစ်ဦးကပြောပါတယ်။
“အဆင်တော့ မပြေကြဘူးပေါ့။ အလုပ် လာလုပ်တာ မရှိလို့လာလုပ်တာ အခုလိုကြီး ဖြစ်သွားတော့ ပိုတောင် ခက်ခဲသေးတယ်။ ကျွန်မတို့ဆို လာရတာ ဝါယာလက်ကလာရတာ။ အရမ်းခက်ခဲတယ်။ စားစရာလည်း မရှိတော့ဘူး။ စက်ရုံက ပိတ်ထားတဲ့အတွက် ညီမတို့ကို တစ်ခါတည်း လျော်ကြေးပေးစေချင်တယ်”
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ဖော်ပြထားပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉.၅ ရာခိုင်နှုန်းသာ နစ်နာကြေးရရှိကြပြီး အမျိုးသမီးတွေနဲ့ အသက် ၁၅ နဲ့ ၂၄ ကြား လူငယ်တွေက အမျိုးသားတွေနဲ့ ဝါရင့် အလုပ်သမားတွေထက် နစ်နာကြေးရရှိတာ ပိုနည်းတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း အထည်ချုပ် လုပ်ငန်းရှင်အသင်းဝင် စက်ရုံ ၈၁၇ ခုရှိပြီး အဲဒီအထဲက ၅၄၆ ရုံက လည်ပတ်နေပြီး ကျန် ၂၇၁ ရုံက လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ ဖော်ပြပါတယ်။ လည်ပတ်နေတဲ့ စက်ရုံ ၅၄၆ ခုထဲက စက်ရုံ ၃၁၁ ခုကတော့ တရုတ်နိုင်ငံသားတွေပိုင်တဲ့ အထည်ချုပ်စက်ရုံတွေ ဖြစ်ပါတယ်။