ရွှေကူဒေသခံ အနည်းဆုံး ၁၀ ဦးသတ်ဖြတ်ခံရပြီး အိမ်တစ်ထောင်နီးပါးမီးရှို့ခံရ

RFA Burmese
2023.04.21
ရွှေကူဒေသခံ အနည်းဆုံး ၁၀ ဦးသတ်ဖြတ်ခံရပြီး အိမ်တစ်ထောင်နီးပါးမီးရှို့ခံရ ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသောင်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့က တွေ့ရစဉ်။
People Defense Force - ShweGu

‌ကချင်ပြည်နယ် ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က မတ်လ ၂၃ ရက်နေ့ကနေ ဧပြီလ ၁၀ ရက် နေ့အထိ ၁၉ ရက်ကြာ စစ်ဆင်ရေးလုပ်ခဲ့တဲ့ကာလအတွင်း ဒေသခံ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသလို အိမ်ပေါင်း တစ်ထောင်လောက် မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဒေသကို စစ်ကောင်စီတပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇) နဲ့ ခလရ (၈၈) စစ်ကြောင်းတွေ ဝင်ရောက်ခဲ့ကြတာလို့ ဆိုပါတယ်။

"တကယ်အရပ်သားတွေပဲ စီသာရွာသားတွေပဲ သေသွားတာ”

စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သလို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရွှေကူ PDF တွေနဲ့လည်း တိုက်ပွဲ ၁၀ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့တယ်လို့ ရွှေကူ PDF က အမည်မဖော်လိုတဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောပါတယ်။

“ထိတွေ့တိုက်ပွဲပေါင်းကတော့ ၁၀ ပွဲရှိတယ်။ လေယာဉ်နဲ့ပစ်တာ ၆ ရက် တစ်ရက်မှာ ၃ ကြိမ် အဲလိုမျိုးပစ်တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တယ် ရွာတွေမီးလောင်တယ်။ ရွာတွေမီးလောင်ပြီးတော့ ကျန်တဲ့အိမ်တွေကိုလည်း ဒီကောင်တွေက တက်လာပြီဆိုရင် မီးရှို့ဖျက်ဆီးသွားတယ်။ စုစုပေါင်းရွာ ၁၂ ရွာရှိတယ်။ ပြီးတော့ အရပ်သားပြည်သူတွေ လည်း သေဆုံးမှုရှိတယ်။ နောက်ပိုင်း သူတို့ ထွက်သွားပြီး နယ်မြေရှင်းလင်းတဲ့အခါမှာ သူတို့တွေ နောက်ပြန်ဆုံးပြီးရှင်းလင်းတဲ့အခါမှာ မီးရှို့ထားတဲ့ မလောင်ကုန်တဲ့ အလောင်းတွေ တွေ့ရတယ်“

အခုလက်ရှိအချိန်မှာက စစ်ကြောင်းတွေက ရွှေကူနဲ့ ဗန်းမော်မြို့နယ်ကြား အဓိက လမ်းမဘက်ကို စစ်ကြောင်းထိုးနေတာရှိပေမယ့် အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဧပြီလ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ရွှေကူမြို့နယ်မှာ မတ်လ ၂၃ ရက်ကနေ ဧပြီလ ၈ ရက်နေ့ အထိ တိုက်ပွဲပေါင်း ၂၁ ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

ဧပြီလ ၉ ရက်နေ့မှာ စီသာကျေးရွာကဒေသခံ ၁၀ ဦးဟာ စစ်ကောင်စီတပ်နဲ့ပက်ပင်းတိုးပြီး အသတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စီသာရွာခံတစ်ဦးက ပြောပါတယ်။

“အဲဒါကို သူတို့ မိသွားတာပေါ့အေ။ စစ်ကြောင်းထိုးနေတဲ့အချိန်မှာ သူတို့က လယ်တောတဲမှာ နွားကျောင်းတဲ့သူကကျောင်း ရှောင်တဲ့သူက အဲမှာရှောင်နေကြတော့ သူတို့ စစ်ကြောင်းလာတာကို မမြင်လိုက်တဲ့အခါကျတော့ အဲမှာ ဖမ်းလိုက်ပြီးမှ မိပြီးမှ တစ်ခါတည်းသတ်လိုက်ကြတာ။ တချို့က လက်ပြန်ကြိုးတုပ်ပြီးမှ မီးရှို့ထားခဲ့တယ် ဒီတိုင်း။ မီးရှို့ထားခဲ့ပြီးမှ မသေရင် သေနတ်နဲ့ပစ်သတ်တာပေါ့အေ။ မိထားတာက ၈ ရက်လောက်ကနေ မိထားတာထင်တယ်။ အဲလောက်စမိပြီး ၉ ရက်နေ့မှာ သူတို့ထွက်တော့ တစ်ခါလည်း သတ်ခဲ့ပြီးမှထွက်တယ် စီသောင်မီးရှို့၊ စီမော်မီးရှို့၊ နန့်လန်မီးရှို့ ပြီးထွက်သွားတာကိုး။ တကယ်အရပ်သားတွေပဲ စီသာရွာသားတွေပဲ သေသွားတာ”

အသတ်ခံရသူ ၁၀ ဦးဟာ အသက် ၂၂ နှစ်အရွယ် ကိုစိုးကျော်၊ အသက် ၆၀ ကျော်အရွယ် တွေဖြစ်တဲ့ ဦးမြအေးနဲ့ ဦးသန်းချို၊ အသက် ၄၅ နှစ်ဝန်းကျင်အရွယ်တွေဖြစ်တဲ့ ဦးထွေး၊ ဦးမောင်နိုင်၊ ဦးစိန်ဝင်း၊ အသက် ၄၀ အရွယ် ဦးအောင်မျိုးခိုင်နဲ့ ဦးစိုးမိုး၊ အသက် ၃၅ နှစ်အရွယ် ဦးမြတ်ငြိမ်းနဲ့ ဒေါ်ခင်နွယ်ဦး တို့ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ရဲ့ရုပ်အလောင်းတွေမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့ ပြောပါတယ်။ ရုပ်အလောင်းတွေကို စစ်ကြောင်းထွက်သွားပြီးနောက် ဧပြီ ၁၄ ရက်နေ့မှာ သင်္ဂြိုဟ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၉ ရက်နေ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အခု စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးမှုရှိသလို KIA နဲ့ PDF ရဲ့ အလောင်း ၁၇ လောင်း သိမ်းဆည်းရမိခဲ့တယ်လို့ ပါရှိပါတယ်။

KIA နဲ့ PDF တွေက အဲဒီဒေသကို ခြေကုတ်ယူပြီး စစ်ကိုင်းတိုင်းကို လက်နက်ခဲယမ်း ထောက်ပံ့တာ၊ သစ်မှောင်ခို ထုတ်နေတာတွေ ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းမှာ ရေးထားပါတယ်။

ရွှေကူ PDF က သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကတော့ ၁၉ ရက်ကြာ စစ်ဆင်ရေးအတွင်း ဒေသခံ ကာကွယ်ရေးဘက်က သုံးဦးနဲ့ KIA တပ်သား သုံးဦးသေဆုံးပြီး စစ်ကောင်စီဘက် ကတော့ ၅၀ လောက်ထိ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ လွတ်လွတ်လပ်လပ်စုံစမ်းခွင့် မရတဲ့အတွက် သီးခြားအတည်မပြုနိုင် သေးပါဘူး။

စစ်ဆင်ရေးကြောင့် ရွာ ၁၂ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တောတောင်တွေထဲမှာ ဒီနေ့အထိ ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ထပ်ပြီးဝင်လာမှာကိုစိုးရိမ်လို့ သူတို့ရွာကို မပြန်ရဲကြသေးတာလို့ မံခါးရွာခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ မပြန်ကြသေးဘူးရွာထဲကိုက စစ်ကတော့ ရှောင်နေဆဲပဲပေါ့။ တောထဲမှာတွေပဲ နေနေတာ။ သူ့တဲလေးတွေ လယ်တောထဲမှာ နေနေကြတာပေါ့။ ပြန်လို့တော့ အဆင်တော့ပြေပါတယ် ပြန်တာတော့ပြန်ခိုင်းတယ် ကျနော်တို့ မနေရဲဘူးလေကြောက်လို့”

ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ဝင်ရောက်ခဲ့တဲ့ အချိန် ၁၉ ရက်အတွင်း မံဝိန်း၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်ကောင်၊ စီမူကြီး၊ စီမူလေး၊ နတ်လန်၊ နောင်လတ်ကြီး စတဲ့ကျေးရွာ ၁၂ ရွာက နေအိမ် ၉၅၆ လုံးကို မီးရှိုခံခဲ့ရတယ်လို့ စာရင်းပြုစုထားတဲ့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသောင်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: People Defense Force - ShweGu)
ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသောင်ရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: People Defense Force - ShweGu)

အဲဒီအထဲက နေအိမ်တစ်ချို့ဟာ ဂျက်တိုက်လေယာဉ်ပေါ်ကနေ ကြဲချတဲ့ဗုံးကြောင့် မီးလောင်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး အများစုကတော့ စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့ကြတာလို့ ပြောကြပါတယ်။ စစ်ကောင်စီကတော့ သူတို့အနေနဲ့ နေအိမ်တွေကို မီးရှို့တာမရှိဘူးလို့ အရင်က ငြင်းဆိုထားပါတယ်။

မီးရှို့ခံရတဲ့အိမ်တွေ ပြန်ဆောက်လုပ်ဖို့က အခက်အခဲကြီးဖြစ်နေတယ်လို့ နေအိမ်မီးရှို့ခံရသူ တစ်ယောက်ဖြစ်တဲ့ စီသာရွာသားက ပြောပါတယ်။

“လူတွေကလည်း သွေးပျက်သလိုဖြစ်သွားတာ။ အခုဆိုကျနော်တို့က မြို့ထဲရောက်တဲ့ သူရောက် တောထဲရောက်တဲ့သူရောက် စားဝတ်နေရဲလည်းအခက်အခဲဖြစ် နေရေး ထိုင်ရေးကလည်း သူများအိမ်မှာက ကြာကြာနေလို့ကမဖြစ် ကိုယ့်ဟာကိုယ် ဝယ်ဖို့လည်းပိုက်ဆံက မရှိဖြစ်နေတာ။ အိမ်တွေလည်း မီးထဲပါသွားတော့ ရွာက အိမ်ခြေပေါင်း ၁၀၀ လောက်ပါတယ်၊ ကျနော်လည်း အိုးမဲ့အိမ်မဲ့ဖြစ်သွားတာပေါ့”

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ဧပြီ ၂၀ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း သေဆုံးရသူပေါင်း ၃၄၂၂ ဦးအထိ ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်အထိ တစ်နိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ပေါင်း ခြောက်သောင်းကျော်ရှိ တယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Data for Myanmar အဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။