လေကြောင်းရန် စိုးရိမ်တာကြောင့် ရှမ်းမြောက်စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်နိုင်

မြောက်ပိုင်းညီနောင်မဟာမိတ် တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစလို့ နေရပ်စွန့်ခွာလာသူတွေဟာ အခုထိ အိမ်မပြန်နိုင်ကြသေးပါဘူး။
သိန္နီမြို့ကနေ စစ်ဘေးရှောင်ဖို့ လားရှိုးကို ရောက်လာပေမဲ့ လားရှိုးမြို့ကို စစ်ကောင်စီ လေယာဉ်တွေက ဆက်တိုက်ဗုံးကြဲနေတဲ့အတွက် တောင်ကြီးမြို့ကို ဆက်ပြီး စစ်ဘေးတိမ်းရှောင်လာတာဟာ နိုဝင်ဘာ ၅ ရက်ဆိုရင် တစ်နှစ်ပြည့်ပြီလို့ သိန္နီမြို့က စစ်ဘေးတိမ်းရှောင်လာသူ ကျောင်းသားမိဘတစ်ယောက်က ပြောပါတယ်။
တောင်ကြီးမြို့ကို ရောက်နေတာ လေးလနီးပါးရှိနေပြီး ကလေးပညာရေးကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့လည်း သူကပြောပါတယ်။
“ကျောင်းသားမိဘတွေက ဘာလို့ ပြန်လို့မရတာလဲဆိုတော့ ပညာရေးကြောင့်ပါ။ ဒါက ကျွန်မ ကိုယ်တွေ့ပါ။ ကိုဗစ်တုန်းကလည်း ကလေးက သုံးနှစ်လောက်အောက် (ကျောင်းထွက်) ထားတယ်။ သိန္နီမှာ တစ်နှစ်ထားလိုက်တယ်။ နောက်တစ်နှစ်ကျတော့ တက်နေတုန်း အခုလို ၁၀၂၇ ဖြစ်ပြီးတော့ စာမေးပွဲ မဖြေလိုက်ရဘူး။ လားရှိုးကို ရှောင်သွားတယ်။ လားရှိုးမှာ ကျောင်းတွေ ဘာတွေတက်ပြီး နေတဲ့အခါကျတော့ တစ်ခါပြန်ရှောင်ဆိုတော့ ဒီကလေးတွေ အသက်ကြီးသွားရင် ကျောင်းလည်း ပျော်မှာ မဟုတ်တော့ဘူး။ ကလေးကို ဘယ်မှာ သွားထားကြမလဲ ကျွန်မတို့မှာ အနာဂတ်ပျောက်တယ်လို့ ပြောလို့ရပေမယ့် ကျွန်မတို့ သားသမီးတွေကိုတော့ ကျွန်မတို့လိုမျိုး အနာဂတ်မပျောက်စေချင်ဘူး။ ဒါကတော့ မိဘတိုင်းရဲ့ဆန္ဒလို့ ကျွန်မက ခံယူတယ်”
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက လူတွေတောင်ကြီးမြို့ကို အများဆုံး စစ်ဘေးရှောင်လာကြပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းက နည်းတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ဒီတောင်ကြီးမှာ အလုပ်ရှာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ လွိုင်ကော်ဘက်က ဖြစ်တာတွေ ဆီဆိုင်ဘက်က ဖြစ်တာတွေ အကုန်လုံးက ဒီမှာ ရှမ်းမြောက်တစ်ခွင်လုံးကလည်း ဒီမှာဆိုတော့ အလုပ်ရှာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ရခဲ့တယ်ဆိုတောင်မှ စစ်ရှောင်တွေဆိုရင် မခေါ်ချင်ကြဘူး။ ခဏပဲ။ အချိန်တန်ရင် သူတို့ ပြန်သွားမယ်ဆိုပြီးတော့ ဘယ်သူမှ မခန့်ချင်ကြဘူး။ အခုချိန်ထိတော့ ဘုန်းကြီးကျောင်းမှာ ရှိတာလေးနဲ့လောက်အောင် စားပြီး ဒီလိုလေးနဲ့ နေသွားကြတယ်။ ဆေးဝါးနဲ့ ကလေးအတွက်ကတော့ သိပ်ပြီး အကူအညီတွေ မရဘူး”
တောင်ကြီးမြို့မှာ ရှမ်းပိဋကတ်ကျောင်း၊ ရှမ်းစာပေယဉ်ကျေးမှုရုံး၊ ဝေဠုဝန်ကျောင်းတိုက်နဲ့ ရှမ်းလူမှုအခြေပြုအဖွဲ့ရုံးခန်းမမှာ ဖွင့်ထားတဲ့ စခန်းတွေမှာ စစ်ဘေးရှောင် ငါးရာလောက် ရှိပါတယ်။ ဒီစခန်းတွေမှာ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီကယ်ဆယ်ရေးကော်မတီဝင် တစ်ယောက်ကပြောပါတယ်။
“စစ်ဘေးကို ကူညီပေးနေတဲ့ကာလမှာ ရေဘေးက ဝင်လာတော့ စစ်ဘေးရှောင်တွေကို ကူညီဖို့ မေ့သွားကြတာ။ တစ်ချို့က နေအိမ်တွေလည်း မရှိတော့ဘူး။ မပြန်နိုင်တဲ့သူတချို့က ကျောင်းနေအရွယ်ကလေးတွေ ရှိတယ်။ သူတို့ကလေးက ပြီးခဲ့နှစ်နဲ့ ဒီနှစ်မှာကလေးကျောင်းမတက်ရတော့ သူတို့ ကလေးတွေ တောင်ကြီးမှာ ကျောင်းတက်ရဖို့ စီစဉ်ပေးထားတော့ ကျောင်းသားမိဘတွေလည်း မပြန်နိုင်တော့ဘူး။ ကလေးတွေကလည်း ကျောင်းဝတ်စုံ တစ်ယောက်တစ်စုံစီပဲ ရှိတော့ သူတို့အတွက် အဆင်မပြေတော့ ထပ်ပြီး အလှူရှင်ရှာနေရသေးတယ်။ အဓိကကတော့ ကလေးပညာရေးတွေအတွက် အခက်ကြုံနေရလို့ အိမ်မပြန်နိုင်သေးတာတွေအတွက်လည်း ရှိတာပေါ့”
ဆက်နွှယ်သောသတင်းများ
၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်နေ့မှာ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရ
လားရှိုးမြို့ ဓာတ်ခဲစက်ရုံဟောင်း ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး
မတ္တရာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေ
လားရှိုး၊ သီပေါ၊ သိန္ဒီ၊ ကျောက်မဲက စစ်ဘေးရှောင်လာကြတာဖြစ်ပြီး တစ်ချို့က ပြန်စရာ အိမ်မရှိတော့တဲ့အတွက် လူသားချင်းစာနာရေး အကူအညီဆက်ပေးမယ်လို့ စစ်ဘေးဒုက္ခသည်ကူညီကယ်ဆယ်ရေး ကော်မတီဝင်တစ်ယောက်က ပြောပါတယ်။ စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲနေတဲ့အတွက် နေရပ်မပြန်နိုင်ကြဘူးလို့လည်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (HRAN) ပြောခွင့်ရသူတစ်ယောက်က ပြောပါတယ်။
“ဒီနေ့အထိ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေရပ်မပြန်နိုင်ဘဲနဲ့ စစ်ရှောင်ရတဲ့ ပြည်သူတွေအများကြီးရှိတယ်။ တချို့တွေကျတော့ မြေပြင်မှာ တိုက်ပွဲမဖြစ်ဘူး။ လေယာဉ်က ခဏခဏလာပြီး ဗုံးကြဲတယ်။ လားရှိုးတို့လိုမျိုး ကျွန်မတို့ ပြည်သူတွေက မနေရဲကြတော့ဘူး။ ဒီလို စစ်ရှောင်သွားတဲ့ ပြည်သူတွေအတွက် ကျွန်မတို့လူသားချင်းစာနာထောက်ပံ့ဖို့ နေနေသာသာ ပြန်လည်ထူထောင်ရေးကလည်း ကျွန်မတို့က မလုပ်ပေးနိုင်ခဲ့ဘူး”
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းက အဆောက်အဦ တစ်ထောင့်ကိုးရာကျော် ပျက်စီဆုံးရှုံးခဲ့တယ်လို့ လည်း HRAN က စာရင်းပြုစုထားပါတယ်။