လားရှိုးမြို့ ဓာတ်ခဲစက်ရုံဟောင်း ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး

RFA Burmese
2024.10.25
လားရှိုးမြို့ ဓာတ်ခဲစက်ရုံဟောင်း ဗုံးကြဲခံရပြီး တစ်ဦး သေဆုံး လေကြောင်းတိုက်ခိုက်ခံရသည့် လားရှိုးမြို့ ဓာတ်ခဲစက်ရုံဟောင်း နေရာအား ၂၀၂၄ ခုနှစ်၊အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Saw Nay Wai Soe/ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အထွက်မှာရှိတဲ့ ဓာတ်ခဲစက်ရုံဟောင်းနေရာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၅ ရက် ဒီနေ့မှာ လေကြောင်းကနေ ဗုံးငါးလုံးကြဲချခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်း တစ်နာရီကျော် အချိန်ကနေ နှစ်နာရီနီးပါးအထိ အဲဒီနေရာတစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။

"မြို့အထွက်က ရွှေမြင်းနှစ်ကောင် စက်ရုံနဲ့ အနီးတစ်ဝိုက်ကို ကြဲသွားတာဗျ။ ဆိုင်ကယ်နဲ့ သွားနေတဲ့ သူတစ်ယောက် ပွဲချင်းပြီး သေသွားတယ်”

သေဆုံးသူရဲ့ ကိုယ်ရေးအချက်အလက် သေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဓာတ်ခဲစက်ရုံဟောင်းနေရာဟာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်လှစ်ခဲ့တဲ့ နေရာဖြစ်ပြီး ကိုးကန့်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တွေလည်း တစ်ခါတစ်ရံ မြို့အဝင်အထွက် စစ်ဆေးမှုတွေ လုပ်တတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွာရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း လားရှိုးမြို့က အရက်ချက်စက်ရုံ၊ အမှတ် (၂) ရဲစခန်းစတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အချုပ်သားနှစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း ၂၀၂၄ ခုနစ် သြဂုတ်လ ၃ ရက်နေ့မှာ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက်နေ့ကစလို့ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လားရှိုးမြို့နယ်အတွင်းမှာ သြဂုတ်လ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်လေးဆယ်ကျော် တိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား တစ်ဦး၊ အချုပ်သား နှစ်ဦး အပါအဝင် စုစုပေါင်း အရပ်သား ၁၈ ဦး သေဆုံးပြီး နောက်ထပ် လူခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။