အာဏာရပါတီတွေ ပုဒ်မ ၂၆၁ မပြင်သေးတဲ့အပေါ် တိုင်းရင်းသားပါတီတွေ ဝေဖန်

သန့်ဇင်ဦး
2020.11.20

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်ရတာဖြစ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲအောင်နိုင်ပြီး ပြည်ထောင်စုအစိုးရဖွဲ့နိုင်တဲ့ ပါတီကပဲ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဝန်ကြီးချုပ်တွေကို စိတ်ကြိုက် ခန့်အပ်ခွင့်ရမှာပါ။

ဒီပုဒ်မကိုပြင်ပေးဖို့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) အာဏာရအစိုးရဖြစ်စဉ် လွှတ်တော်မှာ တောင်းဆိုဖူးပေမယ့် USDP ပါတီက လက်မခံခဲ့ပါဘူး။

အလားတူပဲ ပြီးခဲ့တဲ့ အစိုးရသက်တမ်း NLD ပါတီ အာဏာရစဉ်မှာ  USDP ပါတီက ဒီပုဒ်မ ၂၆၁ ကိုပြင်ဖို့ လွှတ်တော်မှာ ပြန်တင်တဲ့အခါ NLD ပါတီက လက်မခံဘဲ ကန့်ကွက်ခဲ့ပါတယ်။

အာဏာမရခင်က ပြင်လိုကြတဲ့ အင်အားကြီး ပါတီကြီးတွေဟာ အာဏာရလာရင် ပုဒ်မ ၂၆၁ ကိုကိုင်ပြီး တိုင်းရင်းသားတွေကို ကစားဖို့အသုံးချနေတယ်လို့ မွန်ညီညွတ်ရေးပါတီရဲ့ တွဲဘက် အတွင်းရေးမှူး ၁ နိုင်လယိတမက ဝေဖန်လိုက်ပါတယ်။

"ဒါကိုသုံးသပ်ပြီးတော့ ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် ပါတီကြီးတွေက မိမိအစိုးရအာဏာကို ရနေတဲ့အချိန်မှာ ပုဒ်မ ၂၆၁ ကိုမပြင်လိုကြဘူး၊ မိမိအတိုက်အခံဘဝရောက်နေတဲ့အချိန်မှာ ဒီပုဒ်မ ၂၆၁ ကိုကိုင်တွယ်ပြီးတော့ တိုင်းရင်းသားတွေကို ကစားဖို့ အသုံးချနေကြတယ်။"

ပြည်နယ်တွေမှာ အများစုအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေရဲ့ သဘောကျ ဝန်ကြီးချုပ် ခန့်အပ်နိုင်အောင် ဥပဒေကိုပြင်ဖို့ လက်ရှိဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်က လုပ်ဆောင်ခဲ့တာရှိပေမယ့် အရင်က ပြင်ဖို့တောင်းဆိုခဲ့ဖူးတဲ့ NLD ဘက်က လက်မခံလို့ အတည်မဖြစ်ခဲ့တာပါ။

လွှတ်တော်မှာ NLDပါတီက ကိုယ်စားလှယ်အများစုရှိနေတာကြောင့် မပြင်နိုင်ခဲ့ပါဘူး။

ပုဒ်မ ၂၆၁ ကိုမပြင်တာဟာ တိုင်းရင်းသားပါတီရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်တာလို့  ရခိုင်အမျိုးသား ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လက်ရှိမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

"ကျွန်တော်တို့ မြင်တာကတော့ ဒါဖွဲ့စည်းပုံကပေးထားတဲ့ အခွင့်အရေးတစ်ခုပါ၊ တပ်မတော်ကို ဒုသမ္မတ တောင်မှ ပေးထားရတာပဲ၊ တကယ်လို့ ဒေသမှာလည် သူ့အနေနဲ့ စည်းရုံးနိုင်တယ် တပ်မတော်က စည်းရုံးနိုင်တယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်လည်း ဒေသဆိုင်ရာ အကြီးအကဲတစ်ယောက် ဖြစ်ပိုင်ခွင့်ရှိတာပေါ့၊ ထို့အတူပဲ ကျွန်တော်တို့ဘက်က ဒီမိုကရေစီအင်အားစုတွေဘက်က ၇၅ ရာခိုင်နှုန်း တောင်မှရှိတာပဲ ကျွန်တော်တို့စည်းရုံးနိုင်ရင် ကျွန်တော်တို့ စည်းရုံးရမှာပေါ့၊ ဒါအများကြီး ကျွန်တော်တို့ ဘက်က အခွင့်အရေးသာတယ်၊ ဒါပေမဲ့ ဒါက သူတို့အကြောင်းပြချက်က သိပ်ပြီးတော့ မဆီလျော်ဘူး၊ အဓိကကတော့ ကိုယ့်ပါတီကပဲ တစ်ယောက်ပဲနိုင်နိုင် ငါတို့ဝန်ကြီးချုပ်ခန့်မယ် ငါတို့ပဲ အစိုးရဖွဲ့မယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့၊ ဒါဟာ သက်သက် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေကို အနိုင်ကျင့်ဖို့ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ဖို့အတွက် အသုံးချနေတယ်လို့ ကျွန်တော်တို့ဘက်က ယူဆတယ်ဆိုတာ မမှားပါဘူး ဒါအမှန်ပဲ။

NLD ပါတီဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာရအစိုးရဖြစ်ချိန်က တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး ဒီ ပုဒ်မကို ပြင်ပေးဖို့ တောင်းဆိုဖူးလို့ NLD ပါတီအာဏာရလာချိန်မှာတော့ ပြင်လိ့မ်မယ်လို့ မျှော်လင့်ခဲ့ဖူးပေမယ့် တပ်မတော်က ဝန်ကြီးချုပ်ဖြစ်သွားမယ်ဆိုတဲ့ NLDရဲ့ စိုးရိမ်မှုကြောင့် ပုဒ်မပြင်ရေးက ဖြစ်မလာခဲ့ဘူးလို့ ဦးဖေသန်းက ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်ကတော့  ပုဒ်မ ၂၆၁ ပြင်ဆင်ရေးမှာ သူတို့ရဲ့ သဘောထားက USDP ပါတီ နဲ့ရော NLD ပါတီနဲ့ပါ မတူဘူးလို့ ဆိုပါတယ်။

"ဒီ ၂၆၁ နဲ့ ပတ်သက်ရင် ကျွန်တော်တို့ ချဉ်းကပ်ပုံနဲ့ ကျန်တဲ့သူတွေ ချဉ်းကပ်တာမတူဘူး၊ NLD က အခုလက်ရှိ မလုပ်ချင်သေးဘူး၊ တဖြည်းဖြည်း ၂၅ ရာခိုင်နှုန်းလျှော့မယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့သွားတယ်၊ အဲဒီ USDP ကြတော့ သူက ၂၅ ရာခိုင်နှုန်းရှိနေတဲ့ အခင်းအကျဉ်းမှာ ၂၆၁ ကိုပြင်ဖို့ပြောတယ်၊ ကျွန်တော်တို့က သူတို့နှစ်ခုစလုံးနဲ့ လုံးဝမတူဘူး၊ ကျွန်တော်တို့စဉ်းစားချက်က အဲဒီ ၂၆၁ လိုမျိုးကို ပြင်ဆင်တာကို ကျွန်တော်တို့ ထောက်ခံတယ်၊ ဒါပေမဲ့ ဘယ်လိုအခြေအနေ ဖြစ်ရမလဲဆိုတော့ စစ်တပ်က ရွေးကောက်ခံ မဟုတ်တဲ့သူတွေက လွှတ်တော်ထဲမှာ မရှိတော့တဲ့အချိန်ကိုပြောတာ၊ ဒီရွေးကောက်ခံ မဟုတ်တဲ့သူတွေ မရှိတဲ့ပုံစံမျိုးကို ကျွန်တော်တို့ လိုလားတာဖြစ်တယ်။"

NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က NLD အနေနဲ့ ပုဒ်မ ၂၆၁ ကိုပြင်ဖို့ ကန့်ကွက်ခဲ့တာဟာ တပ်မတော်က ၂၅ ရာခိုင်နှုန်းရှိနေလို့ တိုင်းရင်းသားပါတီတွေဘက်က ဝန်ကြီးချုပ် ဖြစ်မလာမှာကို စိုးရိမ်တာ ကြောင့်လည်း ပါတယ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့ပြုလုပ်တဲ့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

ဒါဟာ သက်သက်အကြောင်းပြလို့ကောင်းတဲ့ အချက်သာဖြစ်တယ်လို့ တပ်မတော် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး တုံ့ပြန်ပါတယ်။

"အထူးသဖြင့် တပ်မတော်သား ၂၅ရာခိုင်နှုန်းဆိုတာ သူတို့အတွက် အကြောင်းပြချက် အရမ်းကောင်းနေတယ်၊ တကယ်တမ်းက အလုပ်လုပ်နိုင်စွမ်းရှိတယ် တကယ့်ကို ပြည်နယ်ရော တိုင်းဒေသကြီး တွေရော တပြေးညီ တိုးတက်ချင်စိတ် ရှိတယ်ဆိုလို့ရှိရင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းဆိုတဲ့ဟာက သက်သက်မဲ့ အကြောင်း ပြလို့ကောင်းတဲ့ ခေါင်းစဉ်တစ်ခုပဲဗျ၊ အမှန်တော့ ပြီးခဲ့တဲ့ လွှတ်တော်တစ်ရပ်လုံးမှာပဲ ပြန်ကြည့်ရင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းရှိနေခြင်းဟာ ကျွန်တော်တို့ ပြည်နယ်တွေမှာလုပ်မယ့် စီးပွားရေး လုပ်ငန်းတွေကို ကန့်ကွက်တာမျိုးရှိလား ဒါမျိုးဒေတာနဲ့ ပြန်ထောက်မယ်ဆိုရင်တော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ရှိခြင်း/ မရှိခြင်းဟာ အဲတာအတွက် သိပ်အရေးကြီးတဲ့ အပိုင်းမဟုတ်ဘူး၊ ဆိုတော့ ဒါဟာ သက်သက်မဲ့ ကိုယ်မလုပ်ချင်တဲ့ ကိစ္စတစ်ခုအတွက် သီးသန့်အကြောင်းပြချက် ပေးတဲ့ပုံစံမျိုးလို့ပဲ ကျွန်တော်မြင်ပါတယ်။"

တကယ်လို့သာ ဒီပုဒ်မကို ပြင်ဆင်လိုက်ရင် ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ စကားရပ်အောက်မှာ ကောင်းကောင်း သွားနိုင်မှာဖြစ်ပြီး အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေး တွေလည်း အများကြီးအရွေ့ဖြစ်သွားမယ်လို့ ဦးသိန်းထွန်းဦးက ဆိုပါတယ်။

တိုင်းရင်းသားပါတီတွေ အများစုအနိုင်ရတဲ့ ပြည်နယ်မှာ အဲဒီပြည်နယ်ရဲ့အုပ်ချုပ်ခွင့်ကို တိုင်းရင်းသားတွေမရတာ သဘာဝမကျဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"တိုင်းရင်းသားပါတီတွေ ဝေဖန်တာ မှန်ပါတယ်ဗျ၊ ကျွန်တော်တို့ ထောက်ခံတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုသွားမယ့် တိုင်းပြည်မှာ အဲလိုတိုင်းပြည်မှာ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်မှာ သက်ဆိုင်ရာ တိုင်းရင်းသားတွေကလည်း အများစုနေရာရတယ်၊ ဒါပေမဲ့ အဲဒီ ပြည်နယ် အုပ်ချုပ်ခွင့်ကို အဲဒီတိုင်းရင်းသား ကိုယ်စားလှယ်တွေ မရဘူးဆိုတဲ့ဟာကို တော်တော် သဘာဝမကျတဲ့ ကိစ္စပါ၊ ဒါပေမဲ့ အဲဒီကိစ္စက NLD အနေနဲ့ သဘောထားမရှိလို့ မဟုတ်ပါဘူး၊ ဒီသဘောထား ရှိပါတယ်၊ ရှိလို့လည်း ၂၀၁၃ ခုနှစ်က ဒီဟာနဲ့ပတ်သက်ပြီးတော့ NLD ပါတီက ထောက်ခံခဲ့တာ။"


ဒါပေမဲ့ NLD ပါတီအနေနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ ကန့်ကွက်ခဲ့တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်ပေါင်းပြီး အသုံးချမှာစိုးလို့ ဖြစ်နိုင်တယ်လို့ဖြစ်နိုင်ပြီး ဒီပုဒ်မပြင်လို့ ရသည်ဖြစ်စေ မရသည်ဖြစ် ပြည်နယ်တွေမှာ တိုင်းရင်းသားတွေကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခွင့်ပြုဖို့ တိုက်တွန်းတယ်လို့လည်း ဦးသန်းစိုးနိုင်က ဆိုပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကတော့ သူတို့ပါတီအနေနဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မယ်လို့ ဂတိပေးထားပြီးဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

"ဒီပုဒ်မ ၂၆၁ ကို ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကြီးဦးဆောင်တဲ့ ဒီ USDP လက်ထက်မှာ ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလမှာ ပြည်သူလူထုကို ကတိတစ်ခုပေးခဲ့ပါတယ်၊ အဲဒီ ကတိမပေးမီကာလမှာလည်းပဲ ပုဒ်မ ၂၆၁ ကို ကျွန်တော်တို့ လွှတ်တော်မှာ တင်သွင်းပြီးတော့ အတည်ပြုနိုင်ရေး ကြိုးစားခဲ့သော်လည်း မအောင်မြင် ခဲ့ဘူး၊ အဲတော့ ကျွန်တော်တို့ ထိုင်ခုံအနည်းစုသာရခဲ့တဲ့အတွက် မအောင်မြင်တာဆိုတဲ့အတွက် ကျွန်တော်တို့သာ အနိုင်ရလာခဲ့ရင် ဒီ ၂၆၁ ကို အမြန်ဆုံးပြင်ဆင်ပေးမယ်ဆိုတဲ့ ကတိကိုလည်း ပေးထား ပြီးသားဖြစ်ပါတယ်၊ ဒါ့အပြင် ၂၆၁ ပြင်ရမယ့်ကာလဟာ အချိန်နည်းနည်းလေး ကြာမယ်ဆိုရင်တောင်မှ အနိုင်ရပြည်နယ်တွေက အများစုသော ပါတီကတင်သွင်းတဲ့ ဝန်ကြီးချုပ်ကို ခန့်ထားပေးမယ်ဆိုတဲ့ ကတိ ကျွန်တော်တို့ ပေးခဲ့ပြီးသားဖြစ်ပါတယ်။"

၂၀၁၀ ခုနှစ်အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) အာဏာရစဉ်က တိုင်းရင်းသားတွေနဲ့ လက်ရှိ အာဏာရ NLD ပါတီက ဒီပုဒ်မပြင်ဆင်ဖို့ကြိုးစားစဉ် ကန့်ကွက်ခဲ့တာဟာ လက်ရှိ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်တဲ့အခြေအနေ မဟုတ်ဘူးလို့လည်း ဦးသိန်းထွန်းဦးက တုံ့ပြန်ပါတယ်။

ပုဒ်မ ၂၆၁ ကိုပြင်ဖို့ ကန့်ကွက်ခဲ့တာဟာ တိုင်းရင်းသားပါတီတွေရဲ့ အခွင့်အရေးအတွက် စဉ်းစားတိုင်း ၂၅ ရာခိုင်နှုန်းကို ထည့်ပြီးမစဉ်းစားလို့မရတာကြောင့် ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး  မုံရွာအောင်ရှင်က ပြောပါတယ်။

"ကျွန်တော်တို့က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ကာလတုန်းကတည်းက တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ အများကြီး အလေးအနက်ထားပါတယ်၊ ကျွန်တော်တို့ လေ့လာကြည့်ရတာပေါ့လေ ဒီတိုင်းရင်းသားအရေးကို စကားပြောတိုင်း ပြောတိုင်း တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ စဉ်းစားတိုင်းမှာ ဒီ ၂၅ ရာခိုင်နှုန်းကိုထည့်ပြီးတော့ မစဉ်းစားလို့မရဘူး၊ တစ်ခါလေကြတာ့ တချို့နေရာတွေမှာ ပေးကားပေး၏ မရဆိုတာမျိုးတွေ ဖြစ်တတ်တယ်၊ သူတို့ကတော့ သူတို့ရဲ့ ဆန္ဒကတော့ ပေးလိုက်လို့ ရပါတယ်ပေါ့၊ ဝန်ကြီးချုပ်နေရာ ပေးလိုက်လို့ရပါတယ် ဘယ်နေရာပေးလို့ရပါတယ်ပေါ့ ပြည်နယ်တွေမှာလေ၊ အဲလို သူတို့အဆိုပြုကြတာတွေရှိတယ်၊ သို့သော်လည်းပဲ ဒါတွေက အပြောလွယ်သလောက် တကယ် လက်တွေ့လုပ်ရတာမှာ ခက်မယ်လို့ ကျွန်တော်တို့က တွက်ထားတာရှိတယ်၊ အာဏာရှင်စနစ်ကို ပြန်ပြီးတော့ ပုံဖော်ချင်တဲ့ နိုင်ငံရေးပါတီနဲ့ ဒီတပ်မတော် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းသွားပြီဆိုလို့ရှိရင် ကျွန်တော်တို့ ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး။"


NLD ပါတီက တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားတာတွေ ရှိပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးကြတဲ့အခါမှပုဒ်မ ၂၆၁ ပြင်ဆင်ဖို့ ကိစ္စတွေလည်း ပါလာမှာဖြစ်တယ်လို့ မုံရွာအောင်ရှင်က ဆိုပါတယ်။

အာဏာရ NLD အစိုးရက ပုဒ်မ ၂၆၁ ကိုမပြင်ဆင်ပဲ တစ်သက်လုံး ဆက်သွားမှာမဟုတ်ဘဲ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် ရင့်သန်လာချိန်မှာတော့ ကိုယ့်ပြည်နယ်ကို ကိုယ်အုပ်ချုပ်တဲ့စနစ်ကို ငြင်းစရာ မရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၂ ရက်နေ့က တိုင်းရင်းသားပါတီ ၄၈ ပါတီ ကိုပေးပို့တဲ့ NLD ရဲ့ စာထဲမှာ နောင်အနာဂတ်မှာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထား ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

တိုင်းရင်းသားပါတီတွေကတော့  ပုဒ်မ ၂၆၁ ကိုပြင်ပြီး ကိုယ့်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကို တိုင်းရင်းသားပါတီတွေကပဲ ရွေးချယ်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။