ရခိုင်လွှတ်တော် ဒီမိုကရေစီ ဆိတ်သုဉ်းတော့မယ်လို့ သုံးသပ်နေကြ

နေရိန်ကျော်
2020.10.29

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ တိုင်းနဲ့ပြည်နယ် ၆ ခုက ဒေသတချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အတွက် ပြည်သူ့လွှတ်တော်အတွက် ၁၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၇ နေရာနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်aတွေအတွက်နေရာ ၃၀ လစ်လပ်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က သမ္မတရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောထားပါတယ်။

ဒီလိုရွေးကောက်ပွဲ ဖျက်လိုက်တဲ့နေရာတွေထဲက အများဆုံးထိခိုက်နစ်နာမှာက ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် ရခိုင်ပြည်နယ်လွှတ်တော်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တဲ့ နေရာတွေအတွက် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၇ ဦး လစ်လပ်သွားမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ်က ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ ယောက်အပါအဝင် ၃၅ ယောက်ရှိပြီး၊ ရွေးကောက်ခံစရာမလိုတဲ့ တပ်မတော်သားကိုယ်စားလှယ်က ၁၂ ယောက်၊ စုစုပေါင်း ၄၇ ယောက်နဲ့ ပြည်နယ်လွှတ်တော်ကို ဖွဲ့စည်းထားတာပါ။ အခုတော့ ၂၇ နေရာ လစ်လပ်မှာ ဖြစ်တဲ့အတွက် လာမယ့် လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း အယောက် ၂၀ ပဲ ကျန်တော့မှာပါ။

ဒါကြောင့် လက်ရှိမှာတောင်လုပ်ပိုင်ခွင့်အတော်နည်းတဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဟာ လာမယ့် သက်တမ်းမှာ ပြည်သူ့ကိုယ်စားလှယ်တွေ အတော်အားပျော့သွားမယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

“ဒီမိုကရေစီမှာ လွှတ်တော်အားကောင်းဖို့ လိုတယ်။ လွှတ်တော်အားကောင်းရင် ပြည်သူအားကောင်းတယ်။ ပြည်သူအားကောင်းရင် လွှတ်တော်အားကောင်းတယ်။ အခုကျတော့ ရခိုင်ပြည်နယ်လွှတ်တော်ကို ရိုက်ချိုးလိုက်တဲ့သဘော ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်ထက်ဝက်ကျော် လျော့သွားတယ်။ အဲလိုလျော့သွားတဲ့အတွက် ဥပဒေပြုတာရော ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်တာရော၊ ပြည်သူကို ကိုယ်စားပြုပြီး ပြောဆိုကြတာတွေရော တော်တော့ကို လျော့နည်းသွားတယ်။ တနည်းပြောရရင် ဒီမိုကရေစီဆိတ်သုဉ်းသွားတယ် ”

တကယ်တော့ လူဦးရေ ၃ သန်းကျော်ရှိတဲ့ ရခိုင်ပြည်နယ်ဟာ စစ်မီးတောက်နေတဲ့ နေရာဖြစ်သလို၊ ကမ္ဘာကျော် ရိုဟင်ဂျာအရေးလဲဖြစ်နေတဲ့အတွက် ပြည်ထောင်စုတခုလုံးရဲ့ နိုင်ငံရေးအရအရေးကြီး တဲ့ဒေသဖြစ်သလို၊ စီးပွားရေးအရကြည့်ရင်လဲ တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အိန္ဒိယရဲ့ ကုလားတန်မြစ်စီမံကိန်းဆိုတဲ့ ဧရာမစီမံကိန်းတွေ အပြိုင်ဝင်ခြေချနေတဲ့ ဒေသဖြစ်လို့ စီးပွားရေးအရလဲ အရေးကြီးလှပါတယ်။

အခုလို နိုင်ငံရေးနဲ့ စီးပွားရေးမှာ အရေးပါတဲ့နေရာရောက်နေတဲ့ ရခိုင်ပြည်နယ်မှာ၊ လွှတ်တော်ဟာ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ လည်ပတ်ရမှာမဟုတ်ပဲ ရွေးကောက်မခံတဲ့ ကိုယ်စားလှယ် အများစုနဲ့လည်ပတ်ရတော့မှာဖြစ်ပါတယ်။

ဒါဆိုရင် အလားအလာဘယ်လိုရှိမလဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့က ဆရာမုံရွာအောင်ရှင် က အခုလို သုံးသပ်ပါတယ်။

“NLD ကတော့ ကျနော်မြင်တာတော့ ရခိုင်ပြည်နယ်မှာ တောင်ပိုင်းလောက်ပဲ လွှမ်းမိုးနိုင်မယ်လို့ ကျနော်မြင်တယ်။သံတွဲတို့ တောင်ကုတ်တို့ ဒီဘက် ကျောက်ဖြူ အတော်အသင့်ပေါ့။ အဲလောက်ပဲ ရှိတယ်။ အဲတော့ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့တော့ သူ့ရဲ့ Image ပေါ့လေ။ မေးခွန်းထုတ်စရာ ရှိလာမယ်လို့ ကျနော်ထင်တယ်။ ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေလဲ အားပျော့မယ်။ NLD ရဲ့အနေအထားလဲ အားပျော့မယ်။ အဲတော့အားကောင်းမှာကတော့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်နဲ့ USDP က တစ်ယောက်နှစ်ယောက် ပါချင်လဲ ပါမယ်ပေါ့။ အဲလိုမျိုးပဲ ဖြစ်လာဖို့များမယ်။ အဲတော့ သိပ်ပြီးတော့ မျှော်လင့်စရာမကောင်းဘူးပေါ့နော် ”

အဲဒီအပြင် မြို့နယ်လုံးကျွတ်ရွေးကောက်ပွဲဖျက်လိုက်တာက ၉ မြို့နယ်ဖြစ်လို့ အဲဒီနေရာတွေ အတွက် ပြည်သူ့လွှတ်တော် ၉ ယောက်ရှိတော့မှာမဟုတ်သလို၊ အမျိုးသားလွှတ်တော်အတွက် ၇ ယောက် ရှိတော့မှာမဟုတ်ပါဘူး။ ဒါဆိုရင် အဲဒီ ၉ မြို့နယ်ကပြည်သူတွေအတွက် ဘယ်သူက ကိုယ်စားပြုအရေးဆိုမလဲ။ အခု နိုဝင်ဘာလ ရွေးကောက်ပွဲပြီးလို့ ၂ နှစ်ကြာတဲ့အခါမှာ ကြားဖြတ်ရွေး ကောက်ပွဲဆိုတာ ရှိလာဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ကြားဖြတ်ရွေးကောက်ပွဲရော ကျင်းပနိုင်ဦးမလား ဆိုတာ ဘယ်သူမှသေ ချာမပြောနိုင် သေးပါဘူး။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက အခုလိုထောက်ပြပါတယ်။

“နောက်ထပ်ရွေးကောက်ပွဲတခုလာဖို့ဆိုတာက ဆောက်ဖြစ်မှကျောင်းဒကာ။ ပြည်သူတွေကိုယ်စားပြု ပါဝင်တဲ့ရွေးကောက်ပွဲတခုလုပ်မယ်ဆိုရင် နယ်မြေလဲတည်ငြိမ်အေးချမ်းဖို့လိုတယ်။ အဲဒီ တည်ငြိမ် အေးချမ်းမှုမရှိပဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လဲရတယ်။ အဲဒါဘယ်လိုရွေးကောက်ပွဲမျိုးလဲဆိုတော့ အခု ဥပမာ အမ်းမှာလုပ်တယ် အမ်းမှာမြို့နယ်တကွက်လောက်ပဲလုပ်တယ်၊ တောင်ကုတ်မှာလုပ်တယ်။ တကွက်လောက်ပဲလုပ်တယ်၊ ကျောက်ဖြူမှာလဲ ဒီအတိုင်းပဲ။ အဲဒီမြို့နယ်တွေမှာ လုပ်သလို လုပ်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်လို့မရတဲ့နေရာ မရှိဘူး။ အားလုံးမှာ လုပ်လို့ရတယ်။ သို့သော် ဒါဟာ ပြည်သူတွေကို ကိုယ်စားပြုတဲ့သဘောမှာမရှိဘူး။ ရွေးကောက်ပွဲဆိုတာ ပြည်သူကို ဘယ်လောက်ကိုယ်စားပြုလဲဆိုတာ ဖော်ပြဖို့လုပ်တာ”


NLD ပြန်ကြားရေးအဖွဲ့ဝင် ဆရာမုံရွာအောင်ရှင်ကတော့ အခုလိုပြောပါတယ်။

“ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ အထူးဦးစားပေးအစီအစဉ်နဲ့ကို လုပ်နေတယ်လို့ တနေ့က ဒေါ်အောင်ဆန်းစုကြည်က UEHRD သုံးနှစ်ပြည့်အစည်းအဝေးမှာ ပြောသွားတာရှိတယ်။ သို့သော်လဲပဲ ရခိုင်မှာ ပြဿနာက နှစ်ခုရှိတယ်။ သတ္တန္တရဘေးနဲ့ ရောဂန္တရဘေးပေါ့။ ပြည်မတွေမှာက အဲဒီဟာ ဒီလောက်ကြီးမရှိဘူး။ သတ္တန္တရဘေးဆိုတဲ့ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်တဲ့နေရာ ဖြစ်နေတယ်။ အဲဒီဟာအတွက် ရခိုင်ပြည်နယ်ကို ပိုပြီးတော့ဖွံ့ဖြိုးအောင်လုပ်ရမယ်ဆိုတဲ့မူနဲ့ လုပ်နေတယ်။ ပြည်နယ်လွှတ်တော်ကတော့ နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲတွေ ဖြစ်လာရင်၊ အဲဒီဒေသမှာလဲ ရွေးကောက်ပွဲ ကျင်းပလို့ရမယ်ဆိုရင်တော့ လွှတ်တော်ရဲ့အခန်းကဏ္ဍ ပိုပြီးတော့ကောင်းလာမယ်လို့ ကျနော်ထင်တယ်။ အခုအတိုင်းဆိုရင်တော့ တော်တော်ကိုအားနည်းသွားပြီ။ ကျနော်အဲလိုပဲမြင်တယ်”

ရခိုင်ပြည်နယ်က ရွေးကောက်ပွဲဖျက်လိုက်တဲ့ ဒေသတွေမှာ မှီတင်းနေထိုင်တဲ့လူဦးရေ ၁ သန်းကျော် ရှိပြီး၊ အဲဒီထဲက ၅ ပုံ ၁ ပုံဖြစ်တဲ့ ၂ သိန်းကျော်က စစ်ပြေးဒုက္ခသည်တွေဘဝ ရောက်နေရပါတယ်။ အခုလတ်တလောမှာ သေချာတာကတော့ အဲဒီလူတွေအတွက် ကိုယ်စားပြုမယ့်သူကင်းမဲ့သွားမှာ ဖြစ်သလို၊ ပေါ်ထွက်လာမယ့် ပြည်နယ်လွှတ်တော်မှာ ဒီမိုကရေစီစနစ်ကျအောင် ဘယ်လိုလျှောက်လှမ်းမလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

-------------------

(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။