လွှတ်တော်သစ်မှာ အမျိုးသမီးအခွင့်အရေး ပိုလုပ်လာနိုင်ဖွယ်ရှိ

သက်စုအောင်၊ သီဟထွန်း
2020.11.25

လာမယ့် လွှတ်တော်သစ်မှာ အမျိုးသမီးလွှတ်တော်အမတ် ၁၇ ရာခိုင်နှုန်းကျော် ပါဝင်လာမှာဖြစ်တဲ့အတွက် အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပိုကောင်းလာဖို့၊ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့အသံတွေ ပိုထွက်ပေါ်လာပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ပိုဆောင်ရွက်နိုင်လိမ့်မယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်‌တော် ကိုယ်စားလှယ်တွေက ဒီနေ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ “နိုင်ငံတကာ အမျိုးသမီးများအကြမ်းဖက်ခံရမှု ဆန့်ကျင်‌ရေးနေ့” မှာ ပြောလိုက်ပါတယ်။

အခု ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းကျော်က အမျိုးသမီးအမတ်တွေ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက် အမျိုးသမီး အမတ်အရေအတွက်က ၄ ရာခိုင်နှုန်းကျော် တိုးလာပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးကိုယ်စားလှယ် ၁၉၄ ဦး ရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့  အမျိုးသမီးကိုယ်စားလှယ် ၁၅၁ ဦး အနိုင်ရခဲ့တာဖြစ်လို့  လာမယ့် အစိုးရသက်တမ်း လွှတ်တော်တွင်းမှာ အမျိုးသမီးအမတ်ဦးရေ ၄၀ ကျော် တိုးလာမှာပါ။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်ထုမေကတော့ လာမယ့် သက်တမ်း ငါးနှစ်အတွင်းမှာ အမျိုးသမီးအလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး အဓိကထား ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒေါ်ထုမေလိုပဲ ပါတီကို ကိုယ်စားမပြုဘဲ တစ်သီးပုဂ္ဂလအနေနဲ့ ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့ အမျိုးသမီး ကိုယ်စားလှယ်ကတော့ ဒေါ်မရန်ဂျာဆိုင်း‌‌ခေါ်န်ကတော့ လွှတ်တော်ထဲမှာ အမျိုးသမီးအမတ်တွေ များလာရင် အမျိုးသမီးတွေအတွက် ပိုအလုပ်လုပ်နိုင်မယ်လို့ ယူဆတယ်လို့ ပြောပါတယ်။

"အမျိုးသမီးတွေက ပြောတဲ့ဆိုတဲ့အခါမှာ တချို့အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထက်စာလို့ရှိရင် ကတော့ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်တွေက ကိုယ်ရဲ့ ကိုယ်ကျိုးနစ်နာမှုအတွက်ကို သိပ်ပြီးတော့ မငဲ့ကွက်ဘဲနဲ့ ပိုပြီးတော့ သူ့လူထုတွေအတွက်ကို ရှေ့တန်းတင်ပြီးတော့ ပြောတတ်ဆိုတတ်ဆိုတဲ့ တာကိုလည်း လွှတ်တော်တွင်း  တင်ပြချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ အဲတော့ အမျိူးသမီးတွေကို လွှတ်တော်ကို ပိုပြီးတော့ ရောက်လာလေလေ အများကြီး ပိုလုပ်ပေးနိုင်တယ်လို့ ကျမ အနေနဲ့ ယူဆပါတယ်။"

၂၀၂၀ အနိုင်ရ အမျိုးသမီးအမတ် ၁၉၄ ဦးက  အမျိုးသားလွှတ်တော်မှာ ၂၅ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၅၃ ဦး၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ၁၁၆ ဦး ရှိလာမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က  တစ်နိုင်ငံလုံးမှာ လွှတ်တော်ကိုယ်စားလှယ် ကိုးရာကျော်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးကိုယ်စားလှယ် ၁၆၇ ဦး ပါဝင်ခဲ့ပါတယ်။

NLD က အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အမျိုးသမီးထဲမှာ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့သလို၊ တိုင်းရင်းသားပါတီတွေ၊ တစ်သီးပုဂ္ဂလတွေထဲက အနိုင်ရ အမျိုးသမီး ကိုယ်စားလှယ်တချို့လည်း ခရစ်ယာန်ဘာသာဝင်တွေဖြစ်ကြပါတယ်။

ဒါကြောင့်မို့ လာမယ့် လွှတ်တော်ဟာ မတူညီတဲ့ရှုထောင့်တွေနဲ့ စုံလင်တဲ့ စဉ်းစားတွေးခေါ်ပုံတွေနဲ့ ပိုပြီး အသက်ဝင်လာမယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အဖွဲ့လည်းဖြစ်၊ အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့လည်းဖြစ်တဲ့ ဖန်တီးအိမ် က ဒေါ်ခင်လေးငယ်က သုံးသပ်ပါတယ်။

"ရွေးကောက်ခံရတဲ့ အမျိုးသမီးကိုယ်စားလှယ်တွေကို လေ့လာလိုက်တဲ့အခါကျလို့ရှိရင် ဘာသာပေါင်းစုံ ပေါ့နော်၊ ခရစ်ယာန်၊ မွတ်စလင်၊ ဗုဒ္ဒဘာသာ ဘာသာတွေ အများစုံစုံလင်လင် ပါလာတာကို တွေ့ရတယ်၊ အသက်အရွယ်လည်း စုံစုံလင်လင် ပါလာတာတွေ့ရတဲ့အခါကျ ဒီအမျိုးသမီးတွေရဲ့ အမြင်တွေ၊ အမျိုးသားတွေရဲ့ အမြင် ပိုစုံလာတဲ့အပြင်ကို မတူတဲ့ ရှုဒေါင့်တွေ၊ ဘာသာရေး ရှုဒေါင့်တွေပဲ ဖြစ်ဖြစ် နောက်တစ်ခါ အသက်အရွယ်အရ အတွေ့အကြုံအရ မတူတဲ့အမြင်တွေ ဒါတွေ အကုန်လုံးကို တူတူပေါ့၊ စဉ်းစားခွင့်ရလာမယ်၊ တစ်ဖက်သတ် လူတန်းစားတစ်ခုရဲ့ အမြင်တင်မကတော့ဘဲ စုံလင်တဲ့ စဉ်းစား တွေးခေါ်ပုံတွေ ရှုမြင်ပုံတွေနဲ့ ပိုပြီးတော့ ကိစ္စတွေကို ချဉ်းကပ်လာနိုင်မယ်လို့ ထင်ပါတယ်ရှင်။"

အမျိုးသမီးအမတ်တွေ တိုးလာတဲ့အတွက် အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ပေးမယ့် ဥပဒေတွေကို ပြင်ဆင်တာတွေ၊ ဥပဒေသစ်တွေ ရေးဆွဲ ပြဌာန်းလာနိုင်ဖို့လည်း စိတ်အားထက်သန်နေကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အင်းတော်မြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ လက်ရှိ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီက ဒေါက်တာ ဒေါ်ပြုံးကတော့ လာမယ့် လွှတ်တော်တွင်းမှာ အမျိုးသမီးအမတ်တွေ များလာတဲ့အတွက် အမျိုးသမီး၊ ကလေးသူငယ်ကိစ္စတွေနဲ့ ဆိုင်တဲ့ အပြီးမသတ်သေးတဲ့ ဥပဒေတွေကို ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိလာမယ်လို့ ပြောပါတယ်။

"အမျိုးသမီး အစုပေါ့နော်၊ ပိုများလာတယ်၊ ပိုများလာတဲ့အခါကျတော့ မနှစ်တုန်းက လုပ်လက်စ အမျိုးသမီးနဲ့ ပတ်သက်တဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်တာတွေ၊ ကလေးသူငယ်အခွင့်အရေး ကာကွယ်တာတွေ ဆက်လုပ်မှာပေါ့၊ ဆက်လုပ်တဲ့အပြင်ကို ဒါက ဥပဒေအပိုင်းပေါ့၊ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုလည်း ပြန်ပြီးတော့ တိုက်ရိုက်ပတ်သက်တာလည်း တစ်မျိုးပေါ့၊ သွယ်ဝိုက်ပတ်သက်တဲ့ ဥပဒေမျိုးဆို ဥပမာ၊ မူးယစ်ဆေးဝါးဥပဒေလိုမျိုး ဒါဆိုရင် သွယ်ဝိုက်ပြီးတော့ အမျိုးသမီးတွေကို ထိခိုက်နစ်နာစေတဲ့ ဥပဒေမျိုးဆိုလည်း ပြန်သုံးသပ်ပြီး ပြင်စရာရှိတာပြင်မယ်ပေါ့။"

ကယားပြည်နယ် ရှားတောမြို့နယ်က NLD ကိုယ်စားလှယ်လောင်းကို အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက် တစ်ပါတီက အသက် ၂၈ နှစ်အရွယ် အမျိုးသမီး  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မော်မိုးမြာကလည်း အမျိုးသမီးတွေကို အဟန့်အတားဖြစ်စေမယ့် ဥပဒေတွေကို  ပြုပြင်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

"ကျမတို့ မျှော်လင့်တာက အမျိုးသမီးပါဝင်တဲ့အတွက်ကြောင့် အမျိုးသမီးတွေရဲ့ အရေးကို ပိုမို တောင်းဆို နိုင်မယ့်အပြင် အမျိုးသမီးတွေကို အဟန့်အတားဖြစ်စေမယ့် ဥပေဒတွေကို ကျမတို့ကိုယ်တိုင် တားဆီးမှရမယ် ဥပဒေကို ပြုပြင်မှရမယ်ဆိုပြီး ကျမတို့ မျှော်လင့်ထားတယ်၊ အမျိုးသမီး အဖွဲ့အစည်းတွေကနေပြီးတော့မှပဲ အမျိုးသမီးကိုယ်စားလှယ်တွေကို တိုက်တွန်းအားပေးပြီးတော့မှ အကြံပေးပြီးတော့မှ ဒီလွှတ်တော် အားကောင်းအောင် လွှတ်တော်ကို ထိန်းကျောင်းနိုင်ဖို့အတွက် ပြင်ဆင်လုပ်ဆောင်သွားဖို့ရှိပါတယ်။"

သူဟာ တိုင်းရင်းသားအရေးတက်ကြွ လှုပ်ရှားသူဖြစ်သလို၊ သိမ်းဆည်းမြေလယ်ယာ ပြန်လည်ရရှိရေး၊ နောက် လူသိများတဲ့ ကယားပြည်နယ် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် စိုက်ထူတာနဲ့ပတ်သက်ပြီး ဒေသအာဏာပိုင်တွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အမျိုးသမီး တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၅၈၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အနက် အမျိုးသမီး ကိုယ်စားလှယ်လောင်းက ကိုးရာကျော် ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅၊ ရွေးကောက်ပွဲတွေထက် အခု ၂၀၂၀ ရွေးကောက်ပွဲဟာ အမျိုးသမီးပါဝင်မှု အများဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

၂၀၁၀ မှာ အမျိုးသမီး ကိုယ်စားလှယ် တစ်ရာကျော်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း ရှစ်ရာနီးပါးသာ ဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အခုလို အမျိုးသမီးကိုယ်စားလှယ်အရေအတွက် များလာတာဟာ နိုင်ငံရေးပါတီတွေအနေနဲ့လည်း နိုင်ငံရေးမှာ အမျိုးသမီးပါဝင်မှုကို ပိုပြီး အလေးထားဆောင်ရွက်လာသလို အမျိုးသမီးတွေကိုလည်း စွမ်းရည်ပြည့်အောင် လေ့ကျင့်ပေးလာတာတွေရှိပြီး ၊ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း  နိုင်ငံရေးမှာ ပါဝင်လာကြတာကြောင့် ဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာသူတွေက သုံးသပ်ကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။