ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်ကန့်သတ်မှု ဒီမိုကရေစီနဲ့ ဆန့်ကျင်တာလို့ နိုင်ငံရေးပါတီတွေပြော

နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားအဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးနဲ့ တွေ့မယ် ဆိုရင် ခွင့်ပြုချက် ယူရမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ်လ ၁၁ ရက်နေ့မှာ ပါတီတွေထံ အကြောင်းကြားခဲ့ပါတယ်။
အဲဒီအကြောင်းကြားစာထဲမှာ ခွင့်ပြုချက်မယူဘဲ တွေ့ဆုံရင် ပါတီဖျက်သိမ်းခံရနိုင်တယ်လို့ သတိပေးထားတာကြောင့် ဒါဟာ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပမယ်လို့ ပြော ထားတဲ့ စစ်ကောင်စီအနေနဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ကို သွားနေတာလို့ နိုင်ငံရေးပါတီ တွေက ဝေဖန်ပါတယ်။
“ဒီရွေးကောက်ပွဲအပေါ်မှာ ဒီအင်အားစုတွေ (နိုင်ငံရေးပါတီ) အနေနဲ့ အယုံအကြည်ပိုပြီးတော့ ကင်းမဲ့လာပါလိမ့်မယ်"
စစ်ကောင်စီရဲ့ UEC ကတော့ တခြားနိုင်ငံတစ်ခုခုရဲ့ အစိုးရ၊ ဘာသာရေးအဖွဲ့အစည်း၊ တခြားအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်ဆီကနေ ငွေကြေး၊ ပစ္စည်းနဲ့ အထောက်အပံ့ တိုက်ရိုက် ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် မယူဖို့နဲ့ ဩဇာခံမဖြစ်ဖို့ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၀၇ (ဂ)၊ ပုဒ်မ - ၄၀၈ နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ - ၆ (စ) မှာ ဖော်ပြ ထားပါတယ်။
ဒါပေမဲ့လည်း နိုင်ငံခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုဟာ အထောက်အပံ့ယူတာ မဟုတ်တဲ့အတွက် အခုလို အကြောင်းကြားတာဟာ စစ်ကောင်စီရဲ့ ချုပ်ကိုင်မှုသာဖြစ်တယ် လို့ ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။
“နိုင်ငံတော်ရဲ့ လုံခြုံရေး၊ အချုပ်အခြာအာဏာအရ ပြည်ပကနေပြီးတော့ ငွေကြေး အထောက်အပံ့ယူ၊ ဩဇာခံယူတာမျိုး မဖြစ်ရဘူးဆိုတာကတော့ ဒါက သဘာဝကျတယ်။ သို့သော် နိုင်ငံခြားသံရုံးဖြစ်စေ၊ နိုင်ငံခြား အဖွဲ့အစည်း တစ်ခုခုဖြစ်စေ တွေ့ခြင်းဟာ အထောက်အပံ့ယူတာ မဟုတ်ဘူး။ အထောက်အပံ့ ရယူတယ်ဆိုရင် ဥပဒေအရ အရေး ယူလို့ရတယ်။ တွေ့ဆုံခွင့်ကို ချုပ်ကိုင်တာကတော့ ဒီမိုကရေစီ စံချိန်စံညွှန်းအရလည်း ဘယ်လိုမှ မအပ်စပ်ဘူး၊ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ကျနော်ကတော့ မြင်တယ်”
UEC ရဲ့ အကြောင်းကြားစာအရဆိုရင် နိုင်ငံခြား သတင်းမီဒီယာတွေကိုပါ အင်တာဗျုးဖြေ ဆိုဖို့ ခွင့်ပြုချက် တင်ရမယ့်သဘောမျိုး သက်ရောက်နေတယ်လို့လည်း ဦးကိုကိုကြီးက ဆိုပါတယ်။
တရားဝင် ခွင့်ပြုချက်နဲ့လာတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ခွင့်ပြုချက်လိုတယ် ဆိုတာ သဘာဝမကျဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော် မတီဝင် ဦးထွန်းအောင်ကျော်က RFA ကို ပြောပါတယ်။
“ရခိုင်ကိုလာပြီးတော့ ကျနော်တို့ပါတီတွေနဲ့ တွေ့မယ်ဆိုရင်ကတော့ အဲဒီနိုင်ငံခြား အဖွဲ့အစည်းတွေက သွားပါ၊ လာပါဆိုတဲ့ ခွင့်ပြုချက်ရပြီးမှ လာတာကိုး။ တရားဝင်လာ တဲ့ အဖွဲ့အစည်းနဲ့ ကျနော်တို့တရားဝင် နိုင်ငံရေးပါတီ လွတ်လွတ်လပ်လပ် တွေ့လို့ရ တယ်။ အခုက ဘာအကြောင်းနဲ့ အဲဒီလို ပြောတာလဲတော့ ကျနော်တို့လည်း မသိသေး ဘူးခင်ဗျ။ အဲဒီတော့ မတွေ့စေချင်ရင် ခွင့်မပြုတာ ကောင်းတယ်။ အဲဒါကြောင့် ကျနော် တို့ကတော့ ဒါအလုပ်ပိုတယ်လို့ပဲ မြင်တယ်ဗျ”
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံတကာသံရုံး၊ အဖွဲ့အစည်းနဲ့ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေက ဝင်ရောက်စွက်ဖက်မှု ရှိခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့သလို အခု လည်း နိုင်ငံတကာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ ခွင့်ပြုချက် တောင်းရမယ်လို့ အကြောင်းကြားစာ ထုတ်ပြန်လာတာပါ။
မွန်ညီညွတ်ရေးပါတီ (MUP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေကတော့ UEC ရဲ့ ပိတ်ပင် ချုပ်ကိုင်မှုဟာ ပါတီတွေအတွက် အခက်တွေ့စေတယ်လို့ ပြောပါတယ်။
“အထူးသဖြင့် အဟန့်အတားဖြစ်တာကတော့ ကျနော်တို့ တရားဝင်ပေါ့နော်။ သံရုံးကပဲ ဖြစ်စေ၊ တရားဝင်ပေါ့ နိုင်ငံတကာက မြန်မာပြည်ထဲကို ဝင်လာတဲ့ နိုင်ငံခြားအဖွဲ့ အစည်းနဲ့ တွေ့တဲ့အခါကျ အဲဒီအခါကျ ပေးတွေ့တယ်။ တကယ်လို့ ကျနော်တို့က တွေ့ချင်တယ်ဆို ကော်မရှင်ကနေ စာတင်ရဦးမယ်။ တွေ့ခွင့်တောင်းရမယ်ဆိုတော့ အဲဒါနည်းနည်းတော့ အခက်တွေ့မယ်ထင်တယ်နော်”
နိုင်ငံရေးပါတီနဲ့ သက်ဆိုင်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေမှာ နိုင်ငံခြား အထောက်အပံ့မယူဖို့၊ ဩဇာခံမဖြစ်ဖို့ကိုပဲ ပြဋ္ဌာန်းထားပြီး နိုင်ငံခြားအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေနဲ့ မတွေ့ဆုံဖို့ ပြဋ္ဌာန်းထားတာ မရှိဘူးလို့ နိုင်သန်းရွှေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့အတွက် ဒီကိစ္စဟာလည်း တရားမဝင်ဘူးလို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ဝေဖန်ပါတယ်။
"UEC က ကျနော်တို့က တရားမဝင်တဲ့ အဖွဲ့အစည်းလို့ပဲ သတ်မှတ်ထားပါတယ်။ UEC ရဲ့ ဒီလုပ်ရပ်တွေ အကုန်လုံးကလည်း တရားမဝင်ပါဘူး။ UEC ဒီလိုလုပ်ပြတယ်ဆိုတာ ကလည်း အတော်ကို အကျည်းတန်ရုပ်ဆိုးတဲ့ လုပ်ရပ်တစ်ခုကို လုပ်ပြတာပါပဲ။ ဒါက လည်း စစ်ကောင်စီရဲ့ မြောက်မြားစွာသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမို ကရေစီအရေး ချိုးဖောက်မှုတွေ အချက်အလက်တွေထဲက တစ်ခုပဲဖြစ်ပါတယ်"
ဒါပေမဲ့ နိုင်ငံရေးပါတီတွေကို ပိတ်ပင်တာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အခြေခံ ကျကျ ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ဦးဘိုဘိုဦးက ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုရှိတယ်လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ တစ်နှစ်ခွဲကျော်အတွင်း အနိုင်ရပါတီနဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးတာ၊ မဲရလဒ်ဖျက် သိမ်းတာ၊ မဲမသမာမှုနဲ့ သက်ဆိုင်မှုမရှိတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုတာ၊ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ မဲများသူအနိုင်ရတဲ့ (FPTP) စနစ်ကို ဖျက်သိမ်းပြီး အချိုးကျ ကိုယ်စားပြု စနစ် (PR) နဲ့ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ စစ်ကောင်စီခေါင်း ဆောင်က မကြာခဏ ပြောဆိုထားပါတယ်။
UEC ရဲ့ ချုပ်ကိုင်မှုတွေသာ ပိုဆိုးလာရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံရေး ပါတီတွေ ယုံကြည်မှု ကင်းမဲ့လာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ဒီရွေးကောက်ပွဲအပေါ်မှာ ဒီအင်အားစုတွေ (နိုင်ငံရေးပါတီ) အနေနဲ့ အယုံအကြည်ပိုပြီး တော့ ကင်းမဲ့လာပါလိမ့်မယ်။ နောက်ပြီးတော့ ဒီလိုအင်အားစုတွေလည်း ရွေးကောက်ပွဲ ထဲမှာ ပါဝင်ဖို့အတွက် အကန့်အသတ် ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ အဲဒါ ကြောင့် စစ်ကောင်စီက ကျင်းပမယ်လို့ပြောတဲ့ ရွေးကောက်ပွဲ၊ သူတို့သွားချင်တဲ့ နိုင်ငံ ရေးလမ်းကြောင်း အဲဒါတွေအတွက်ကတော့ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲတစ်ရပ်၊ လူထုလက္ခဏာဆောင်တဲ့ ရွေးကောက်ပွဲတစ်ရပ်တော့ မဖြစ်နိုင်ဘူးလို့ ကောက်ချက် တော့ ချလို့ရပါတယ်”
စစ်ကောင်စီဟာ သူ့ရဲ့လမ်းစဉ်ကို အကောင်အထည်ဖော်ရာမှာ သူမပါဝင်စေချင်တဲ့ နိုင်ငံ ရေးပါတီတွေနဲ့ အင်အားစုတွေကို ခွဲခြားသတ်မှတ်ဖို့ အခုလို လုပ်ဆောင်နေတာလို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်းဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ သက်တမ်းကုန်မှာဖြစ်လို့ အခုလက်ကျန် ခြောက်လတာကာလ အတွင်း ရွေးကောက်ပွဲကို ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။