စစ်ကောင်စီက အီလက်ထရွန်နစ် မဲပေးစက်ကို နိုင်ငံရေးပါတီတွေကို ရှင်းလင်း

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.09.05
စစ်ကောင်စီက အီလက်ထရွန်နစ် မဲပေးစက်ကို နိုင်ငံရေးပါတီတွေကို ရှင်းလင်း ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် နိုင်ငံရေးပါတီများအား အီလက်ထရွန်နစ်မဲပေးစက်အကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦး ရှင်းလင်းနေစဉ်။
AFP

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေရှိခဲ့တယ်ဆိုပြီး အာဏာ သိမ်းလိုက်တဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အီလက်ထရွန်နစ်စနစ်နဲ့ မဲပေးရေးအတွက် ကြိုးပမ်းနေပြီး မဲပေးစက်ကို နိုင်ငံရေး ပါတီတွေကို ချပြလာပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့မှာ မှတ်ပုံတင်ခွင့်ရပြီးဖြစ်တဲ့ နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့တွေ့ဆုံပြီး မဲပေးစက်ကို မိတ်ဆက် စမ်းသပ်တာတွေလုပ်ခဲ့သလို အဲဒီမတိုင်ခင် ဩဂုတ်လကုန်ပိုင်းကလည်း စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဝန်ကြီးတွေကို ဒီစက်ကို ပြသခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ စက်တစ်ခုကို သုံးပြီး ရွေးကောက်ပွဲရလဒ်ကိုထုတ်မယ်ဆိုတာဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်း၊ ဒလမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။

"ကျွန်တော်တို့လို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတစ်ခုအနေနဲ့ စက်တစ်ခုကို အသုံးပြုပြီးတော့ ရွေးကောက်ပွဲရလဒ်တစ်ခုကို ထုတ်ရမယ်ဆိုတာ အင်မတန် ရီစရာ ကောင်းတဲ့ ကိစ္စရပ်တစ်ခုပဲ ဖြစ်တယ်ဗျ။ ပုံမှန် Manual လုပ်ရမယ့် ကိစ္စရပ်တွေမှာတောင်မှ ကျွန်တော်တို့မှာ အထစ်အငေါ့တွေ တစ်ခါတစ်ရံ ရှိတက်ကြတာ။ အဲဒါမှာ စက်သွားအားကိုးပြီး ဒီစက်ကို ဘယ်လောက်ယုံကြည်ရမလဲဆိုတာ မေးခွန်းထုတ်စရာ တွေ အများကြီးရှိပါတယ်။ ဒါတွေဟာ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးဗန်းပြပြီးတော့ နိုင်ငံတကာကို ချိုသကာလောင်းပြနေတဲ့ လုပ်ရပ်သာဖြစ်တယ်။ သူရဲ့ ထွက်ပေါက် တစ်ခုအတွက်ကိုသာ ကြံဆောင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်ခင်ဗျ"

စစ်ကောင်စီဘက်ကတော့ Myanmar Electronic Voting Machine (MEVM) လို့ အမည်ပေးထားတဲ့ ဒီမဲပေးစက်ဟာ လုံခြုံရေးစနစ် စိတ်ချယုံကြည်ရတယ်လို့ ကြေညာထားပါတယ်။

"ကျွန်တော်တို့လို မဖွံ့ဖြိုးသေးတဲ့နိုင်ငံတစ်ခုအနေနဲ့ စက်တစ်ခုကိုအသုံးပြုပြီးတော့ ရွေးကောက်ပွဲရလဒ်တစ်ခုကို ထုတ်ရမယ်ဆိုတာ အင်မတန်ရီစရာကောင်းတဲ့ကိစ္စရပ်တစ်ခုပဲ ဖြစ်တယ်ဗျ"

Internet ၊ Wireless စနစ် မဟုတ်လို့ နည်းပညာဆိုင်ရာ မသမာမှုတွေ လုပ်ဆောင်လို့ မရကြောင်းနဲ့ ခလုတ်တစ်ချက်နှိပ်ပြီးသာ မဲပေးရတာဖြစ်လို့ လူတိုင်းလွယ်လင့်တကူ မဲပေးနိုင်တယ်လို့ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ မန္တလေးမြို့ခံတစ်ဦးကတော့ မဲပေးစက်နဲ့ မဲပေးမယ်ဆိုရင် မဲလိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။

"ဒါကတော့ဗျာ လိမ်မှာပေါ့။ ပြန်ပြောရင် ကျွန်တော်တို့ ၂၀၀၈ က ဖွဲ့စည်းပုံပြည်သူ ရာခိုင်နှုန်းဘယ်လောက်က ထောက်ခံပါတယ်ဆိုပြီး ကျွန်တော်တို့ကိုယ်တိုင် ကန့်ကွက်မဲပေးတဲ့ဟာတောင် ကျွန်တော်တို့ ဘာမှကြည့်ခွင့်မရဘဲ လိမ်ခဲ့သေးတာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုတဲ့ ရွေးကောက်ပွဲမျိုးတွေ၊ ၂၀၁၀ ဦးသိန်းစိန်တက်လာတဲ့ ရွေးကောက်ပွဲမျိုးတွေ၊ အဲဒီလိုလိမ်တဲ့အရာမျိုးတွေတော့ လုပ်ကောင်းလုပ်မှာပေါ့။ တကယ်လို့ သူတို့လုပ်လို့ရှိရင်လည်း ဒီတစ်ခါ မဲစာရင်းလိမ်တာကတော့ ၂၀၂၀ ရွေးကောက်ပွဲမဟုတ်ဘူး။ သူတို့လိမ်တယ်လို့တောင် သမိုင်းတွင်ရင် တွင်သွားမှာပေါ့ဗျာ"

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေ ရှိခဲ့တာကြောင့် သူအာဏာသိမ်းလက်ထက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးသန်းခေါင် စာရင်းကောက်ယူပြီး ထွက်လာတဲ့ လူဦးရေစာရင်းကို အခြေတည်ပြီး ပြုစုမယ်လို့ ပြောထားပါတယ်။

၂၀၂၄ မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး အဲဒီနောက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က အခုလ ၁ ရက်နေ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ခံ NLD လူငယ်တစ်ဦးက စစ်ကိုင်းတိုင်းမှာ ဘယ်စနစ်နဲ့မဆို စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့နဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"ကျွန်တော်တို့ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲကတော့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်က အာမခံပြီး ပြောရဲတယ်။ သူတို့ပြောတဲ့ စက်ခလုပ်က မဲရုံမှာပဲသွားပြီး မဲပေးရမယ့်သဘောကိုး။ မဲရုံကိုသွားတဲ့ပုံစံလုပ်မလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ပဲ အိမ်တွေမှာလိုက်ပြီး လုပ်မလားဆိုတာတော့ ကျွန်တော်တို့ ကွဲကွဲပြားပြားတော့ မသိရသေးဘူးပေါ့ဗျာ။ ဒါပေမဲ့ ပြောနိုင်တာတစ်ခုကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တော်တော်များများက စစ်ဘေးရှောင်နေကြတော့ သူတို့ သန်းခေါင်စာရင်းပြုစုရင်လည်း အလိမ်အညာတွေပဲ"

အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)
အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Myanmar Military)

မြို့ခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ နိုင်ငံတစ်ဝန်းတည်ငြိမ်မှုမရှိလို့ သန်းခေါင်စာရင်း ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောကြပြီး စစ်ကောင်စီဥက္ကဋ္ဌကတော့ နှောင့်ယှက်တားဆီးတာတွေရှိပေမယ့် မဲစာရင်းကောက်ယူတာကို ဆက်ပြီး လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာဆက်ဖို့ ရွေးကောက်ပွဲကို အသုံးချနေတာသာ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောပါတယ်။

"သူတို့ရွေးချယ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ သူတို့မှာယူတင်သွင်းတဲ့စက်ကို ဗန်းပြပြီးဆောင်ရွက်နေလို့ ဝါဒဖြန့်ရုံ သက်သက်ပဲလို့ မြင်တယ်။ အာဏာဆက်ဖို့ ရွေးကောက်ပွဲကို လက်နက်အဖြစ် သူအသုံးချနေတယ်"

စစ်ကောင်စီက အသစ်ပြန်လည်ပြုပြင်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ ဩဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားပြီးတဲ့ပါတီ ၆၄ ခုရှိပြီလို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။