စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲအိပ်မက်

RFA Burmese
2023.08.10
စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲအိပ်မက် အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

မဲမသမာမှုအကြောင်းပြချက်နဲ့ ရွေးကောက်ခံ အစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တစ်ကျော့ပြန် ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတာ အချိန်တစ်နှစ်နီးပါး ရှိလာပါပြီ။

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံမှုတွေနဲ့ ကြုံနေရလို့ ရွေးကောက်ပွဲရဲ့ ကနဦးလုပ်ငန်းစဉ် ဖြစ်တဲ့ လူဦးရေစာရင်း ကောက်ယူတာလည်း အဆုံးမသတ်နိုင်သေးပါဘူး။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က အာဏာသက်တမ်းတိုးဖို့လုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူရဲ့ ရွေးကောက်ပွဲအခင်းအကျင်း နှစ်ခုကို ပြောခဲ့ပါတယ်။

"နိုင်ငံရေးအဖြေက ရွေးကောက်ပွဲ မဟုတ်ဘူး။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲ၊ နိုင်ငံရေးအရ အဖြေရှာတာ”

အဲဒီအခင်းအကျင်းတွေထဲက တစ်ခုကတော့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပတာဖြစ်ပြီး နောက်တစ်ခုကတော့ မတည်ငြိမ်တဲ့ဒေသတွေကိုချန်ပြီး စစ်ကောင်စီ ထိန်းချုပ်နိုင်တဲ့နေရာတွေမှာပဲ ရွေးကောက်ပွဲ ကျင်းပတာပါ။

ဒါပေမဲ့ ဘယ်နည်းလမ်းနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးက ပြောမသွားခဲ့ဘဲ နိုင်ငံတစ်ဝန်း လုံခြုံရေးထပ်တိုးလုပ်ဖို့ လိုအပ်နေတယ်ဆိုပြီးသာ အဆုံးသတ်ခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ခုခံမှုအားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ကရင်၊ ကယား၊ ချင်း၊ တနင်္သာရီ၊ မွန် စတဲ့ဒေသတွေမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခွင့်အလမ်းနည်းတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး နိုင်ငံရေးပါတီ မှတ်ပုံပြန်မတင်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်ဖို့ထက် အာဏာဆက်သိမ်းရေးကိုပဲ လုပ်နိုင်တယ်လို့ ပြောပါတယ်။

“တစ်တိုင်းပြည်လုံးအနှံ့ ဘယ်လိုမှလုပ်နိုင်တဲ့ အခြေအနေမရှိဘူး။ သူတို့ လုပ်မယ် ဆိုလည်း အချိန်အကြာကြီးယူပြီး နှစ်နဲ့ချီလုပ်မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ရွေးကောက်ပွဲက သူတို့ (စစ်ကောင်စီ) ကြေညာထားတဲ့အခါကျတော့ လုပ်ပေးရမယ့် သဘောဖြစ်နေတာကိုး။ ကာလတစ်ခုမှာတော့ လုပ်ရလိမ့်မယ်။ တရားဝင်မှုရအောင်တော့ ကြိုးစားမှာပေါ့။ အနိမ့်ဆုံးအဆင့် အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုအောင်၊ နိုင်ငံတကာမှာ အပြကောင်းအောင် အဲဒီလိုအလုပ်မျိုးတော့ လုပ်မှာပဲ။ အဲဒါက သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်နေတာ”

အာဏာသိမ်းလိုက်တဲ့အကျိုးဆက်အဖြစ် စစ်ကောင်စီဟာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးကို တက်ခွင့်မရသေးသလို ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံရဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုလည်း ခံနေရတာပါ။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို နှောင့်ယှက်ရင် ရွေးကောက်ပွဲကို ကြန့်ကြာစေနိုင်တယ်လို့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက် နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးကတော့ တော်လှန်ရေးသမားတွေ တိုက်ခိုက်နေလို့ တိုင်းပြည် မငြိမ်းချမ်းဘူးဆိုတာ စစ်ကောင်စီအတွက် အကြောင်းပြချက် လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေးသမားတွေ တိုက်ခိုက်နေလို့ မငြိမ်ဘူးပြောပြီးတော့ ဆက်ပြီးအုပ်ချုပ်နေတာက သူ့အတွက်အကြောင်းပြချက် တစ်ခုအနေနဲ့ပဲ ဆက်လုပ်သွားမှာ”

စစ်ကောင်စီကို ဆက်ပြီးလက်နက်ကိုင် ခုခံတော်လှန်မယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာဆက်ယူထားတဲ့ အခုခြောက်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးဖို့ နိုင်ငံတစ်ဝန်း တည်ငြိမ်အောင် ကြိုးစားနေပုံရတယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပါတယ်။

“တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းတစ်ခုကို မဖော်ဆောင်ဘဲနဲ့ ရွေးကောက်ပွဲကြီး တစ်ခုကို မကျင်းပနိုင်ဘူး။ ရွေးကောက်ပွဲသည် သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တယ်။ အဲသလို ကျင်းပဖို့အတွက် တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းကို အခုခြောက်လတာအတွင်း ထဲထဲဝင်ကြိုးစားဆောင်ရွက်မှဖြစ်မယ်။ အဲလို ကြိုးစား ဆောင်ရွက်ဖို့အတွက် အစိုးရအဖွဲ့ ပုံသဏ္ဏာန်ကိုပြောင်းတာပေါ့။ ဒါသူရဲ့ လုပ်ငန်းက ရက်ပိုင်းပဲရှိသေးတာဆိုတော့ အဲဒီ သဘောတော့ တွေ့ရပါတယ်”

ဒီခြောက်လအတွင်း တည်ငြိမ်အေးချမ်းမှုမရှိသေးဘူးဆိုရင်တော့ အရေးပေါ်ကာလ သက်တမ်း ထပ်တိုးနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

၂၀၂၁၊ ဩဂုတ်လထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရေးပေါ် ကာလသက်တမ်း တစ်နှစ်နဲ့ နောက်ထပ် ခြောက်လ နှစ်ကြိမ်ပြီးရင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် ခြောက်လပေး ပြီးဆောင်ရွက်မယ်လို့ ပြောခဲ့တာပါ။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲ PDF အမှတ် (၁၀) တပ်ရင်း တာဝန်ခံကတော့ သူတို့ဒေသမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံပါဘူး။

“ယင်းမာပင်ခရိုင်ထဲမှာတော့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ PDF တွေ အားသာနေတယ်လို့ ပြောလို့ရတယ်။ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ဆားလင်းကြီး အဲဒီမြို့နယ်တွေပေါ့။ သူတို့ (စစ်ကောင်စီတပ်) မြို့ပြင်ဘက်မထွက်ရဲဘူး ထွက်တာနဲ့ဆော် (တိုက်ခိုက်) ခံရတာ။ အာဏာသက်ဆိုးရှည်အောင် ရွေးကောက်ပွဲကို ဟန်ပြလုပ်တယ်။ ကမ္ဘာကိုမလိမ့်တစ်ပတ် လုပ်ဖို့ကြိုးစားတဲ့ ရွေးကောက်ပွဲမျိုးကို ကျွန်တော်တို့က လက်မခံပါဘူး”

RFA က သီးခြားပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူတဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကနေ ၁၉ ရက်အထိ သီတင်းနှစ်ပတ် အတွင်းမှာပဲ ခုခံတိုက်ခိုက်မှု ၂၆ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီရဲ့ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး အပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီက ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်လို့ ယူဆပေမယ့် လက်ရှိမြန်မာပြည် အရေးအတွက် အဖြေက ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ New Myanmar Foundation ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာစန်းအောင်က RFA ကို ပြောပါတယ်။

“ရန်ကုန်တို့၊ မန္တလေးတို့ လိုပေါ့ဗျာ။ လုံခြုံရေး အစောင့်အကြပ်များစွာနဲ့ ဟန်ပြပေါ့နော် မြို့ကြီးတွေမှာ လုပ်သွားတာမျိုးတော့ ဖြစ်နိုင်တယ်။ တောရော၊ မြို့ပါ ကျယ်ကျယ် ပြန့်ပြန့် လွှမ်းခြုံတာမျိုးတော့ လုပ်နိုင်မှာ မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီ) က ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ပြောလာတာများနေပြီ။ ဆိုတော့ နိုင်ငံရေးထွက်ပေါက် အနေနဲ့ လုပ်လို့ရမယ်ဆိုရင်တော့ လုပ်လိမ့်မယ်။ လုပ်လို့ အကျိုးမရှိဘူး။ သူတို့အတွက် အကျိုးနည်းတယ်ဆိုရင်တော့ လုပ်မှာ မဟုတ်ဘူး။ နိုင်ငံရေးအဖြေက ရွေးကောက်ပွဲ မဟုတ်ဘူး။ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲ၊ နိုင်ငံရေးအရ အဖြေရှာတာ”

ဒေါက်တာစန်းအောင်ဟာ ၁၉၉၀ ပြည့်လွန်နှစ်က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကျန်းမာရေးနဲ့ ပညာရေး ဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရော၊ စစ်ကောင်စီကပါ ညှိနှိုင်းဆွေးနွေးရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြောလာတာမျိုး တော့ မရှိသေးပါဘူး။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇ ရက်အထိ နိုင်ငံရေးပါတီ မှတ်ပုံတင်တဲ့ပါတီ ၃၀ နဲ့ အသစ်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ငါးပါတီကို ပါတီမှတ်ပုံတင်ခွင့်နဲ့ လျှာက်ထားခွင့်ပြုထားပါတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ပြောခဲ့ပေမယ့် အခုဆို အရေးပေါ်ကာလသက်တမ်းထပ်တိုးပြီး အာဏာဆက်ယူထားတာ သုံးနှစ်ပြည့်ပါတော့မယ်။ အခုထိ စစ်ကောင်စီ ခေါင်းဆောင် ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်သေးတဲ့အကြောင်း တင်ပြလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။