တရားဥပဒေစိုးမိုးမှုမရှိလို့ လုံခြုံမှုကင်းမဲ့နေတဲ့ အမျိုးသမီးတွေရဲ့ဘဝ

ဝေမာထွန်း ( ဝါရှင်တန်ဒီစီ)
2022.03.14
တရားဥပဒေစိုးမိုးမှုမရှိလို့ လုံခြုံမှုကင်းမဲ့နေတဲ့ အမျိုးသမီးတွေရဲ့ဘဝ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့က တံတားတစ်စင်းပေါ်မှာ လမ်းလျှောက်နေကြတဲ့ အမျိုးသမီးတွေကို တွေ့ရစဉ်။
Photo:AFP

ရန်ကုန်မြို့ကြီးမှာ လင်းလင်းချင်းချင်းရှိတဲ့ နေ့ဘက်လူမြင်ကွင်းမှာ အမျိုးသမီးတွေ အကြမ်းဖက် တိုက်ခိုက်ခံရတာတွေ ရှိနေပြီး အကူအညီမဲ့နေပါတယ်။ တရားဥပဒေစိုးမိုးမှုကင်းမဲ့နေတဲ့ ဒီလိုကာလမှာ အမျိုးသမီးတွေ အနိုင်ကျင့်ခံနေရရင် ပတ်ဝန်းကျင်က ဝင်ရောက်ကူညီပေးဖို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေနဲ့ ဥပဒေပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်လမ်းမကြီးပေါ်က သံလမ်းမှတ်တိုင်အနီးမှာ အသက် ၂၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဘေးချင်းကပ်လမ်းလျှောက်လာတဲ့ သူစိမ်း အမျိုးသားတစ်ဦးက လမ်းပေါ်မှာတွန်းလှဲပြီး အကြမ်းဖက်ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

"ဓါးဆို ပထမ နှစ်ချက်နဲ့တင် ကျွန်မသေသွားမှာလို့ ပြောခဲ့တယ်။ ဒီမှာက ကြားသုံးကြား ဝင်မပါရဘူးဆိုတာ အရမ်းရှိတယ်လေ”

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးငယ်ဟာ အင်းစိန်မြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး International School တစ်ခုမှာ အချိန်ပိုင်းစာသင်ကြားပေးနေတဲ့ ဆရာမဖြစ်ပါတယ်။

သူတိုက်ခိုက်ခံရတဲ့အချိန်က ဘေးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့် အချိန်တော် တော်ကြာတဲ့အထိ အကူအညီမရခဲ့လို့ သူ့ရဲ့ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာတွေရပြီး အညိုအမဲ စွဲနေတယ်လို့ RFA ကိုပြောပြပါတယ်။

“တကယ်လို့လက်နက်တွေဘာတွေ ချွန်ထက်တဲ့ဟာနဲ့ဆို ကူညီတဲ့သူလာတာနောက်ကျတာနဲ့ သေသွားနိုင်တာကိုး။ ကျွန်မ အဲဒီက အစ်ကိုတွေကို ပြောခဲ့တယ်။ ဘာလို့ဝင်မပါတာလဲဆိုတော့ သူတို့က အသိလို့ ထင်နေတာတဲ့။ သူ့ပါးစပ်ကနေ ကျွန်မကို သိတယ်သိတယ်လို့ ပြောနေတာတဲ့။ ကျွန်မက အဲဒီအချိန်စိတ်မှာ အရမ်းလန့်နေတာမို့ သူပြောတာတော့ အကုန်မကြားဘူး။ သူတို့ဘေးကလူတွေတော့ ကြားမှာပေါ့နော်။ သူတို့စိတ်ထဲမှာ စုံတွဲတွေထင်ပြီးတော့ မကူပေးဘဲ နေတာပေါ့။ အဲဒါမို့ ကျွန်မက စုံတွဲဆိုရင်တောင်မှ အလုပ်ခံနေရလို့ ရှိရင် ကူရမှာပေါ့။ ဓားဆို ပထမ နှစ်ချက်နဲ့တင် ကျွန်မသေသွားမှာလို့ ပြောခဲ့တယ်။ ဒီမှာက ကြားသုံးကြား ဝင်မပါရဘူးဆိုတာ အရမ်းရှိတယ်လေ။ အတွဲတွေ ရန်ဖြစ်ရင် ဘယ်တော့မှ ဝင်မပါကြဘူး။ အဲဒါမို့ ကြားသုံးကြား ဆိုရင်တောင် ဝင်ပါဖို့ စိတ်တိုတိုနဲ့ ပြောခဲ့မိတယ်။”

000_1SH6S5.jpg
၂၀၂၀ ခုနှစ် မေလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ ဘက်စ်ကားမှတ်တိုင်တစ်ခုမှာ ကားရပ်စောင့်နေတဲ့ အမျိုးသမီးတွေကို တွေ့ရစဉ်။ ( Photo:AFP )

အကြမ်းဖက်တဲ့အမျိုးသားက အသက် ၃၀ ကျော်အရွယ် သက်လတ်ပိုင်းဖြစ်တယ်လို့ အမျိုးသမီးငယ် က ပြောပြပါတယ်။

"ကားတွေလာတဲ့ဘက်ကို တွန်းချလိုက်တော့ အရမ်းလန့်သွားတယ် အဲ့ဒီအချိန်မှာ။ ကျွန်မတောက်လျှောက် အော်တယ်အမ။ မရပ်ဘဲနဲ့အော်တာ။ အရမ်းအော်တော့မှ ၆၅ လောက်ရှိပြီ အဘိုးကြီး တစ်ယောက်က မနေနိုင်လို့ ဘာလုပ်တာလဲဆိုပြီး ဝင်တားပေးတာ။ ဒါတောင် သူချက်ချင်းမသွားဘူးရှင့်။ ကျွန်မကို ဆက်ထိုးမယ်လုပ်တယ်။ ထီးချွန်နဲ့လေ။ အဲ့ဒီအဘိုးကြီးက သူတစ်ချက်ထိုးမယ်လုပ်တိုင်း ရှေ့ကနေတစ်ချက်ဟန့်ပေးတော့ နောက်ဆုံး အဲလူက မသွားချင်သွားချင်နဲ့ ထွက်သွားတာ။”

အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ အမျိုးသားနဲ့ ရန်ငြိုးရန်စ မရှိသလို သိကျွမ်းမှုလည်းမရှိဘူးလို့ သူမက ပြောပါတယ်။ ပစ္စည်းလုယက်တာမျိုးလည်းမရှိဘဲ အကြမ်းဖက်သူဟာ ပုံမှန်စိတ်မရှိသလို ခံစားရတယ်လို့ သူမရဲ့ ယူဆချက်ကို ပြောပြပါတယ်။

"အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်တွေပါ။ အခုအချိန်မှာ စကစ ကလည်း ပြည်သူတွေရဲ့ လုံခြုံရေးကို ဘာမှ သူတို့မလုပ်ပေးနိုင်တဲ့ အခြေအနေပေါ့နော်။ ပြည်သူတွေက ညီညွတ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးနိုင်တဲ့ လူ့အသိုင်းအဝိုင်းမျိုးကို ကျွန်မတို့က တိုက်တွန်းအားပေးချင်ပါတယ်။"

ဒီလိုတရားလက်လွတ်လုပ်ရပ်တွေကို ပြည်သူတွေအနေနဲ့ ထိုင်ကြည့်မနေဘဲ ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး က တိုက်တွန်းပါတယ်။

“အင်မတန်မှ ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်စဉ်တွေပါ။ အခုအချိန်မှာ စကစ ကလည်း ပြည်သူတွေရဲ့ လုံခြုံရေးကို ဘာမှ သူတို့မလုပ်ပေးနိုင်တဲ့ အခြေအနေပေါ့နော်။ ပြည်သူတွေက ညီညွတ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးနိုင်တဲ့ လူ့အသိုင်းအဝိုင်းမျိုးကို ကျွန်မတို့က တိုက်တွန်းအားပေးချင်ပါတယ်။ ဒီလိုအဖြစ်အပျက်တွေက ဘယ်လိုမှမဖြစ်သင့်ဘူး။ လူတိုင်းကကျီးလန့်စာ စားဖြစ်နေရတယ်။ ဒီလိုမျိုး တရားလက်လွတ်လုပ်နေတာကို ကျွန်မတို့ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးနိုင်ဖို့ တိုက်တွန်းပါတယ်။”

အမျိုးသမီးတွေကို အနိုင်ကျင့်နေတဲ့ ဖြစ်ရပ်တွေကို မြင်ရဲ့သားနဲ့ မကူညီဘဲနေတာဟာအနိုင်ကျင့်တဲ့သူကို ဆက်လုပ်ဖို့အားပေးတဲ့ သဘောသက်ရောက်တာကြောင့် မဖြစ်မနေကူညီဖို့လိုအပ်တယ်လို့ အမျိုးသမီး အရေးဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

2011-11-29T000000Z_784437203_GM1E7BT1SNC01_RTRMADP_3_MYANMAR-USA.JPG
ရန်ကုန်မြို့က ဈေးတစ်ခုမှာ ဈေးရောင်းနေကြတဲ့ အမျိုးသမီးများ။ ( Photo: Reuters)

ဒီလိုအမှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ထံပို့ပေးဖို့နဲ့ နောင်ပြည်သူတွေ အာဏာပြန်ရတဲ့အခါ ကျူးလွန်တဲ့သူကို အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီး နော်စူစန်နာလှလှစိုးက ဆိုပါတယ်။

မတ်လ ၁၀ ရက်နေ့က အင်းစိန်လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့တဲ့အမှုအတွက် စစ်ကောင်စီလက်အောက်က ရဲတပ်ဖွဲ့အပြင် တခြားဘယ်နေရာကိုမှ တိုင်တန်းထားတာ မရှိသေးဘူးလို့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်က RFA ကိုပြောပြပါတယ်။

တရားဥပဒေစိုးမိုးရေးက လက်ရှိမှာ အနုတ်လက္ခဏာပြနေတာမှန်ပေမယ့် အနီးစပ်ဆုံးရဲစခန်းမှာ အမှုဖွင့်တိုင်ကြားတာကောင်းမယ်လို့ ကချင်ပြည်နယ်အခြေစိုက် အမျိုးသမီးရေးဆောင်ရွက်သူ ဒေါ်နန်ပူ ကအကြံပြုပါတယ်။

“တရားဥပဒေစိုးမိုးရေးက လုံးဝ ဇီးရိုးကနေ မိုင်းနပ်စ် ဖြစ်နေတော့ မိန်းကလေးဘက်က ကြည့်မယ်ဆိုရင်လည်း အားကိုးရာမဲ့တဲ့ အခြေအနေဖြစ်နေတာပေါ့နော်။ အနီးစပ်ဆုံးကတော့ အမှုဖွင့်တိုင်ကြားတာမျိုးလုပ်ရင်တော့ ကောင်းမယ်။ လောလောဆယ် ပြည်သူတွေရဲ့ ရဲမဟုတ်ဘဲ စစ်တပ်ရဲ့ ရဲဖြစ် နေတဲ့အခါကျတော့ ပြောရဆိုရတာ ခက်တာပေါ့နော်။ ကိုယ့်ဘက်ကတော့ အမှုဖွင့်တယ်။ ဖွင့်ပေမယ့် သူတို့ဘက်က ဘာမှမလုပ်ဘူးဆိုတဲ့ အခြေအနေ တစ်ခုအထိရောက်အောင်လုပ်ပြီးမှ များများ ပြောရမယ်။ ဒါ ကျွန်မတို့ ပြည်သူဘက်က တာဝန်ပေါ့နော်။”

ကချင်ပြည်နယ်မှာဆိုရင် အမျိုးသမီးတွေအကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ဆီလာရောက်တိုင် တန်းတာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်က အမှုပေါင်း ၆၀ လောက်ရှိပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်မှာ အမှုပေါင်း ၁၀၀ ကျော်ရှိလာခဲ့တယ်လို့ ဒေါ်နန်ပူက ပြောပြပါတယ်။

အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်စော်ကားမှုတွေအတွက် ထောင်ခုနစ်အထိချမှတ်နိုင်တဲ့ ဥပဒေပုဒ်မတွေရှိပေမယ့် မြန်မာပြည်ဟာ ဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံဖြစ်နေလို့ ပြည်သူတွေက ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်နေရတဲ့ သဘောဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပြုပါတယ်။

“၃၅၄ လက်ရောက်မှု၊ ၃၂၆ ပြင်းထန်စွာ ဒဏ်ရာရအောင်လုပ်မှု၊ ၃၂၄ ပြင်းထန်စွာ လက်သီးနဲ့ထိုးမှု အဲ့ဒါတွေက ထောင်ခုနှစ်လောက်ထိ ချလို့ရနိုင်တဲ့ ပုဒ်မတွေ။ ဒါပေမဲ့ အဲ့ဒါသွားတိုင်တဲ့အခါမှာ ရဲတပ်သားတွေကလည်း ပိုက်ဆံရှိတဲ့သူ၊ အာဏာရှိတဲ့သူ ဥစ္စာဆိုရင်တော့ မြန်မြန်ဖွင့်ပေး၊ မြန်မြန်လုပ်ပေးတာပေါ့။ ကျန်တဲ့ဟာတော့ တရားခံမိရင်လည်း အဲ့ဒီတရားခံဆီက ပိုက်ဆံကိုစား၊ ဒီဘက်ကလည်းစား၊ ဟိုဘက်ကလည်းစားပြီးတော့ အမှုတွေက ဘာမှမဟုတ်တော့ဘူး ဖြစ်နေတယ်။ တရားရုံးမှာသွားတော့လည်းပဲ ငွေပေးနိုင်တဲ့သူဘက်က သာတယ်ပေါ့ဗျာ။ မြန်မာပြည်မှာ ခုချိန်က တရားဥပဒေမရှိတဲ့နိုင်ငံဖြစ်နေတော့ ကိုယ့်ဘေးကို ကြည့်ရှောင် နေရတယ်။ အဲ့လိုဖြစ်နေတယ်ဗျ။”

မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်၊ အုပ်ချုပ်သူအစိုးရအဆက်ဆက်မှာ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေအပေါ် ပြည်သူတွေ ယုံကြည်ကိုးစားမှုနည်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်သူတွေဘက်က မရပ်တည်တဲ့အတွက် ပိုဆိုးတဲ့အနေ အထားရောက်သွားတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေနဲ့ ဥပဒေပညာရှင်တွေက မှတ်ချက်ပေးပါတယ်။

အင်းစိန်မြို့နေ အသက် ၂၄ နှစ်အရွယ်ကျောင်းဆရာမလေးကတော့ သူကျူးလွန်ခံရမှုအတွက် ခံစားနေရတဲ့ တုန်လှုပ်မှု၊ စိတ်မလုံခြုံမှုကို ကုစားနိုင်ဖို့ ကိုယ်ခံပညာသင်ဖို့ ဆုံးဖြတ်ထားတယ်လို့ RFA ကိုပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။