ပြီးခဲ့တဲ့လွှတ်တော်ဟာ NLD အစိုးရကိုကာကွယ်တဲ့ လွှတ်တော်ဖြစ်ခဲ့တယ်လို့ ဝေဖန်

သက်စုအောင်
2021.01.09

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရလက်ထက် လွှတ်တော်ဟာ၊ ပထမအကြိမ်လွှတ်တော်ထက် အစိုးရကို အပြန်အလှန် ထိန်းကျောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်၊ အကာအကွယ်ပေးတဲ့ လွှတ်တော်ဖြစ်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ဝေဖန် လိုက်ပါတယ်။ NLD ပါတီပြောခွင့်ရသူနဲ့ ကိုယ်စားလှယ်တချို့ကတော့ ဒီဝေဖန်ချက်တွေအပေါ် လက်မခံပါဘူး။

လက်ရှိလွှတ်တော်အသီးသီးရဲ့ ငါးနှစ်သက်တမ်းဟာ၊ လာမယ့် ၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ပထမအကြိမ်လွှတ်တော်မှာ၊ အစိုးရနဲ့ သူရဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းမှုနဲ့ ပွတ်တိုက်မှုတွေရှိခဲ့ပေမယ့်၊ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်ထားတဲ့ NLD အစိုးရ လက်ထက် လွှတ်တော်အတွင်းမှာတော့ ထိန်းချုပ်ကန့်သတ်မှုတွေများပြီး ပွင့်လင်းမြင်သာမှုနဲ့ အစိုးရအပေါ် ထိန်းကြောင်းမှု အားနည်းခဲ့တယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ လွှတ်တော်စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ဝေဖန်လိုက်ပါတယ်။

NLD အစိုးရလက်ထက်မှာ ပိုအားကောင်းတဲ့ လွှတ်တော်အခင်းအကျင်းကို မျှော်လင့်ထားခဲ့ပေမယ့်၊ သက်တမ်းငါးနှစ်သာ ကုန်သွားတယ် မျှော်လင့်သလိုဖြစ်မလာခဲ့ဘူးလို့ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သလို နိုင်ငံရေးလေ့လာ သုံးသပ်သူလည်းဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။

"ပထမအကြိမ်မှာတော့ အစိုးရကို ထိန်းကျောင်းခွင့်ရတယ်၊ အဆိုတွေလည်း တင်ခွင့်ရတဲ့အတွက်ကြောင့် မျှော်လင့်ထားတာထက် အများကြီးလုပ်နိုင်ခဲ့တယ်၊ အခု ဒုတိယအကြိမ်မှာတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားတဲ့အစိုးရအောက်က လွှတ်တော်ဆိုတော့ ပိုပြီးတော့ မျှော်လင့်ထားပေမယ့် လက်တွေ့မှာ ပါတီထဲက လွှတ်တော် ကိုယ်စားလှယ်ရော တခြားပါတီက ကိုယ်စားလှယ်တွေပါ ထိန်းချုပ်ကန့်သတ်တာတွေခံရတယ်၊ အထူးသဖြင့် သိသာလာတာက မီဒီယာသမားတွေနဲ့ လွတ်လွတ်လပ်လပ် အင်တာဗျူးခွင့်ပြောခွင့် မရဘူး၊ အထူးသဖြင့် NLD ကိုယ်စားလှယ်တွေ၊ အမတ်တွေဆိုလို့ရှိရင် အဲလိုမျိုးပြောတဲ့ ဆိုတဲ့လူဆိုရင် ဒါမှမဟုတ် လွှတ်တော်ထဲမှာ အစိုးရကို ပြန်ပြီးတော့ အဆိုတင်တာတွေ၊ မေးခွန်းတွေ မေးတာတွေ၊ အဲလိုလူမျိုးတွေဆိုရင် ပါတီက သတိပေးတာ ခံရတဲ့အပြင် တချို့ဆိုလို့ရှိရင် နောက်လွှတ်တော်သက်တမ်းမှာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်တောင်မှ ပြန်မရွေးတော့တဲ့အထိ အနိုင်ရ ပါတီ NLD က တင်းကြပ်တာပေါ့နော်၊ ဆိုတော့ ဒါက ဘာကိုဖော်ပြတာလဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွတ်လွတ်လပ်လပ် အစိုးရကို ထိန်းကျောင်းခွင့်မရကြဘူးပေါ့နော်၊ အဲဒါဖော်ပြနေတာပေါ့၊"

NLD ပါတီက လက်ရှိ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာလှမိုးကတော့ လွှတ်တော်နဲ့အစိုးရဟာ အမြဲတမ်းရန်ဖြစ်နေစရာ မလိုဘူးလို့ တုံ့ပြန်ပါတယ်။

"ဒါလွှတ်တော်နဲ့ အစိုးရဟာ အမြဲတမ်း ရန်ဖြစ်နေမှမဟုတ်ဘူး၊ ဥပမာ ရှေ့ပိုင်းပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ဦးသိန်းစိန်အစိုးရနဲ့ ဦးရွှေမန်းလွှတ်တော်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဟိုလိုပြောကြတယ်၊ ဒီလိုပြောကြတယ်၊ ရန်ဖြစ်ကြတယ်၊ ပြောကြတယ်၊ ဒါမျိုးတွေဖြစ်နေမှ ဒီမိုကရေစီခိုင်မာတယ်၊ ဒီမိုကရေစီကျတယ်လို့ ဆိုလိုချင်တာလား၊ လွှတ်တော်နဲ့ အစိုးရသည် ရန်သူမဟုတ်ပါဘူး၊ တိုင်းပြည်ဖွံံဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ထိန်းကျောင်းပြီး ဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေပဲဖြစ်ကြပါတယ်၊ ဒို့တွေရဲ့ တိုင်းပြည်ရဲ့အခြေအနေနဲ့ အချိန်အခါကိုကြည့်ရပါမယ်၊ ဒို့တွေက ဒီမိုကရေစီ နုနယ်သေးတဲ့အချိန်ဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်နဲ့အစိုးရဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ဖြစ်နေမယ့်အစား ပူးပေါင်းဆောင်ရွက်လေလေ ပိုပြီးအကျိုးရှိလေလေပါ။"

သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့ ပထမအကြိမ်လွှတ်တော်တုန်းက၊ ဖွဲ့စည်းပုံ ခုံရုံးတစ်ခုလုံးကို လွှတ်တော်က စွပ်စွဲပြစ်တင်တာမျိုး ဆောင်ရွက်ခဲ့တဲ့အတွက် ခုံရုံးတစ်ခုလုံး နုတ်ထွက်သွားရတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်နဲ့ပတ်သက်ပြီး လွှတ်တော်က ဖြတ်တောက်မှ အပေါ် လယ်ဆည် ဝန်ကြီးဟောင်းက ပုတ်ခတ်ပြောဆိုတာမျိုးရှိခဲ့တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အခွင့်အရေး ကော်မတီကိုတိုင်ကြားခဲ့လို့ ဝန်ကြီးကိုယ်တိုင် လွှတ်တော်ကို တောင်းပန်ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာပါ။

NLD လက်ထက်မှာတော့ လွှတ်တော် ငါးနှစ်သက်တမ်းအတွင်းမှာ အစိုးရနဲ့ လွှတ်တော်ကြားပွတ်တိုက်မှုတွေမရှိဘဲ အစိုးရကို ထောက်ပြတဲ့ အဆိုတွေ၊ မေးခွန်းတွေကို တခြားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေက မေးခဲ့ရင်တောင် လွှတ်တော်က ခွင့်မပြုတာမျိုးတွေ ရှိခဲ့ပါတယ်။

အစိုးရကို အကျပ်အတည်းဖြစ်မှာစိုးတဲ့အတွက် အဆိုတွေမေးခွန်းတွေ ပယ်ချခံခဲ့ရတယ်လို့ နှစ်ကြိမ်စလုံးရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

"ကျတော်တို့ တင်လိုက်တဲ့အဆိုတွေ ဥပဒေပြင်ဆင်ချက်တွေ မေးခွန်းတွေ စသဖြင့် သူတို့အနေနဲ့ အစိုးရကို အကြပ်အတည်း ဖြစ်မှာစိုးလို့ ဆိုပြီးတော့ ဒါတွေကို လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က လွှတ်တော်ကို မရောက်အောင် ကာဆီးခဲ့တာတွေရှိတယ်၊ လွှတ်တော်တင်တဲ့အခါမှာလည်း NLD အများစုမဲနဲ့ ပယ်ချခဲ့တာတွေ ရှိတယ်၊ ဒါကြောင့် ကျနော်တို့ကတော့ နောက် ဒုတိယ အကြိမ်လွှတ်တော်ကြတော့ check & balance လုပ်တဲ့အပိုင်းက တအား အားနည်းသွားတာပေါ့နော်၊ သူတို့အချင်းချင်းလည်း ပြောပါတယ်။ ဒါက အစိုးရကို ထိခိုက်မှာစိုးလို့ မတင်ရဘူးဆိုတာတို့ ကျနော်တို့ကြားတာပေါ့၊ အဲဒါအပြင် တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံတဲ့အခါမှာ အရင်အတိုက်အခံတုန်းက ဆက်ဆံခဲ့မှုတွေက အားလုံးပျောက်သွားပြီးတော့ တိုင်းရင်းသားပါတီတွေကို ဆွေးနွေးဖော် ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုတာတွေ အားနည်းသွားတယ်"

ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုတင်တဲ့ အဆိုတွေထဲမှာ ရခိုင်ပြည်နယ်ကို အင်တာနက်ဖွင့်ပေးဖို့၊ စစ်ဘေးဒုက္ခသည် ကူညီရေးဆောင်ရွက်ဖို့ စတဲ့အဆိုတွေကို လွှတ်တော်ကိုတင်ခဲ့ပေမယ့်၊ အစိုးရနဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုဖြစ်နိုင်တဲ့အတွက် အရေးကြီးအဆိုအနေနဲ့ တင်လာတာတွေကို မေးခွန်းအဖြစ်ပြောင်းတာမျိုးကြောင့် အဆိုတွေဟာ လွှတ်တော်ထဲကို မရောက်ခဲ့တာ၊ ဒီအဆိုဟာ မဖြစ်သင့်ပါဘူးဆိုပြီး NLD ကိုယ်စားလှယ်တွေက ကာကွယ်ပြောတာတွေရှိခဲ့တယ်လို့ ဦးဖေသန်းက ဆက်ပြောပါတယ်။

အလားတူ အတိုက်အခံပါတီကြီးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတင်တဲ့ အဆိုတွေနဲ့ မေးခွန်းတွေ ပယ်ချခံရတာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်တဲ့ ဦးတီခွန်မြတ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်ချက်‌တွေအပေါ် တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြင်းပြင်ထန်ထန်ဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် လွှတ်တော်သက်တမ်း ကုန်ခါနီးပဲ ဦးတီခွန်မြတ်ကို ရာထူးတာဝန်ကနေ ရုပ်သိမ်းပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေပေါင်းပြီး အရေးကြီးအဆို တင်ခဲ့ပေမယ့်လည်း၊ ဒီအဆိုဟာ အာဏာရပါတီ NLD ကိုယ်စားလှယ်အများစု ရှိတဲ့ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ မအောင်မြင်ခဲ့ပါဘူး။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပျော်ဘွယ်မြို့နယ် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက၊ တိုင်းပြည်နဲ့ချီပြီး အရေးကြီးတဲ့ကိစ္စတွေမှာ လွှတ်တော်အနေနဲ့ ဆောင်ရွက်မှုအားနည်းလို့ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေ ရပ်စဲပေးဖို့ တင်ပြခဲ့ရတာလို့ ပြောပါတယ်။

"အစိုးရရဲ့ လုပ်ဆောင်ချက်အမှားအယွင်းတွေ အားနည်းချက်တွေ တိုင်းပြည်နဲ့နိုင်ငံတော်အတွက် ဒါအန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေတွေတွေ့လို့ အရေးကြီးအဆိုတွေတင်တယ်၊ မေးခွန်းတွေတင်ပြီးတော့ ဒါတွေ check & Balance လုပ်ပေးဖို့ ပြောပေမယ့်လည်း တချို့မေးခွန်းတွေ တင်ပြခွင့်မရဘူး၊ တချို့အဆိုတွေဆိုရင် လွှတ်တော်ထဲတောင် ရောက်မလာခဲ့ဘူး ပေါ့နော်၊ အဲလိုအခြေအနေတွေရှိတဲ့အတွက် ဒီလွှတ်တော်ကြီးရဲ့ သက်တမ်းမှာတော့ အပြန်အလှန်ထိန်းကျောင်းရေးဆိုတဲ့ အပိုင်းက ဖြစ်မလာပါဘူး၊ ဒါကတော့ လက်ရှိ မြင်တွေ့နေရတဲ့ အနေအထားအတိုင်းပဲလေ။"

NLD ပါတီက လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးကတော့ လွှတ်တော်တွင်း အဆိုတွေ မေးခွန်းတွေတင်ရာမှာ ပယ်ချတာတွေအပေါ်မှာ ဒါဟာ လွှတ်တော်က သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့မညီလို့ တင်ခွင့်မရှိ၊ ပယ်ချခဲ့တာမျိုးတွေဖြစ်ကြောင်း ဒီလိုပယ်ချခံရတာတိုင်း အစိုးရကို လွှတ်တော်က ကာကွယ်နေတာလို့ ပြောလို့မရကြောင်း ပြောဆိုပါတယ်။

အလားတူ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း နိုင်ငံရေးပါတီတစ်ခုတည်းက ပါတီမှာရော၊ လွှတ်တော်မှာရောနေရာ အများစု ဖြစ်နေတဲ့အခါမှာ ဒီလိုဝေဖန်မှုတွေ ကြုံတွေ့ရမှာဖြစ်ကြောင်းနဲ့ ဥပဒေနည်း ဥပဒေဘောင်ကိုကျော်လွန်ပြီး မလုပ်သရွေ့ စိုးရိမ်စရာမရှိကြောင်း ဝေဖန်မှုတွေအပေါ် တုံ့ပြန်ပါတယ်။

NLD အစိုးရလက်ထက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာ၊ အမျိုးသားလွှတ်တော်ကို တင်သွင်းဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း ၆၈ ခု၊ ပြည်သူ့လွှတ်တော်ကို တင်သွင်းဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်း ၆၄ ခုနဲ့ ပြည်ထောင်စု လွှတ်တော်ကိုတင်သွင်း ဆုံးဖြတ်ခဲ့တဲ့ ဥပဒေကြမ်း ၃၆ ခုရှိခဲ့တယ်လို့ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး သုတေသန ပြုနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI)ရဲ့ စစ်တမ်းအရသိရပါတယ်။

အဲဒီဥပဒေကြမ်းတွေထဲမှာ တည်ဆဲဥပဒေတွေကို ရုပ်သိမ်းတဲ့ဥပဒေကြမ်း၊ ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေနဲ့ အသစ်ရေးဆွဲတဲ့ ဥပဒေကြမ်းတွေ ပါဝင်ပါတယ်။

တည်ဆဲဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်း ၁၁ ခုမှာ၊ စစ်အစိုးရလက်ထက် ပြန်ဌာန်းခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူတွေရဲ့ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေနဲ့ အရေးပေါ်စီမံမှုအက်ဥပဒေကို ပြန်ရုပ်သိမ်းတဲ့ ဥပဒေကြမ်းတွေ ပါဝင်ပါတယ်။

တည်ဆဲဥပဒေတွေကိုပြင်ဆင်တဲ့ ဥပဒေကြမ်း ၅၉ ခုရှိပြီး၊ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ လယ်ယာမြေဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းတွေ ပါဝင်ပါတယ်။

အသစ်ရေးဆွဲတင်သွင်းခဲ့တဲ့ ဥပဒေကြမ်းကတော့ စုစုပေါင်း ၉၈ ခုဖြစ်ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပေဒေကြမ်းတို့ ပါဝင်ပါတယ်။

“ဒီလွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာ ပြည်သူလူထုအတွက် အသစ်ပြဌာန်းတာထက်၊ ပြဌာန်းပြီးသားဥပဒေတွေကို အကြိမ်ကြိမ် ပြင်တာမျိုးတွေ တွေ့ရပြီး၊ ပြည်သူတွေရဲ့အခွင့်အရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကို ပြဌာန်းနိုင်တာမျိုး ပြင်ဆင်နိုင်တာ မျိုးတော့ အားနည်းတယ်” လို့ လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI)ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအေးကျော် က သုံးသပ်ပါတယ်။

"အခု လွှတ်တော်ထဲမှာဖြစ်နေတာက ဥပဒေက တခြားလိုအပ်တဲ့ ဥပဒေအသစ်တွေ ပြဌာန်းဖို့တွေရှိနေတယ်၊ ဆွေးနွေးဖို့တွေ ရှိနေတယ်၊ ဒါပေမဲ့ အဲဒါမျိုးတွေ သိပ်တက်မလာဘဲ တည်ဆဲဥပဒေတွေကိုပဲ ပြန်ပြန်ပြင်ရတာမျိုးတွေ များနေတယ် အဲလိုတွေဖြစ်နေတာပေါ့၊ ဥပမာ ပထမအကြိမ်တုန်းကဆိုလည်း လူသိများတဲ့ ရပ်ကျေးဥပဒေ အသစ်ဆိုပြီး တင်လာတယ်၊ အဲဒါကိုပဲ သက်တမ်းအတွင်းမှာ ငါးကြိမ် ခြောက်ကြိမ်လောက် ပြင်သွားတာမျိုးလည်းဖြစ်တယ်။ ဒုတိယအကြိမ် သက်တမ်းမှာလည်း ရပ်ကျေးဥပဒေက သုံး၊ လေးကြိမ်လောက် ထပ်ပြင်ရတယ်၊ နောက်ရွေးကောက်ပွဲဥပဒေတွေကလည်း စစ်အစိုးရခေတ်က စပြီးပြဌာန်းတယ်၊ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ရွေးကောက်ပွဲဥပဒေတွေကို သုံးကြိမ်လောက်ပြင်တယ်၊ အခုဒုတိယအကြိမ် သက်တမ်းမှာလည်း ရွေးကောက်ပွဲဥပေဒတွေက နှစ်ကြိမ်လောက် ပြင်ရတယ်၊ အဲလိုမျိုးတွေ ဖြစ်နေတယ်၊ ပြည်သူတွေကို အခွင့်အရေးအတွက်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည် ရုပ်သိမ်းခွင့်ရှိတဲ့ right to recall တို့လို၊ right to information တို့တွေ တက်မလားဘူး အစိုးရနဲ့ တပ်မတော်ကို ဝေဖန်ရင် တရားစွဲတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) လို ဆက်သွယ်ရေးဥပဒေကို မပြင်နိုင်ခဲ့တာ ငြိမ်းစုစည် ဥပဒေတွေ မပြင်နိုင်ခဲ့ဘူး"

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တာဝန်ထမ်းဆောင်တဲ့ ၂၀၁၅ ဧပြီလ ၁ ရက်နေ့ကစပြီး ၂၀၂၀ မတ်လ ၃၁ ရက်နေ့အထိ ငါးနှစ်တာကာလအတွင်း၊ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီး အမှုဖွင့်တရား စွဲဆိုခဲ့တဲ့ အမှုပေါင်း ၅၃၉ မှုရှိခဲ့ပြီး၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုမှုက အများဆုံးဖြစ်တယ်လို့ အသံအဖွဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။

ဒီလွှတ်တော်သက်တမ်းအတွင်း နိုင်လွတ်လုံလို့ လူသိများတဲ့ “နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ” ကို အသစ်ရေးဆွဲ ပြဌာန်းခဲ့ပြီး၊ ဒီဥပဒေနဲ့အရေးယူတာတွေလည်း များလာတယ်လို့ လွှတ်တော် လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဒီအစိုးရသက်တမ်းမှာ မီဒီယာတွေကို နိုင်လွတ်လုံနဲ့ အရေးယူတာက ၃ ရာခိုင်နှုန်းရှိပြီး၊ ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူတာ ၅၁ ရာခိုင်နှုန်းထိ ရှိတယ်လို့ အသံအဖွဲ့ရဲ့ သုတေသနစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလွှတ်တော်သက်တမ်း ငါးနှစ်အတွင်း လွှတ်တော်ထဲမှာ လှုပ်လှုပ်ခတ်ခတ် အဖြစ်ဆုံးအချိန်လည်း ရှိခဲ့ပါတယ်။ အဲဒါကတော့ NLD က ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ဖို့ကြိုးစားချိန်ပဲ ဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ သမ္မတအရည်အချင်း ကန့်သတ်ချက် ပုဒ်မ ၅၉ (စ)၊ တပ်မတော်အခန်းကဏ္ဍကို လွှတ်တော်ကနေ တဖြည်းဖြည်းလျော့ချရေး၊ ကာလုံရဲ့ဖွဲ့စည်းပုံနဲ့ တပ်မတော်ကိုအာဏာသိမ်းခွင့် ပေးထားတယ်လို့ဝေဖန်ကြတဲ့ အရေးပေါ်ကာလ ပြဌာန်းချက်ဆိုင်ရာ ပုဒ်မတွေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ ပုဒ်မ ၄၃၆ စတဲ့ပုဒ်မတွေကို ပြင်ဆင်ဖို့ ကြိုးစားချိန်မှာ အစုအဖွဲ့မတူတဲ့ ကိုယ်စားလှယ်တွေအကြား ပြင်းပြင်းထန်ထန် ‌ကန့်ကွက်ဝေဖန်ခဲ့တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌကနေ အကြိမ်ကြိမ်သတိပေးရတဲ့အထိ ပွတ်တိုက်မှုတွေ ရှိခဲ့ပါတယ်။

တစ်နှစ်ကျော်အချိန်ယူပြီး ကြိုးစားခဲ့တဲ့ NLD ပါတီရဲ့ လွှတ်တ်ောတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ နောက်ဆုံးမှာတော့ အရေးမကြီးတဲ့ ပုဒ်မ လေးခုကို စကားလုံးအသုန်းအနှုန်းလေး ပြင်ဆင်ရုံနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

လာမယ့် လွှတ်တော်သစ်မှာတော့ NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင်းကနေ အချိန်ကုန်ခံပြီး မသွားသင့်တော့ဘဲ တခြားနည်းနဲ့သာ ဆောင်ရွက်သင့်တယ်လို့ စာရေးဆရာ မောင်ဉာဏက တိုက်တွန်းပါတယ်။

"အခုလာမယ့် တတိယအကြိမ် လွှတ်တော်မှာတော့ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စကိုတော့ လွှတ်တော်တွင်းက လုပ်မရဘူးဆိုတာတော့ သိသင့်ပြီပေါ့နော်၊ အဲတော့ အဓိကပါတဲ့ တပ်မတော်၊ နောက် တိုင်းရင်းသားတွေနဲ့ ကြိုတင်ညှိနှိုင်းမှု စကားပြောဆိုမှုမရှိဘဲနဲ့တော့ အခြေခံဥပဒေကိစ္စ လွှတ်တော်ထဲမှာ ထပ်ပြီးတော့ မကြိုးစားသင့်ဘူး၊ ဒါပေမဲ့ လုပ်သင့်တာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကတော့ ငြိမ်းချမ်းရေးညီလာခံလိုဟာမျိုး၊ နောက် NCA ကိစ္စဟာမျိုးကတဆင့် သွားတာက ပိုပြီးတော့ သဘာဝပိုကျမယ်ပေါ့နော်"

ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI)ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးအေးကျော်ကတော့ မကြာခင် စတင်တော့မယ့် တတိယအကြိမ် လွှတ်တော်သစ်မှာ၊ ပြီးခဲ့တာတွေကို သင်ခန်းစာယူပြီး ပိုကောင်းမွန်တဲ့ အ‌ရွေ့တစ်ခုကို ဆုံးဖြတ်နိုင်ကြဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

"ရှေ့ကသက်တမ်းတွေပေါ်မှာ သင်ခန်းစာတွေ ယူစေချင်တယ်၊ နောက်တစ်ခု စိုးရိမ်တာက ကျတော်တို့က ဒုတိယအကြိမ်သက်တမ်းမှာထက်ကို တခြားနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုက နည်းသွားတာကိုတွေ့ရတယ်၊ အဲတော့ အဲဒီမှာသွားပြီးဖြစ်တော့ လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် အင်အားအကောင်းဆုံးက တပ်မတော်သား အစုအဖွဲ့လိုဖြစ်လာတာပေါ့နော်၊ ဒီအစုအဖွဲ့နှစ်ခု လွှတ်တော်ထဲမှာ အတိုက်အခံလိုမျိုး ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက အတိုက်အခံအင်အားစုကြီးအဖြစ် ရပ်တည်သွားမယ့် အနေအထားမျိုးဖြစ်နေတာကတော့ အဲဒါလေးကတော့ နည်းနည်းစိုးရိမ်တယ်ဗျ၊ ဘာပဲတင်တင် တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန်ပွတ်တိုက်မှုတွေ ဖြစ်ပြီးတော့ တကယ့်တကယ် လုပ်ရမယ့် အလုပ်တွေမှာ ဘာအလုပ်မှ မဖြစ်လာနိုင်မျိုးကို ထပ်ပြီး စိုးရိမ်ရတာပေါ့နော်၊ နှစ်ဖက်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့သက်တမ်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီးတော့ ဘယ်လိုကောင်းတဲ့အရွေ့ကို တွန်းကြမလဲ ရွေ့ကြမလဲဆိုတဲ့ဟာကို ဆုံးဖြတ်နိုင်ဖို့တော့ မျှော်လင့်လို့ ရတာပေါ့နော်၊ ဒါအတွေ့အကြုံပေါ်မှာ သုံးသပ်ပြီးတော့ ပြင်ဆင်ပြီးသွားကြမယ်ဆိုရင်ပေါ့"

လာမယ့်နှစ် ဖေဖော်ဝါရီလမှာ တတိယအကြိမ် လွှတ်တော်သစ်ကို စတင်ခေါ်ယူ ကျင်းပတော့မှာပါ။

လွှတ်တော်သစ်ရဲ့ ငါးနှစ် သက်တမ်းအတွင်းမှာရော တိုင်းရင်းသားအခွင့်အရေးကို ဘယ်လောက်ထိ ဦးစားပေးလုပ်ဆောင်လာနိုင်မလဲ၊ အစိုးရနဲ့ လွှတ်တော်အကြား အပြန်အလှန်ထိန်းကျောင်းမှုတွေကို ပိုလုပ်လာနိုင်မလား၊ ပြည်သူတွေအတွက် တကယ်အကျိုးရှိမယ့် ဘယ်လိုဥပဒေတွေကို ဆက်ပြီး ပြဌာန်းနိုင်မလဲ၊ အတိုက်အခံနည်းပြီး အာဏာရပါတီကိုယ်စားလှယ်တွေ ဆက်ပြီးလွှမ်းမိုးနေမယ့် လွှတ်တော်သစ်ဟာ ပြီးခဲ့တဲ့လွှတ်တော်ဟောင်းထက် ပိုပြီးပွင့်လင်းမြင်သာမှုရှိလာမလား ဆိုတာကိုတော့ စိတ်ဝင်တစားရှိနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။