ရှမ်းမြောက်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေကိစ္စ ဝေဖန်ခံနေရ
2020.10.23
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မြို့နယ်တွေထဲမှာ အများစုက လက်နက်ကိုင်ပဋိပက္ခတွေဖြစ်လေ့ရှိတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေက အများဆုံးပါ၀င်နေတာကို တွေ့ရပါတယ်။
၀ ဒေသ ၊ မိုင်းလားဒေသနဲ့ မိုင်းကိုင်မြို့နယ်အပြင် ရှမ်းအရှေ့ပိုင်းက မြို့နယ် ၅ မြို့နယ်ထဲက ရပ် ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စု ၂၈ အုပ်စုပါ၀င်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာတော့ မြို့နယ်ပေါင်း ၁၂ မြို့နယ်ထဲက မြို့ပေါ် ရပ်ကွက် ၆ ခုနဲ့ ကျေးရွာအုပ်စု ၁၀၄ အုပ်စု ပါ၀င်တာကိုတွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာ မြို့ပေါ်ရပ်ကွက်တွေ ပါ၀င်ပြီး နယ်မြေအေးချမ်းတာကြောင့် လွှတ်တော်အမတ်တွေ နိုင်ငံရေးပါတီတွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို မေးခွန်းထုတ်နေကြပါတယ်။
မူဆယ် မဲဆန္ဒနယ်အမှတ် ၁ မှာ ပါ၀င်တဲ့ တော်ရပ် ရပ်ကွက်ဟာ မင်္ဂလာမူဆယ်စီမံကိန်းလိုနေရာ ဖြစ်ပြီး နယ်မြေအေးချမ်းတာကြောင့် UEC အနေနဲ့ အောက်ခြေကို သေချာစုံစမ်းသင့်ကြောင်း တစ်သီးပုဂ္ဂလအမတ်လောင်း မစန်းစန်းထွေးက ပြောပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက နမ့်ဆန်မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စု သုံးခုပါ၀င်ပြီး မန်တုံမြို့နယ်အတွင်းမှာတော့ ကျေးရွာအုပ်စုနှစ်ခု ပါ၀င်တာကိုတွေ့ရပါတယ်။ ဒီလိုပါ၀င်လာတဲ့အပေါ် နမ့်ဆန်မြို့ နယ် ကျောက်ဖြူ လေးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစောလှိုင်က သဘောမတူပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲတဲ့ ရက်ပိုင်းအတွင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်လာတဲ့မြို့နယ်တွေဟာ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေက ပေးပို့တဲ့ စာရင်းတွေအပေါ် အခြေခံတယ်လို့ ပြောဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အဓိကလှုပ်ရှားတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က တိုင်းရင်းသားဒေသမှာ ရွေးကောက်ပွဲ မကျင်းပတဲ့အပေါ် အခုလို သုံးသပ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ လှုပ်ရှားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကတော့ သူတို့ ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပနိုင်ကြောင်း ပြောထားပါတယ်။ UEC ရဲ့ ထုတ်ပြန်ချက်အပေါ်မှာတော့ သူတို့လှုပ်ရှားရာဒေသမှာ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလဲ ရှိနေတာကြောင့် မှတ်ချက်ပေးဖို့ခက်တယ်လို့ SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးစိုင်းသန်းအောင်က ပြောပါတယ်။
ရှမ်းမြောက်ဒေသ ကျောက်မဲမြို့နယ်အတွင်းမှာဆိုရင် ရွေးကောက်ပွဲမကျင်းပဘူးဆိုတဲ့ ကျေးရွာအုပ်စု ၁၂ အုပ်စုမှာ တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တဲ့ ကျေးရွာအုပ်စုအချို့ ပါ၀င်လာပါတယ်။ အဲ့နေရာတွေဟာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အားကောင်းတဲ့ နေရာတွေဖြစ်ပါတယ်။ RCSS ဘက်ကတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး တိုက်ပွဲတွေရပ်ထားတယ်လို့ ပြောထားပါတယ်။
နယ်မြေအေးချမ်းတဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လွှတ်တော်အမတ်တွေနဲ့ မဲဆန္ဒရှင်တွေက တင်ပြထားကြတယ်လို့ ရှမ်းပြည်နယမြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးနှစ်ဆန်းဦး ကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၁၄ရက်နေ့အထိ စာရင်းအရ မြို့နယ်နှစ်ဆယ်အတွင်း မဲပေးနိုင်သူဦးရေဟာ ဆယ့်လေးသိန်းခွဲကျော်ရှိတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြည်နယ်အတွင်း အခြေစိုက်ပါတီတွေ၊ ပြည်မကနေ ခရိုင်၊ မြို့နယ်ရုံးစိုက်ပြီး လာရောက်ယှဉ်ပြိုင်မယ့် ပါတီ ၂၆ ပါတီနဲ့ တစ်သီးပုဂ္ဂလတွေလည်း ၀င်ပြိုင်ကြမှာဖြစ်ပြီး UDP ပါတီမပါတော့လို့ ၂၅ ပါတီ ရှိပါတယ်။
-------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)