စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ ဆားလင်းကြီး ရေမိန်ရွာမှာ လူခြောက်ဦးအလောင်းတွေ့

2022.07.27
စစ်ကောင်စီတပ်စခန်းချခဲ့တဲ့ ဆားလင်းကြီး ရေမိန်ရွာမှာ လူခြောက်ဦးအလောင်းတွေ့ ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ရွာတွင်း တစ်နေရာကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရေမိန် (တောင်) ရွာကို ဇူလိုင်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲပြီး ဇူလိုင်လ ၂၆ ရက် မနေ့က ပြန်ထွက်သွားချိန်မှာ ဒေသခံတွေက ကျေးရွာထဲကိုဝင်ကြည့်ရာမှာ သတ်ဖြတ်ခံထားရတဲ့ လူခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြပါတယ်။

သတ်ဖြတ်ခံထားရသူတွေဟာ အရပ်သားတွေဖြစ်ကြပြီး အသက် ၇၀ အရွယ် ဦးချစ်ရွှေ၊ အသက် ၃၅ နှစ်အရွယ် ဦးအောင်မိုး၊ အသက် ၄၀ အရွယ် ဦးအောင်ခိုင်နဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အသက် ၃၀ အရွယ် ကိုမိုးဦးတို့ဖြစ်ပြီး ကျန်နှစ်ဦး အမည်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ အမည်မသိသူ နှစ်ဦးဟာ စစ်ကောင်စီ တပ်စစ်ကြောင်းနဲ့အတူ ပါလာသူတွေဖြစ်နိုင်ပြီး ဘယ်ဒေသကဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲပဲလို့လည်း ပြောပါတယ်။

PDF တပ်ဖွဲ့ဝင် ကိုမိုးဦးရဲ့ ရုပ်အလောင်းကို မြေမြှုပ်လျက်သားတွေ့ရတာဖြစ်ပြီး ကျန် ရုပ်အလောင်းတွေကိုတော့ ရေမိန် (တောင်) ရွာအပြင် ကပ်လျက်ရှိတဲ့ ရေမိန် (မြောက်)ရွာထဲမှာ တွေ့ရှိခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုလောလောဆယ်ကတော့ ရဲဘော်တစ်ယောက် မြေကြီးတူးပြီးမြှုပ်ထားခဲ့တာ လိုက်ရှာပြီး သင်္ဂြိုဟ်လိုက်ပြီ။ ရေမိန်တောင်ရွာက သုံးလောင်းတွေ့တယ်၊ နောက် ရေမိန်မြောက်ရွာက တစ်လောင်းတွေ့တယ်။ စုစုပေါင်း ခြောက်ယောက်၊ ရေမိန်ကို တစ်ညအိပ်ပြီးတော့ ပြန်အထွက်မှာ ရိုက်နှက်ပြီးသတ်ထားခဲ့တာ၊ တစ်လမ်းလုံးပါပဲ ရွာတွေကို အကုန်ဒုက္ခပေးပြီး ဝင်သွားတာ၊ လမ်းတွေ့တဲ့ရွာတွေ အကုန်ဝင်စွဲတာပဲ"

ရုပ်အလောင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေ၊ ဦးခေါင်းကွဲအက်ဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေအထဲက အသက် ၃၅ နှစ်အရွယ် ဦးအောင်မိုးဟာ လယ်ထဲကနေ ရွာထဲကို ထမင်းစားဖို့ ပြန်ဝင်ရာမှာ ရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့တိုးပြီး သတ်ဖြတ် ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဝင်လာတဲ့အချိန် ကြောက်လို့ထွက်ပြေးကြတယ်။ သူက ပျိုးနုတ်ပြီး ပြန်အလာ ထမင်းဝင်အစားမှာ တွေ့တာ၊ တစ်ချက်ရိုက်ချလိုက်တယ်၊ တစ်နေ့ကုန် ရိုက်စစ်ပြီး သတ်ပစ်ထားခဲ့တာ၊ သူ့ဆီမှာ ဘာမှမပါဘူး၊ ဖုန်းလည်းမပါဘူး၊ လက်နက်လည်း မပါဘူး၊ အင်္ကျီတောင်မပါဘူး၊ ပျိုးနုတ်ပြန်လာတာ၊ သူ့ကို NLD လည်ပတ်တွေ၊ အဝတ်တွေနဲ့ လည်ပင်းတွေကိုပတ် နောက်ပြန်ကြိုးတွေတုပ်ပြီးတော့ ထဘီတွေ ဝတ်ပေးထားခဲ့တာ၊ စပါးထည့်တဲ့ပုတ်ထဲ ထည့်ပြီး ထဘီတွေနဲ့ အုပ်ထားခဲ့တယ်"

သတ်ဖြတ်ခံရသူတွေအထဲက အသက် ၇၀ အရွယ် ဦးချစ်ရွှေနဲ့ အသက် ၄၀ အရွယ် ဦးအောင်ခိုင်ဟာလည်း ရွာထဲကို ပြန်အဝင်မှာ ရွာထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုးပြီး သတ်ဖြတ်ခံခဲ့ရတာလို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အဲဒီအထဲက ဦးအောင်ခိုင်ရဲ့ရုပ်အလောင်းမှာတော့ မျက်လုံးတွေပါ ဖောက်ထုတ်ခံထားရတယ်လို့လည်း ပြောပါတယ်။

အဲဒီစစ်ကြောင်းရဲ့ တပ်ရင်းအမှတ်ကိုတော့ မသိရသေးပါဘူး။

"နေစရာလည်းမရှိကြတော့ဘူး၊ တောတွေထဲမှာပဲ ရှိကြသေးတယ်။ စားဖို့သောက်ဖို့လည်း ခက်ခဲကြတယ်။"

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

ရေမိန်တောင်ရွာကဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက ပြည်သူလူထုကို ပြည်သူလို့မမြင်တော့ဘဲနဲ့ ရန်သူလို့မြင်တဲ့ ပုံစံ ဖြစ်လာတယ်။ ဘာလို့လဲဆို ပြည်သူလူထုက PDF လည်းမဟုတ်ဘူး၊ လက်နက်ကိုင်လည်း မဟုတ်ဘူး၊ အေးရာအေးကြောင်းနေကြတဲ့ သူတွေ၊ ဒါပေမဲ့ ရွာတွေကိုဝင်ရင် သူတို့ကပြည်သူတွေကို ရန်သူသဖွယ်ဆက်ဆံတယ်။ စစ်သား ကျင့်ဝတ်နဲ့ မညီတဲ့ပုံစံတွေလုပ်တယ်။ ခေါင်းတွေကို ပစ်သတ်တယ်။ လည်ပင်းတွေ လှီးသတ်တယ်၊ အပြစ်မဲ့တဲ့ ပြည်သူတွေကို လုပ်တာ စစ်ရာဇဝတ်မှုမြောက်တယ်"

ရေမိန် (တောင်) နဲ့ ရေမိန် (မြောက်) ရွာက ဒေသခံတွေသတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ဟာ ဆိုးရွားလွန်းတာကြောင့် အနီးအနားမှာရှိတဲ့ အခြားကျေးရွာက ဒေသခံတွေလည်း စစ်ကောင်စီ တပ်သားတွေနဲ့ ထိပ်တိုက်တိုးမှာကို ကြောက်ရွံ့တုန်လှုပ်နေကြရတယ်လို့ ရေမိန် (တောင်) ရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ လင်းစာကျရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

salingyi-village
ဆားလင်းကြီးမြို့နယ် ရေမိန်တောင်ရွာအတွင်းက နေအိမ်တချို့ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့က တွေ့ရစဉ် ( Photo: CJ)

“စစ်ကောင်စီက ရက်စက်တယ်။ ရွာတွေကိုဝင်ရင် သူတို့နဲ့တွေ့လို့ မသင်္ကာရင် သတ်ပစ်တယ်။ ခေါင်းတွေကို သေနတ်နဲ့ပစ်တယ်။ ဒေသခံတွေက အခုနေ တော်တော် ခံစားနေရတယ်။ နေစရာလည်းမရှိကြတော့ဘူး၊ တောတွေထဲမှာပဲ ရှိကြသေးတယ်။ စားဖို့သောက်ဖို့လည်း ခက်ခဲကြတယ်။ ငိုတဲ့သူတွေ ငိုနေကြတာ၊ ဒီဘက်မှာ တော်တော်လေးကို အခက်အခဲရှိကြတယ်"

စစ်ကောင်စီတပ်သားတွေရဲ့ လုပ်ရပ်တွေကြောင့် စစ်ကောင်စီအပေါ်မှာ ဒေသခံတွေရဲ့ မုန်းတီးမှုတွေ ပိုများလာတယ်လို့လည်း သူက ပြောပါတယ်။

ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Salingyi Revolution Army (SRA) အဖွဲ့က ကိုဇွဲထက်ကတော့ စစ်ကောင်စီတပ်ကို ထိပ်တိုက်ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

“သူတို့က မြေပြင်မှာရင်ဆိုင်တိုက်နိုင်တဲ့ စွမ်းရည်မရှိတော့ဘူး။ အပြစ်မဲ့တဲ့ပြည်သူတွေ ရွာသူ၊ ရွာသားတွေကို လိုက်ပြီးတော့ ဒုက္ခပေးနေတာ။ ပြန်လက်တုံ့ပြန်မှာ။ စစ်ကောင်စီကို အဓိကထားမယ်။ နောက် သူတို့ရဲ့ ဒေါက်တိုင်တွေကို တိုက်မယ်။ ကြားထဲမှာ ပြောက်ကျားစစ်နဲ့ ရင်ဆိုင်လာတာ။ အခုကတော့ ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းနဲ့ စတိုက်တော့မယ်"

အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကြောင်းနှစ်ခုခွဲပြီး လှုပ်ရှားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကြောင့် ရေမိန်ရွာအပါအဝင် ပဒူ၊ အောင်ချမ်းသာ၊ သမ္မတော၊ ရွာသစ်ကုန်း၊ ပျော်ဘွယ်၊ ကျောကတော၊ ဆင်ဖြူခြေ၊ ကိုးမိုင်၊ ပြင်သာကုန်း၊ ပေါက်တော၊ ရုံးပင်ရိုး၊ မင်းတော နဲ့ ရွာမ စတဲ့ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၃၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။