စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.06.21
စစ်တပ်ထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)။
MFTB

အမေရိကန်က မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့ ဒေါ်လာလက်ဝယ်မရှိဖို့နဲ့ လောင်စာဆီ ဝယ်ယူ မသုံးစွဲနိုင်အောင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို အရေးယူပိတ်ဆို့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေအသုံးချပြီး ဖိနှိပ်ကြောင်း၊ စစ်တပ်ဟာ ရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးတယ်လို့ ကြေညာချက်မှာ ပါဝင်ပါတယ်။

"ကျွန်တော်တို့ တော်လှန်ရေးအတွက် သိပ်ပြီးတော့ ကြီးမားတဲ့ သက်ရောက်မှု ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်"

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၃၆၀၀ ကျော် သေဆုံးခဲ့ကာ သောင်းနဲ့ချီတဲ့ အိုးအိမ်တွေ ပျက်စီးခဲ့ပြီး လူပေါင်း ၁ ဒသမ ၅ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အမေရိကန်က ခုလိုဆောင်ရွက်တာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ကြိုဆိုလိုက်ပါတယ်။

“ဒီဘဏ်တွေ နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်တဲ့ အခါကျတော့ ဒီဘဏ်တွေနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်နေကြတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ အကုန်လုံးက စိုးရိမ်ပူပန်မှုတွေ မြင့်တက်သွားတယ် ဒါရဲ့ သက်သေအနေနဲ့ ကျွန်တော်တို့ ပြောရမယ်ဆိုရင် ပြည်တွင်းမှာ ဒီဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ ဒီလိုပိတ်ဆို့ အရေးယူလိုက်တယ်ဆိုပြီးတော့ တကယ်မချသေးသည့်တိုင်အောင် သတင်းကြားတာနဲ့ကိုပဲ ပြည်တွင်းရဲ့ ငွေရေးကြေးရေးစျေးကွက်တွေ နိုင်ငံခြားနဲ့ ပတ်သက်ပြီးတော့ ငွေလွှဲပြောင်းနေတဲ့ ကိစ္စရပ်တွေအားလုံးက ရပ်ဆိုင်းကုန်ပြီးတော့ တော်တော်လေး ထိခိုက်မှုကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တရားရယ် နိုင်ငံခြားငွေလွှဲပြောင်းမှု ယန္တရားပေါ်မှာကတော့ တော်တော်လေးကို ထိခိုက်မှု သိပ်ကြီးတယ် ဒါကြောင့်မို့လို့ အမေရိကန်အစိုးရရဲ့ အခုလိုဆောင်ရွက်ခဲ့မှုအပေါ်မှာလည်း ကျွန်တော့်အနေနဲ့ကတော့ ကြိုဆိုတယ် ထောက်ခံအားပေးတယ် သိပ်အရေးကြီးတဲ့ အရွေ့ဖြစ်ပါတယ်။ လက်တွေ့အရ ကျွန်တော်တို့ တော်လှန်ရေးအတွက် သိပ်ပြီးတော့ ကြီးမားတဲ့ သက်ရောက်မှုကိစ္စရပ်တစ်ခုဖြစ်ပါတယ်။”

အမေရိကန်ကပိတ်ဆို့ အရေးယူလိုက်တဲ့ ဘဏ်နှစ်ခုလုံးကို သိပ်အသုံးပြုလေ့မရှိတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင် ဦးနေလင်းဇင်က ပြောပါတယ်။

“အကောင့်တွေတော့ ရှိတယ် လက်ကျန်ရှိသေးလား မရှိသေးလား ကျွန်တော်သိတောင် မသိတော့ဘူး မသုံးတာ ဖြစ်တဲ့အတွက် သိပ်တော့ မထိခိုက်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့နော် ရေကန်ထဲကို ခဲလုံးတစ်လုံး ပစ်ချရင်တော့ ဂယက်တော့ နည်းနည်းရိုက်တာပေါ့။ သူက MFTB၊ MICB မသုံးဘဲနဲ့ ဘန်ကောက်ဘဏ်တို့ သုံးမယ်ဆိုလည်း ရတာပဲ ဘာမှမဖြစ်ဘူးလေ။ အရင် ၂၀၁၀ အရှေ့ပိုင်းနဲ့ အများကြီး ကွဲသွားတယ် အဲတော့ အရေးယူပိတ်ဆို့လို့ မြန်မာနိုင်ငံက ဘဏ်တွေရော ဝန်ကြီးဌာနတွေ ဘာမှလုပ်လို့မရဘူးဆိုတာက ဒီဘက်ခေတ်မှာ မဖြစ်နိုင်တော့ဘူး။ နောက်တစ်ခုက China ဘဏ်တွေရှိတယ် MOGE ပေးတဲ့ China ကနေ ယွမ်နဲ့ပေးပါ၊ ဒေါ်လာဖြတ်စရာမလိုဘူးလေ။ ဘာဖြစ်လဲ ဘာမှ ဖြစ်စရာမရှိဘူး အခုလည်း ကျွန်တော်တို့ တော်တော်များများက ယွမ်သုံးလို့ရတယ် ဘတ်သုံးလို့ရတယ် ရူပီးသုံးလို့ရတယ် အကုန်သုံးလို့ ရနေတာဘဲလေ။”

စစ်ကောင်စီကလည်း အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့နေတာဖြစ်ပြီး ဒီလိုအရေးယူတာ စိုးရိမ်စရာမရှိဘူးလို့ ဇွန်လ ၂၀ ရက်နေ့က စစ်ကောင်စီအာဘော် မီဒီယာမှာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

“အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ တစ်ဖက်သတ် စီးပွားရေးပိတ်ဆို့မှုတွေ ဆောင်ရွက်လျက်ရှိတယ် အရင်တုန်းကလည်း အဲဒီလိုအရေးယူပိတ်ဆို့မှုတွေ ကြုံခဲ့ရပါတယ်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်က နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကို ယခင်တုန်းကလည်း စနစ်တကျ ဆောင်ရွက်ပေးခဲ့တယ်၊ နိုင်ငံပိုင်ဘဏ်တွေအနေနဲ့လည်း ဘဏ်လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျက် ရှိတာပဲ၊ ဒီဘဏ်တွေအနေနဲ့ကတော့ အမေရိကန်အခြေစိုက်တဲ့ ဘဏ်တွေ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နေတာ မရှိဘူး မရှိတဲ့အတွက်ကြောင့်မို့လို့ ဆုံးရှုံးမှု မရှိဘူး။”

1c769bd9-621e-4927-b787-abb4a40d7841.jpeg
စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်။ (Photo: mopf.gov)

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကတော့ အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်တဲ့ ဘဏ်နှစ်ခုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံခြားငွေ လဲလှယ်ပေးနေတာဖြစ်သလို စစ်ကောင်စီအတွက် ဒေါ်လာရရှိအောင် လုပ်ပေးနေတဲ့အတွက် ဒီပိတ်ဆို့မှုဟာ စစ်ကောင်စီအတွက် အခက်တွေ့မှာ သေချာတယ်လို့ သုံးသပ်ပါတယ်။

“တရုတ်ယွမ်ငွေ သုံးမယ်ဗျာ ကျွန်တော်တို့က ထိုင်းဘတ်ကို သုံးမယ်ဗျာ ရူပီးသုံးမယ်ဆိုရင် တစ်ချို့နေရာတွေမှာ အမေရိကန်နိုင်ငံရဲ့ ငွေကြေးနဲ့ သုံးရမှာ ရှိတဲ့အခါမှာ လက်ထဲမှာ စကစက ယွမ်ရလာပြီဗျာ ဘတ်ရလာပြီဗျာ အဲဘတ်ကို ဘာလုပ်ရမလဲဆိုတော့ ဒေါ်လာပြန်လဲရမှာ လဲလို့ရှိရင် Transition Charges တွေက တက်သွားပြီ Transition Cost တွေက တက်သွားပြီ၊ အဲဒါကြောင့် စကစက အရှိုက်ကိုထိတာ ပိုပိုထိလိမ့်မယ် ပြည်သူကတော့ သန်ခေါင်ထက် ညဥ့်မနက်တော့ဘူးဆိုတော့ ပြည်သူကလည်း အကျပ်အတည်းပိုများသထက်တော့ များမယ် ဒါပေမဲ့ စစ်ပွဲဖြစ်သလိုပေါ့နော် စစ်တိုက်လာရင်တော့ အဲလိုမျိုး သက်ရောက်မှုတွေ ဖြစ်နိုင်တဲ့အခါမှာ ပြည်သူလူထုကလည်း နားလည်မှုနဲ့ ဝိုင်းဝန်းပြီးတော့ ကြံ့ကြံ့ခံနိုင်မယ်ဆိုရင် ဒါကိုကျော်လွှာမယ် အဓိကကတော့ စကစရဲ့ ခဲယမ်းလက်နက်တွေ ဝယ်ပြီးတော့မှ ပြည်သူလူထုကို လေကြောင်းကနေ သတ်ဖြတ်နေတာတွေကို အဓိကတားဆီးချင်လို့ သူကဒါကို ပြင်းပြင်းထန်ထန် အရေးယူတာလို့ ကျွန်တော်ကတော့ မြင်တယ်ခင်ဗျ။”

အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တဲ့ ဘဏ်နှစ်ခုအပါအဝင် အဲဒီဘဏ်တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ဘဏ်စာရင်းဖွင့်ထားသူတွေ အပါအဝင် ဆက်စပ်လုပ်ကိုင်နေတဲ့ ဘဏ်တွေကိုပါ အရေးယူ ပိတ်ဆို့လိုက်တာလို့ ဦးစိန်ဌေးက ပြောပါတယ်။

MFTB နဲ့ MICB ဘဏ်နှစ်ခုလုံးဟာ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စတဲ့ နိုင်ငံခြားငွေတွေ အများဆုံးစီးဆင်းနေတဲ့ ဘဏ်တွေ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။