ဗြိတိန်ရဲ့ဒဏ်ခတ်မှု အားနည်းနေသေးကြောင်း ဒီမိုကရေစီဘက်တော်သားတွေပြော

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.11.02
ဗြိတိန်ရဲ့ဒဏ်ခတ်မှု အားနည်းနေသေးကြောင်း ဒီမိုကရေစီဘက်တော်သားတွေပြော ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က တပ်မတော်(လေ) (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပခဲ့စဉ်။
Myanmar Military

စစ်ကောင်စီကို လေယာဉ်ဆီနဲ့စက်ကိရိယာတွေဖြန့်ဖြူးရောင်းချတဲ့ ပြည်တွင်းကုမ္ပဏီခြောက်ခုကို ဗြိတိန်အစိုးရက ဒဏ်ခတ်အရေးယူလိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် အားမရတာ တွေ့ရပါတယ်။

ပြည်တွင်းကုမ္ပဏီတွေတင်မကဘဲ ပြည်ပကုမ္ပဏီတွေကိုပါအရေးယူဖို့လိုတယ်လို့ NUG သမ္မတရုံးက ပြောပါတယ်။

“ဒါကတော့ မြန်မာကုမ္ပဏီတွေပေါ့နော်၊ ပိုပြီးထိရောက်အောင်လုပ်ရမယ်ဆိုရင်တော့ နိုင်ငံခြားကုမ္ပဏီတွေ အရှေ့တောင်အာရှထဲမှာရှိတဲ့ ကုမ္ပဏီတွေလည်းရှိတယ်၊ အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီတွေ ရောင်းချပေးနေတဲ့၊ ဆက်သွယ်ပေးနေတဲ့ ကုမ္ပဏီတွေကိုပါ အရေးယူဖို့လိုတယ်ပေါ့”

၂၀၂၄ ဩဂုတ်လမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုအများဆုံးလုပ်ခဲ့တာကြောင့် အရပ်သားတွေ ဒါဇင်နဲ့ချီသေဆုံးခဲ့ရတယ်လို့ ဗြိတိန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်တိုးလိုက်တာပါ။

တာဝန်ခံမှု၊ တရားမျှတမှုရဖို့နဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့အတွက် ဗြိတိန်ကလည်း (EU) ဥရောပသမဂ္ဂ၊ ကနေဒါနိုင်ငံတွေနဲ့အတူ ပူးတွဲတောင်းဆိုလိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရုရှားကိုအရေးယူတာနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ဘူးလို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ထောက်ပြပါတယ်။

“ဒဲ့ပြောရရင်တော့ ဒီတစ်ခေါက် sanction ပေါ့လေ သိပ်ပြောလွန်းလို့သာ ပြောတဲ့သူတွေ ပါးစပ်ပိတ် အောင် လုပ်လိုက်တဲ့သဘောပဲပေါ့လေ၊ ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တဲ့ဟာတွေမှာ တကယ့်ကိုလုပ်နိုင် ကိုင်နိုင်တဲ့ နိုင်ငံတွေသည် လုပ်ပေးလိုတဲ့ဆန္ဒမရှိဘူး၊ ဥပမာပြောရရင်တော့ဗျာ ရုရှားကို ပိတ်ဆို့မှု ပေါင်းပေါ့ sanction တွေရဲ့ အဆတစ်ထောင်ပုံတစ်ပုံလောက်ပဲ မြန်မာပြည်နဲ့ပတ်သက်တာကို ပိတ်ရင် တောင်တော်တော်လေးထိရောက်မှု အားကောင်းမယ်လို့ မြင်ပါတယ်ဗျ”

၂၀၂၄ သြဂုတ်လအထိ ရှစ်လအတွင်း စစ်ကောင်စီရဲ့လေကြောင်းနဲ့တိုက်တဲ့အကြိမ်ရေ တစ်ထောင့်ခြောက်ရာကျော် (၁,၆၃၉) ရှိပြီး၊ သေဆုံးတဲ့အရပ်သား ၈၁၃ ယောက်ရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် လေယာဉ်ဆီနဲ့ ပစ္စည်းတွေရနေတဲ့ တခြားနိုင်ငံတွေက လမ်းကြောင်းတွေကိုပါ ပိတ်ဆို့အရေးယူမှ ဆုံးရှုံးမှုတွေကိုတားနိုင်မယ်လို့ ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

“တရုတ်ကနေ ဗီယက်နမ်ကို ဖြတ်ပြီးတော့မှ ဆီပို့နေတဲ့ကိစ္စတွေ။ အဲတော့ အပြင်ကနေပြီးတော့မှ စစ်အုပ်စုဆီကို လူသတ်လက်နက်တွေ စစ်လက်နက်ကိရိယာပစ္စည်းနော် နည်းပညာအပါအဝင် ပံ့ပိုးနေတဲ့ကိစ္စတွေရပ်သွားဖို့က အဲဒီတခြားနိုင်ငံတွေရဲ့ ကုမ္ပဏီတွေကိုပါ ရပ်တန်းကရပ်ဖို့ လုပ်ဖို့ လိုတယ်”


ဆက်နွှယ်သော သတင်းများ

စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီ ခြောက်ခုကို ဗြိတိန်အရေးယူ

စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ဖို့ ပြည်သူတွေရဲ့တောင်းဆိုလက်မှတ်တွေ ကောက်ယူ

မြန်မာစစ်တပ်ကို လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်းတွေ မလွှဲပြောင်းဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း


ပြည်တွင်းကုမ္ပဏီတွေကိုပဲ ဘယ်လိုပဲပိတ်ပိတ် သူတို့မှာတခြားထွက်ပေါက်တွေရှိတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ကိုမိုက်က ထောက်ပြပါတယ်။

“စွမ်းအင်ဝန်ကြီးဌာနအောက်မှာရှိနေတဲ့ ရေနံထွက်ပစ္စည်း‌ရောင်းဝယ်ရေးတွေပေါ့နော်၊ ဒီအရေးယူတဲ့ အထဲမှာမပါဘူး၊ လေယာဉ်စုဆောင်းပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကိုပေါ့နော် target မထားတဲ့ အတွက်ကြောင့် ဝယ်တဲ့ကောင်တွေက A ကိုပိတ်ရင် B နဲ့ဝယ်မယ်၊ B ကိုပိတ်ရင် C နဲ့ဝယ်မယ် ဆိုတဲ့ဟာမျိုးက တစ်သက်လုံး လုပ်ခဲ့တာ၊ အဲဒါကိုလည်း EU တို့ UK တို့ US တို့က အားလုံးက နားလည်ပြီးသား၊ သူတို့က အဲဒါကိုမလုပ်ဘူး”

ဒါကြောင့်အခုထက်ပိုပြီးအရေးယူဖို့ NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ထောက်ပြပါတယ်။

“အလုံးစုံ တကယ်ကို ထိထိရောက်ရောက်အတွက်ဆိုရင်တော့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့အရေးယူဖို့တော့ လိုပါလိမ့်မယ်”

အဲဒီအပြင် စစ်ကောင်စီအတွက် လေယာဉ်ဆီသယ်ပေးနေတဲ့ သင်္ဘောလိုင်းတွေကို ပိတ်ဆို့အရေးယူဖို့နဲ့ သင်္ဘောလိုင်းတွေကို အာမခံတွေရောင်းနေတဲ့ကုမ္ပဏီတွေကိုလည်း ဖိအားပေးဖို့လိုတယ်လို့ သူကပြောပါတယ်။

အခုတစ်ခေါက်အရေးယူခံရတဲ့ ကုမ္ပဏီတွေက Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited, Progress Technology Support Company Limited (a.k.a Royal Shune Lei) နဲ့ King Royal Technologies Company Limited တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။