စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ဖို့ ပြည်သူတွေရဲ့တောင်းဆိုလက်မှတ်တွေ ကောက်ယူ
2024.10.20

စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး နိုင်ငံတကာကို တောင်းဆိုဖို့အတွက် သွေးစွန်းငွေ လှုပ်ရှားမှုလို့ခေါ်တဲ့ Blood Money အဖွဲ့က ပြည်သူတွေရဲ့ လက်မှတ်တွေကို အောက်တိုဘာ ၁၈ ရက်နေ့က စပြီးကောက်ယူနေပါတယ်။
စစ်ကောင်စီကို အရေးယူဖို့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေဟာ အရေးကြီးတာကြောင့် လက်မှတ်တွေကောက်ယူတာလို့ သွေးစွန်းငွေအဖွဲ့တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"နိုင်ငံတကာ အစိုးရတွေဟာ ရာဇဝတ်ဂိုဏ်း မြန်မာစစ်အုပ်စုကို အရေးယူဖို့ မူဝါဒတွေ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေကို ထည့်သွင်း စဉ်းစားပါတယ်။ လူထုလက်မှတ်နဲ့ တောင်းဆိုသံတွေဟာ အခရာ ကျပါတယ်"
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို ပြည်သူတွေရဲ့ လက်မှတ်တွေနဲ့အတူ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုသွားမှာလို့ ဆိုပါတယ်။
တောင်းဆိုချက်တွေထဲမှာ စစ်ကောင်စီကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ လေယာဉ်ဆီတင်ပို့မှု၊ ရောင်းချမှုနဲ့ လွှဲပြောင်းမှု အားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ စစ်ကောင်စီကို လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကုမ္ပဏီတွေနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ Myanmar Petrochemical Enterprise (MPE)ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုထားပါတယ်။
ပြည်သူတွေရဲ့တောင်းဆိုချက်တွေကြောင့် အမေရိကန် (US)၊ ဗြိတိန် (UK)နဲ့ ဥရောပသမဂ္ဂ (EU) အစိုးရတွေအနေနဲ့ အာဆီယံအပါအဝင် တရုတ်ကုမ္ပဏီတွေ စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့လို့မရနိုင်အောင် အရေးယူဆောင်ရွက်နိုင်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ အစိုးရတွေအနေနဲ့ စစ်အုပ်စုနဲ့ ခရိုနီကုမ္ပဏီတွေကိုပဲ ပိတ်ဆို့အရေးယူထားတဲ့အတွက် ထိရောက်တဲ့ ပိတ်ဆို့မှုမဟုတ်သေးတာကြောင့် စစ်ကောင်စီက လေယာဉ်ဆီတွေ ဆက်လက်ရရှိနေတယ်လို့လည်း သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့က ပြောထားပါတယ်။
လေယာဉ်ဆီဖြတ်တောက်ရေး လက်မှတ်တွေ ကောက်ယူနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ပြည်သူတွေရဲ့ တောင်းဆိုလက်မှတ်တွေကို ကောက်ယူဖို့လျာထားပြီး လက်မှတ်သိန်းချီရတဲ့အထိ ကောက်ယူသွားမယ်လို့ သွေးစွန်းငွေအဖွဲ့က ပြောပါတယ်။