စစ်ကောင်စီထံ လေယာဉ်ဆီမရောက်အောင် တားဆီးဖို့ ကန်သံအမတ်ကြီး ထပ်မံတောင်းဆို

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield အား ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ကျင်းပသည့် US-Africa စီးပွားရေးထိပ်သီးအစည်းအဝေးအတွင်း မိန့်ခွန်းပြောနေစဉ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield အား ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ကျင်းပသည့် US-Africa စီးပွားရေးထိပ်သီးအစည်းအဝေးအတွင်း မိန့်ခွန်းပြောနေစဉ်။ (AFP)

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအားလုံးအနေနဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်လောင်စာဆီ လွှဲပြောင်းရောင်းချမှုတွေ တားဆီးဖို့ တောင်းဆိုချက်ကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဇွန်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ကို ရည်ညွှန်းပြီး သူက ပြောကြားလိုက်တာပါ။

ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီကို စစ်လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရာမှာ ပါဝင်ကူညီနေတဲ့ ဘဏ်တွေကို ထုတ်ဖော်ထားတာကိုလည်း ကြိုဆိုကြောင်း သူက ပြောပါတယ်။

မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခဆင်းရဲမျိုးစုံ ဆက်လက်ခံစားနေကြရကြောင်း၊ လွန်ခဲ့တဲ့ သုံးနှစ်ကျော် စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို လေကြောင်းက တိုက်ခိုက်မှုတွေ ဆက်ပြီးကျူးလွန်နေကြောင်း၊ ဒီအကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုဆိုးလာစေခဲ့ပြီး လူသုံးသန်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို အနည်းဆုံး သုံးသိန်းခန့်လည်း အိမ်နီးချင်းတိုင်းပြည်တွေကို ထွက်ပြေးနေကြရကြောင်း၊ မြန်မာပြည်ရဲ့ ဒီအကျပ်အတည်းတွေက ဒေသတွင်းတည်ငြိမ်မှုနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေအနီးမှာ မြေမြှုပ်မိုင်းအသုံးပြုမှုနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြင့်လာတဲ့ အခြေအနေတွေအပေါ် အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်ကြောင်းလည်း ဖော်ပြထားပါတယ်။ စစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေက ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူနည်းစုတွေကို အတင်းအကျပ် စစ်သားအဖြစ် စုဆောင်းတာ၊ အမျိုးသမီးတွေကို အဓမ္မစုဆောင်းတာတွေလည်းရှိနေပြီး ဒီအဖွဲ့တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမှာဖြစ်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံရဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးပမ်းမှုကို ဆက်လက်ထောက်ခံနေမှာဖြစ်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးဖို့ လိုအပ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ထပ်တလဲလဲအကြမ်းဖက်မှု ကျူးလွန်နေတာတွေကနေ ကာကွယ်ဖို့၊ စစ်တပ်ကို လက်နက်နဲ့ လေယာဉ်ဆီရောင်းချတာတွေ ရပ်ဆိုင်းဖို့နဲ့ စစ်ကောင်စီကို ကတိကဝတ်တွေအတိုင်း အာဆီယံငြိမ်းချမ်းရေး ဘုံသေဘာတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအပါအဝင် မဟာမိတ်နိုင်ငံတွေ ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။