စစ်ကောင်စီအပေါ် ထိရောက်အောင် အရေးယူဖို့ လိုအပ်နေဆဲလို့ သုံးသပ်

RFA Burmese
2023.08.15
စစ်ကောင်စီအပေါ် ထိရောက်အောင် အရေးယူဖို့ လိုအပ်နေဆဲလို့ သုံးသပ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူခံရသူများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီး ဟောင်း ဒေါက်တာပွင့်ဆန်း (ဝဲ မှ ယာ) တို့အား တွေ့ရစဉ်။
.

စစ်ကောင်စီအဖွဲ့ဝင် ခြောက်ဦးနဲ့ စစ်ကောင်စီထိန်းချုပ်မှုအောက် လည်ပတ်နေတဲ့ သတ္တုတွင်းလုပ်ငန်းတစ်ခုကို EU ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်နိုင်ငံတို့က ဇူလိုင် လကုန်ပိုင်းနဲ့ ဩဂုတ်လဆန်းပိုင်းတွေမှာ ရှေ့ဆင့်နောက်ဆင့် ပိတ်ဆို့အရေးယူလိုက် ပါတယ်။

အခုလို ပိတ်ဆို့အရေးယူမှုတွေကို ကြိုဆိုပေမယ့် နိုင်ငံတကာအနေနဲ့ ပိုပြီးထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက တိုက်တွန်းကြပါတယ်။

"နည်းပညာလွှဲပြောင်းမှုတွေ လုပ်လို့မရတော့တဲ့အတွက်ကြောင့် ထိခိုက်မှုတစ်စုံတစ်ရာတော့ ရှိမယ်ပေါ့လေ"

စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြစ်စေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်နေသေးတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့၊ ငွေကြေးစီးဆင်းမှု လုပ်နေတဲ့၊ ငွေကြေး ထောက်ပံ့မှုလုပ်နေတဲ့ ဘဏ်တွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာလည်း ပြောကြားချင်ပါတယ်”

နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အခုဆိုရင် စစ်ကောင်စီမှာ နိုင်ငံခြားငွေရဖို့ အကျပ်အတည်းဖြစ်လာတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

EU ဥရောပသမဂ္ဂနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ ပိတ်ဆို့အရေးယူလိုက်တဲ့အထဲမှာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီး ဒေါက်တာ ပွင့်ဆန်း၊ စစ်ကောင်စီအဖွဲ့ဝင် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးအောင်ကျော်မင်း၊ စစ်ထောက်ချုပ်နဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ ကြံ့ခိုင်ဖွံ့‌ဖြိုးရေးပါတီ အမတ်ဟောင်း ဦးပိုးရယ်အောင်သိန်း အပါအဝင် နေပြည်တော် ပျဉ်းမနားမြို့နယ်က စစ်ကောင်စီလက်အောက်ခံ အမှတ် ၂ သတ္တု လုပ်ငန်းတို့ ပါဝင်ပါတယ်။

ဥရောပသမဂ္ဂရဲ့ ဒီတစ်ခါဒဏ်ခတ်ပိတ်ဆို့တာဟာ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေအပေါ် ခုနစ်ကြိမ်မြောက်ဖြစ်ပြီး ၂၀၂၃ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကလည်း မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စစ်တပ်အတွက် လက်နက်ဝယ်ပေးနေတဲ့ လက်နက်ပွဲစားတွေ အပါအဝင် လူပုဂ္ဂိုလ်ကိုးဦးနဲ့ အဖွဲ့အစည်း ခုနစ်ခုကို ဥရောပသမဂ္ဂ (အီးယူ)က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံကထွက်တဲ့ သတ္တုတွေအားလုံးဟာ တရုတ်စျေးကွက်ကနေတစ်ဆင့် ကမ္ဘာ့ကိုပြန့်နေတာကြောင့် စစ်ကောင်စီရဲ့ သတ္တုတွင်းလုပ်ငန်းကို အီးယူနဲ့ ဆွစ်ဇာလန် နိုင်ငံတို့ အခုတစ်ကြိမ် ပိတ်ဆို့အရေးယူတာဟာ မထိရောက်ဘူးလို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ ပြောခွင့်ရသူမိုက်က သုံးသပ်ပါတယ်။

“တကယ်တမ်းလက်တွေ့မှာကျတော့ ဒီသတ္တုစျေးကွက်က ဘယ်ကနေသွားလဲဆိုတော့ တရုတ်ကနေတစ်ဆင့်ခံပြီး သွားတာဖြစ်ပါတယ်။ မြန်မာပြည်မှာထွက်တဲ့ သတ္တုတွေ အားလုံးက တရုတ်စျေးကွက်ကနေတစ်ဆင့် ကမ္ဘာကို ပြန့်နေတာဖြစ်တဲ့အတွက်ကြောင့် တိုက်ရိုက်အကျိုးသက်ရောက်မှု အရမ်းကြီး မရှိဘူး။ သို့သော်လည်း ဘယ်လိုမဆို ဒီအီးယူနိုင်ငံတွေမှာက ကုမ္ပဏီတွေကတော့ ဒီအမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ သတ္တုတွေရော၊ ငွေကြေးလွှဲပြောင်းမှုတွေ၊ နည်းပညာလွှဲပြောင်းမှုတွေ လုပ်လို့မရတော့တဲ့အတွက်ကြောင့် ထိခိုက်မှုတစ်စုံတစ်ရာတော့ ရှိမယ်ပေါ့လေ။ အရမ်းကြီးတော့ သက်ရောက်မှုမရှိဘူးလို့ ပြောချင်ပါတယ်ခင်ဗျ”

စစ်ကောင်စီ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းဟာ ရွှေ၊ ခဲမဖြူ၊ အဖြိုက်နက်သတ္တုတွေကို ထုတ်လုပ်၊ ကျိုချက်၊ ရောင်းချတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ။ ဒါ့အပြင် အကြီးစား ရွှေသတ္တုတူးဖော်မှု လုပ်ငန်းကိုလည်း ကုမ္ပဏီခြောက်ခုနဲ့ ဖက်စပ်လုပ်ကိုင် နေပါတယ်။

စစ်ကောင်စီအပေါ် နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူနေတာတွေကို သူတို့အနေနဲ့ မစိုးရိမ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ဇွန်လက ပြောခဲ့ဖူးပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကလည်း ပိတ်ဆို့အရေးယူတာတွေက နိုင်ငံအချင်းချင်း မိတ်ပျက်ရုံကလွဲပြီး အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။

“တကယ့်မိတ်ဖက်နိုင်ငံတွေလည်း ပိုပြီးတော့ ပေါလာတယ်။ ကမ္ဘာကြီးမှာရှိတဲ့ ကုန်သွယ်မှုပိုင်းဆိုင်ရာကလည်း ပုံစံပြောင်းလာတဲ့အချိန်မျိုးမှာ ဒီခေတ်ကြီးမှာ ဆန်ရှင်လုပ်တယ်ဆိုတာကတော့ ဆန်ရှင်လုပ်တဲ့ နိုင်ငံတွေရော အလုပ်ခံရတဲ့ နိုင်ငံတွေရော မိတ်ပျက်သွားတာကလွဲပြီးတော့ ကျန်တဲ့အကျိုးသက်ရောက်မှုကတော့ ကြီးကြီးမားမား ဖြစ်လာစရာ အကြောင်းမရှိတော့ဘူး။ အဓိကက ကမ္ဘာနိုင်ငံရေး အပြောင်းအလဲ အပေါ်မှာမူတည်ပြီးတော့ ဆန်ရှင်ကလည်း ထင်သလောက်အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အဓိကအချက်က အဲဒါပဲ”

စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သတ္တုတွင်းထွက် လုပ်ငန်းက ၂၀၂၂-၂၃ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၂၃ သန်းရရှိခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ် မှာ အမေရိကန်ဒေါ်လာ ၁၁၆ သန်း ရရှိထားပါတယ်။

ဒါ့အပြင် နိုင်ငံအလိုက်ကုန်သွယ်မှု စာရင်းအရ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ မြန်မာနိုင်ငံရဲ့ အကြီဆုံးကုန်သွယ်ဖက် နိုင်ငံတွေဖြစ်နေတာပါ။

ပိတ်ဆို့အရေးယူတာတွေဟာ အမှားလုပ်တဲ့နိုင်ငံကို ပြစ်ဒဏ်ပေးတဲ့သဘောသာဖြစ်ပြီး ထိရောက်မှုမရှိသေးဘူးလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP (Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကလည်း ထောက်ပြပါတယ်။

“ဆန်ရှင်ဆိုတဲ့ လုပ်ငန်းမျိုးက တစ်ခုတည်းဆိုရင်တော့ မထိရောက်ဘူးဗျ။ အထူးသဖြင့် တော့ ရုရှားနဲ့ ယူကရိန်း စစ်ပွဲပြီးတဲ့နောက်မှာ နိုင်ငံအတော်များများကလည်း ဒါကို အသိအမှတ်ပြုလာပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက အနောက်နိုင်ငံတွေရဲ့ သူတို့ စဉ်းစားချက်ပေါ့။ သူတို့ကလည်း ဘာဖြစ်လဲဆိုတော့ တစ်ခုခုအမှား လုပ်ရင်နော် အဲဒါဆိုရင် အပြစ်ဒဏ်ပေးတယ်။ ဒီသဘောပဲရှိပါတယ်”

EU ဥရောပသမဂ္ဂဟာ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်ပေါင်း ၉၃ ဦးနဲ့ အဖွဲ့အစည်း ၁၈ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့ထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်း ပေးအပ်မှုတွေအပေါ် တားမြစ်ချက်တွေ ချမှတ်ထားပါတယ်။

၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်က ထုတ်ပြန်သည့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ပါရှိခဲ့သည့် ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်မောင်မောင်အေး၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး (ဝဲ မှ ယာ) တို့အား တွေ့ရစဉ်။
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်က ထုတ်ပြန်သည့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ပါရှိခဲ့သည့် ရေတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်မောင်မောင်အေး၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး (ဝဲ မှ ယာ) တို့အား တွေ့ရစဉ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လက်နက်နဲ့ စက်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေမှာ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို မတင်ပို့ဖို့လည်း တားမြစ်ထားပြီး မြန်မာစစ်တပ်ကိုပေးနေတဲ့ သင်တန်းအားလုံးလည်း ရပ်ဆိုင်းထားပါတယ်။

ဥရောပသမဂ္ဂကနေ မြန်မာအစိုးရကို တိုက်ရိုက်ပေးအပ်နေတဲ့ ဘဏ္ဍာရေးအကူအညီတွေကို ရပ်ဆိုင်းထားပြီး၊ စစ်ကောင်စီကို တရားဝင်ဖြစ်မှုပေးတယ်လို့ ယူဆရတဲ့ အကူအညီအားလုံး ကိုလည်း ရပ်တန့်ထားပါတယ်။

မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အာဏာသိမ်းစစ်ကောင်စီ တာဝန်ယူမှု တာဝန်ခံမှုရှိလာစေဖို့ ရည်ရွယ်ပြီး နိုင်ငံတကာက ပိတ်ဆို့အရေးယူနေပေမယ့်လည်း စစ်ကောင်စီအပေါ် သက်ရောက်မှုနည်းနေတဲ့အတွက် အခုထက်ပိုတဲ့ အရေးယူတဲ့ လမ်းကြောင်းတွေ ချမှတ်ဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။