ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲ မြန်မာ့အရေးဆွေးနွေး

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2024.06.04
ရှန်ဂရီလာ လုံခြုံရေးဆွေးနွေးပွဲ မြန်မာ့အရေးဆွေးနွေး စင်ကာပူနိုင်ငံတွင် ကျင်းပနေသည့် ရှန်ဂရီလာဆွေးနွေးပွဲတွင် မြန်မာပြည်အရေး ဆွေးနွေးနေသည့် ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan အား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။
IISS/Screen Capture

ပြီးခဲ့တဲ့ အပတ်က စင်ကာပူနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရှန်ဂရီလာဒိုင်ယာလော့ခ် ဆွေးနွေးပွဲမှာ အာရှ ပစိဖိတ်ဒေသ၊ မြောက်အမေရိက၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ဒေသတွင်း စစ်ရေးနဲ့လုံခြုံရေး အခြေအနေတွေအကြောင်းကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အခုနှစ် ရှန်ဂရီလာဒိုင်ယာလော့ခ် ဆွေးနွေးပွဲမှာ ရေပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စနဲ့ ယူကရိန်းသမ္မတ ဇာလန်စကီးကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ပွဲအကြောင်းတွေ အဓိက လွှမ်းမိုးခဲ့ပေမဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး “ငြိမ်းချမ်းရေးအတွက် ကွဲပြားခြားနားတဲ့ အမြင်တွေအကြားက သံတမန်ရေးအတွက် အခွင့်အလမ်းများ” လို့ခေါင်းစဉ်တပ်ထားတဲ့ သီးသန့်ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ ဘယ်သူဖြစ်တယ်ဆိုတာ အငြင်းပွားနေဆဲဖြစ်တဲ့အတွက် ရှန်ဂရီလာဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်သူ မရှိတဲ့အကြောင်း မေလ ၃၁ ရက်နေ့က ပြုလုပ်တဲ့ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲမှာ အခမ်းအနားမှူးက ပြောသွားပါတယ်။

အာရှပစိဖိတ်ဒေသတစ်ခုလုံး လုံခြုံအေးချမ်းပြီး ဖွံ့ဖြိုးစည်ပင်ဖို့ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလိုဖြေရှင်းနိုင်ဖို့ အချိန်ကြာဦးမယ်လို့ ဗြိတိန်အစိုးရ၊ အင်ဒိုပစိဖိတ်နဲ့ ဓနသဟာယ ဖွံ့ဖြိုးရေးဌာနဝန်ကြီး Anne-Marie Trevelyan က ပြောသွားပါတယ်။

မလေးရှား အမျိုးသားလုံခြုံရေးကောင်စီ ညွန်ကြားရေးမှူးချုပ် ဇိုင်နယ် အဘီဒင် (Zainal Abidin) က အာဆီယံဟာ အရင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို အဖွဲ့ဝင်ဖြစ်ခွင့်ပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အများကြီး အချိန်ပေးခဲ့ရပြီး အခု ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း ဒီကိစ္စကို အစကနေ ပြန်စနေရတဲ့အတွက် အလွန်မှ စိတ်ပျက်မိတဲ့အကြောင်း၊ လက်ရှိအချိန်မှာ အာဆီယံဆယ်နိုင်ငံလုံး တန်းတူဖြစ်ဖို့ ရည်မှန်းချက်နဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို ရှေ့ရှုလို့သာ မြန်မာနိုင်ငံအရေးကို ဆက်ပြီးဆောင်ရွက်နေတာ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာနိုင်ငံပြဿနာကို မြန်မာပြည်သူတွေ ကိုယ့်ဘာသာ ဖြေရှင်းရမှာဖြစ်ပြီး အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက သက်ဆိုင်သူတွေအားလုံး တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းနိုင်တဲ့ အခြေအနေဖြစ်လာအောင် ကူညီဆောင်ရွက်ပေးဖို့ပဲ လုပ်မှာဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။

ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန် Igor Driesmans က မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဥရောပသမဂ္ဂ အီးယူဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချပြီး၊ စစ်တပ်ပိုင် လုပ်ငန်းတွေ၊ စစ်တပ်နဲ့ ဆက်စပ်နေသူတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်တဲ့ နည်းလမ်းနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲမှုတွေကို လျော့ချနိုင်ဖို့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တဲ့နည်းလမ်း နှစ်ခုကို တစ်ပြိုင်တည်း ကျင့်သုံးနေတဲ့အကြောင်း ပြောသွားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံးရဲ့ အကြီးအကဲ Ngurah Swajaya က အာဆီယံအနေနဲ့ မြန်မာနိုင်ငံအကျပ်အတည်းကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ ဆက်ဆံခဲ့တဲ့အကြောင်း ပြောသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အရင် စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံကို အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ကူညီပေးခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တဲ့အကြောင်း၊ လက်ရှိ မြန်မာစစ်တပ်က ထပ်ပြီး အာဏာသိမ်းလိုက်တဲ့နောက် မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အဓိက အုပ်စု ငါးစု ရှိတယ်လို့ ရှုမြင်ပြီး သက်ဆိုင်သူ အားလုံး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တဲ့အကြောင်း၊ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု မရှိကြတဲ့အတွက် သဘောတူညီချက် တစ်ခုခုရပြီးတိုင်း ပြန်ပျက်ပြယ်သွားတာ တွေ့ရကြောင်း၊ အာဆီယံဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ ဘုံသဘောတူညီချက် ငါးရပ်ရခဲ့ပေမဲ့ စစ်ကောက်စီဘက်က လိုက်နာမှုမရှိတဲ့အတွက် အကောင်အထည် ပေါ်မလာတာဟာ အာဆီယံရဲ့ အားနည်းချက် မဟုတ်တဲ့အကြောင်း၊ အာဆီယံဟာ လူသိရှင်ကြား ထုတ်ပြောတာ မရှိပေမဲ့ မြန်မာနိုင်ငံပြဿနာ ပြေလည်ဖို့ နောက်ကွယ်က စေ့စပ်ညှိနှိုင်းမှုတွေ အများကြီး လုပ်ခဲ့တဲ့အကြောင်း သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်သူ အစုအဖွဲ့တွေအကြား ယုံကြည်မှုတည်ဆောက်ဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ အရေးတကြီး လိုအပ်နေတဲ့အကြောင်းလည်း ဒီညီလာခံကို တက်ရောက်လာသူတွေက သုံးသပ်ပြောကြားခဲ့ကြတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။