စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ် ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေရ

RFA Burmese
2023.05.21
စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ် ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်ထဲကို မေလ ၁၉ ရက်ကစပြီး အင်အား တစ်ရာကျော်ပါ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရသူတွေက RFA ကို ပြောပါတယ်။

ပဒူတိုက်နယ်ထဲက ပဒူ၊ ကန်ကြီးကုန်း၊ ကျောက်ပနံ၊ ရွာသစ် စတဲ့ရွာကြီးလေးရွာ အပါအဝင် အနားမှာရှိတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

"PDF တွေ စိုးမိုးလာတာကို မလိုလားတာဖြစ်တဲ့အတွက် သူတို့ကအဲဒီဘက်ကို အင်အားသုံးပြီးတော့ နယ်မြေရှင်းလင်းတဲ့ သဘောဖြစ်တယ်”

ဒေသခံတွေဟာ ခိုလှုံစရာ တောကောင်းကောင်းမရှိတာကြောင့် ဘေးလွတ်ရာရွာတွေကို ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းနဲ့ ဝေးတဲ့ရွာတွေဘက်ကို ရှောင်ကြတာပေါ့။ လောလောဆယ်တော့ လေးရွာက ရှောင်နေရတယ်။ အခက်အခဲကတော့ ရှိတာပေါ့။ စစ်ဘေးရှောင်တွေက ဘေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတို့ သွားပြီးနေကြတာပေါ့။ တချို့ဆိုရင်လည်း တောတွေထဲမှာပေါ့။ ခက်တာက အဲဒီနေရာကြီးက ပြန့်ကြီးဆိုတော့ တောကလည်း ကောင်းကောင်းမရှိဘူး။ အဲတော့ ဘေးလွတ်ရာရွာတွေပဲ သွားကြရတာပေါ့”

စစ်ကိုင်းမြို့နယ်မှာလည်း မိုခါမုန်တိုင်းကြောင့် စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ တဲတွေပျက်စီးခဲ့သလို ဆက်သွယ်ရေးတံတားတွေပါ ပျက်စီးသွားတာကြောင့် ထွက်ပြေးရသူတွေအတွက် ပြေးလွှားနေချိန်မှာပါ အန္တရာယ်ရှိလာတယ်လို့ ဆိုပါတယ်။

မေလ ၂၁ ရက် ဒီနေ့မနက်မှာလည်း နေရာရွှေ့ပြောင်းရင်း ကားမှောက်လို့ ပဒူရွာခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ပဒူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်း ရှေ့ဆက်တိုးလာရင် တောင်ရင်း၊ ခက်ခ၊ တလိုင်း၊ ကျောင်းဖြူ အဲဒါတွေထွက်ပြေးရမှာ။ လောလောဆယ် သူတို့က ရှေ့ဆက်မတိုးသေးဘူး။ ပဒူနဲ့ ကံကြီးကုန်းကြားမှာပဲ ဝပ်နေတယ်။ ခုနက စစ်ဘေးရှောင်ရင်းနဲ့ ကားမှောက်တာ ပြည်သူအမျိုးသမီး ၂၅ နှစ်အရွယ် တစ်ဦးဆုံးသွားတယ်။ ခြောက်ဦးလောက် ဒဏ်ရာရထားတယ်။ သူတို့ကမနေ့တုန်းက ခက်ခအရှေ့ရွာမှာ စစ်ဘေးရှောင်ပြီး ဒီနေ့မနက် ခက်ခအနောက် ရွာကိုသွားတာ။ စမွန်းဘက်ကို သွားတဲ့လမ်းမှာမှောက်တာ”

စစ်ကိုင်းမြို့နယ်အခြေစိုက် မင်းဝံတော်လှန်ရေးအင်အားစုကတော့ မေလ ၁၉ ရက်က ပဒူနဲ့ ကန်ကြီးကုန်းရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ နီးပါးသေဆုံးသလို သူတို့ဘက်က တစ်ဦးသေဆုံးတယ်လို့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့ နှစ်ဖက်သေဆုံးတဲ့ အရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာသတင်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်ကိုင်းခရိုင်တပ်ရင်း (၃) စစ်ရေးတာဝန်ခံက စစ်ကိုင်းဟာ စစ်ကောင်စီအတွက်အရေးပါ သလို PDF တွေ နယ်မြေ စိုးမိုးမှာကို စိုးရိမ်တာကြောင့် အခုလိုအင်အားသုံးပြီး နယ်မြေ ရှင်းလင်းရေးလုပ်နေတာလို့ RFA ကို ပြောပါတယ်။

“စစ်ကိုင်းမြို့နယ်က စစ်ကောင်စီအတွက် ထောက်ပို့အတွက် အရေးပါတဲ့နေရာလည်း ဖြစ်တယ်။ အဲဒီအတွက်ကို ဒီနယ်တစ်ဝိုက်မှာ စစ်ကိုင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အင်အားကောင်းလာမှာ ကြီးစိုးလာမှာကို သူတို့ မလိုလားဘူး။ နောက် တစ်ချက် အခုပဒူမှာဖြစ်တဲ့ကိစ္စဆိုရင် ပဒူတိုက်နယ်ဟာ စစ်ကိုင်းမြို့နဲ့ အလွန်နီးတယ် ပေါ့ဗျာ။ စစ်ကိုင်းမြို့နဲ့ နာရီဝက်လောက်သွားရတဲ့ နေရာလေးတွေဖြစ်တဲ့အတွက် အဲဒီနယ်မြေမှာ PDF တွေ အားကောင်းလာမှာ PDF တွေ စိုးမိုးလာတာကို မလိုလား တာဖြစ်တဲ့အတွက် သူတို့ကအဲဒီဘက်ကို အင်အားသုံးပြီးတော့ နယ်မြေရှင်းလင်းတဲ့ သဘော ဖြစ်တယ်လို့ ကျွန်တော် ယူဆတယ်ဗျ”

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်နေတာတွေကို ဆက်လက်ခုခံသွားမယ်လို့လည်း ဆိုပါတယ်။

အင်အားတစ်ရာကျော်ပါ စစ်ကြောင်းဟာ မေလ ၁၉ ရက်က ကန်ကြီးကုန်းနဲ့ ကျောက်ပနံရွာထဲကို ဝင်ရောက်ခဲ့ပြီး အဲဒီနေ့မှာပဲ ပြန်ထွက်သွားပေမယ့် မေလ ၂၁ ရက်မှာတော့ ပဒူရွာထဲကို ထပ်မံဝင်ရောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပဒူတိုက်နယ်ထဲက ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အပေါ် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံခုနစ်သိန်းခွဲ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။