နယ်မြေရှင်းလင်းရေးကြောင့် ကျွန်းလှနဲ့ ခင်ဦးက ဒေသခံ လေးထောင်ကျော် ထွက်ပြေး
2023.01.07

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နဲ့ ခင်ဦးမြို့နယ်က ရွာတွေကို ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့လို့ အရပ်သား လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"တချို့ကျတော့လည်း ဘေးရွာက ဆွေမျိုးတွေနေရာ၊ စစ်တပ်မဝင်တဲ့ရွာက ဘုန်းကြီးကျောင်းတွေမှာ အကူအညီ တောင်းပြီးနေကြတယ်"
ခင်ဦးမြို့နယ် အင်းပတ်ရွာထဲကို ဇန်နဝါရီလ ၅ရက် ည၈နာရီဝင်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အရပ်သား နှစ်ထောင်နီးပါး ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အင်းပတ်ကွေ့ဆိုတာ အင်းပတ်ရွာရဲ့ အနောက်မြောက်ဘက်မှာရှိတာ။ အဲဒီမှာ စစ်ကောင်စီ တပ်ကင်းတွေရှိတယ်။ အဲဒီကင်းကို ဘယ်အဖွဲ့က သွားပစ်လဲတော့ မသိဘူး။ ည ၈ နာရီ လောက်ကျတော့ အင်းပတ်ကွေ့ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ တရပ်စပ် အင်းပတ်ရွာထဲကို ပစ်တာပေါ့လေ။ အင်းပတ်ကလူတွေက ထွက်ပြေး တိမ်းရှောင်ကြရတာပေါ့။ အင်းပတ်ကနေ နီးစပ်ရာရွာတွေပေါ့။ အနောက်ဘက်က ပစ်တယ်ဆိုတော့ အရှေ့ဘက်၊ တောင်ဘက်က ရွာတွေကို ထွက်ပြေးကြရတာပေါ့”
ဒီပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီလ ၆ ရက် မနေ့ညနေပိုင်းမှာတော့ ကျွန်းလှမြို့နယ် ကြာတကံရွာနဲ့ ထန်းပင်ကုန်း ရွာတွေကို စစ်ကောင်စီတပ်သား ၁၀၀ ကျော်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ထန်းပင်ကုန်းရွာက လူဦးရေ တစ်ထောင့်သုံးရာနီးပါးနဲ့ အိမ်ခြေ ၃၀၀ ဝန်းကျင် ရှိတဲ့ ကြာတကံရွာက လူဦးရေ တစ်ထောင်နီးပါး ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေက တောင်ယာတွေထဲကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးနေရ တာလို့ ကြာတကံရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ကျမတို့က ၈ နာရီလောက်ကတည်းက ကျွန်းလှကနေလာမယ် ကြားကတည်းက ရှောင်နေကြတာပဲ၊ ဘာမှမပါဘူး၊ လူနဲ့ ထမင်းချိုင့်လေးနဲ့ အဝတ်အစားလေး နည်းနည်းပါးပါးနဲ့ ထွက်ပြေးခဲ့ကြတာပဲ။ မနေ့ညကဝင်တဲ့ စစ်ကြောင်းက ရွာတောင်ပိုင်းက တဲတွေကို မီးရှို့သွားတယ်လို့ ပြောတယ်။ အခုစစ်ကြောင်းက ထန်းပင်ကုန်းရွာကနေ ဘယ်ကိုစစ်ကြောင်း ဆက်ထိုးမလဲ မသိရသေးတော့ အခြေအနေစောင့်ကြည့်နေရတယ်"
ထန်းပင်ကုန်းရွာက ဒေသခံတစ်ဦးကလည်း အခုလို အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အတွက် ပဲစင်းငုံ အပါအဝင် တောင်ယာသီးနှံတွေကို အချိန်မီမရိတ်သိမ်းနိုင်ဘဲဖြစ်နေတယ် လို့ ပြောပါတယ်။
ဒီအပြင် မနေ့ကညနေကစပြီး ဇန်နဝါရီလ ၇ ရက် ဒီကနေ့မနက်အထိ နေအိမ်တွေ မီးလောင်နေတာတွေ့ရပေမယ့် စစ်ကောင်စီတပ်သားတွေရှိနေတဲ့အတွက် ရွာထဲကို ပြန်မဝင်နိုင်သေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေသူတွေဟာ လူသားချင်းစာနာမှုအကူအညီတွေ အများအပြား လိုအပ်နေတယ်လို့ ဒုက္ခသည်အရေးကူညီနေတဲ့ ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဆောင်းတွင်းပိုင်းဆိုတော့ သူတို့မှာ မိုးကာတို့၊ ဆေးဝါးတို့၊ အဝတ်အစားတို့၊ အနွေးထည်တို့ စားနပ်ရိက္ခာကစလို့ အကုန်လိုတယ်။ ဆောင်းတွင်းပိုင်းဖြစ်တော့ သူတို့မှာ မပြင်မဆင်နဲ့ ပြေးရတော့ ခြုံစရာစောင်၊ အနွေးထည် အကုန်လိုတာပေါ့။ အခုက ဘုန်းကြီးကျောင်းတို့၊ ဘာတို့လည်း မလုံခြုံတော့ တောတောင်တွေ၊ တောင်ယာတွေမှာ ဆောက်ပြီးပဲနေကြတယ်။ တချို့ကျတော့လည်း ဘေးရွာက ဆွေမျိုးတွေနေရာ၊ စစ်တပ်မဝင်တဲ့ရွာက ဘုန်းကြီးကျောင်းတွေမှာ အကူအညီ တောင်းပြီး နေကြတယ်"
စစ်ကိုင်းတိုင်းအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါပေမဲ့ စစ်ဘေးဒုက္ခသည်တွေကို လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့နေတယ်လို့ ဦးအေးလှိုင်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ RFA ကို ဖြေဆိုထားဖူးပါတယ်။

စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေနဲ့ ဒေသခံတွေကတော့ စစ်ကိုင်းတိုင်း စစ်ကောင်စီဆီက ဘာအကူအညီမှ မရဘူးလို့ RFA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နေ့တိုင်းနီးပါး ထိတွေ့ပစ်ခတ်မှုတွေရှိနေပြီး စစ်ရေးတင်းမာနေတဲ့အတွက် စစ်ဘေး ဒုက္ခသည် အရေအတွက် ထပ်တိုးလာဖို့ရှိနေတယ်လို့ ဆိုပါတယ်။
တဘက်မှာလည်း စစ်ကောင်စီတပ်က ဒေသတွင်းက ပျုစောထီးလို့ခေါ်တဲ့ အာဏာသိမ်းမှု ထောက်ခံသူတွေကို လက်နက်တပ်ဆင်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုနောက်ပိုင်း နယ်မြေရှင်းလင်းရေးတွေမှာ စစ်ကောင်စီတပ်က ပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်အထိ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၅၀,၀၀၀ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။