စစ်ကိုင်းအထက်ပိုင်းမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် အကူအညီလိုအပ်နေ
2023.09.12

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နားက မြို့နယ် ငါးမြို့နယ်က စစ်ဘေးဒုက္ခသည် အနည်းဆုံး ခြောက်သောင်းကျော် စားနပ်ရိက္ခာနဲ့ တခြားအခြေခံအကူအညီတွေ လိုအပ်နေ တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။
သူတို့ကတော့ အင်းတော်၊ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊ ဝန်းသိုနဲ့ ကောလင်းမြို့နယ် တွေကပါ။ အဲဒီဒေသမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တွေ အပြန်အလှန်တိုက်နေတဲ့ နေရာဖြစ်ပါတယ်။ အထူးသဖြင့် ရွာတွေကို စစ်ကောင်စီတပ် တွေ ဝင်လာတဲ့အချိန်မှာ ကျေးလက်နေ ပြည်သူတွေဟာ ဘေးလွတ်နိုင်မယ့် တော၊ တောင် တွေနဲ့ နီးစပ်ရာရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
"သူတို့အခုဆို သုံးလကျော်၊ လေးလလောက်ရှိပြီပေါ့ စစ်ရှောင်နေရတာ။ အဲဒါတွေဆိုရင် သူတို့က နေမှု၊ ထိုင်မှု၊ စားမှု၊ သောက်မှု အခက်အခဲတွေ အများကြီးဖြစ်တယ်"
အင်းတော်မြို့နယ် အနောက်ဘက်မှာရှိတဲ့ နန့်သာရွာမှာ စစ်ကောင်စီတပ်က အခုနှစ် ဧပြီလ လောက်ကတည်းက တပ်စခန်းအထိုင်ချထားပါတယ်။ ဒါကြောင့် အဲဒီ နန့်သာရွာသားတွေ အပါအဝင် အနားတစ်ဝိုက်က အင်ပင်၊ အောင်ကုန်း၊ မော်တိတ်၊ ရွာသာယာ၊ ကျွန်းတော စတဲ့ ရွာခြောက်ရွာက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေး တိမ်းရှောင်နေရတာ လေးလ ကျော်နေပြီလို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မိုးတွင်းဖြစ်လို့ သူတို့အတွက် ဆေးဝါးအပြင် စားဝတ်နေရေးပါ ခက်ခဲနေတယ်လို့ အမည် မဖော်လိုတဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ယောက်က RFA ကို ပြောပါတယ်။
“အဲမှာ တပ်စွဲထားတာဆိုတဲ့အတွက် လယ်ယာလုပ်ငန်းကို မလုပ်ကိုင်ရဘဲနဲ့ တခြား ဒေသတွေမှာ ရှောင်နေကြရ တာပေါ့။ သူတို့အခုဆို သုံးလကျော်၊ လေးလလောက်ရှိပြီ ပေါ့ စစ်ရှောင်နေရတာ။ အဲဒါတွေဆိုရင် သူတို့က နေမှု၊ ထိုင်မှု၊ စားမှု၊ သောက်မှု အခက်အခဲတွေ အများကြီး ဖြစ်တယ်ပေါ့ သူတို့မှာ။ အခုလို မိုးရာသီအချိန်မှာဆိုရင် တုပ်ကွေးရာသီဖြစ်တာပေါ့။ ကျွန်မတို့အထက်ပိုင်းကျတဲ့အခါဆိုတော့ အဲတုပ်ကွေးရာသီ ဆိုတဲ့အတွက် ကျန်းမာရေး ဂရုစိုက်နိုင်ဖို့ သူတို့မှာ စောင်တွေ၊ ခြင်ထောင်တွေ အဓိက လိုအပ်တယ်”
ကသာမြို့နယ်မှာတော့ ဘန့်ဘွေးကုန်း၊ အင်းဒရန့်၊ ဒုံးအော့ အပါအဝင် ရွာ ငါးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ နောက်ပိုင်းကစပြီး ဒေသခံ ရှစ်ထောင် နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီနေတဲ့သူတွေက ပြောပါတယ်။
သူတို့ကတော့ တောတောင်တွေထဲ ရေရှည်နေရတာ မဟုတ်ဘဲ ရွာပြန်လိုက်၊ စစ်ကောင်စီတပ်တွေလာရင် ထွက်ပြေးလိုက်နဲ့ နေရတယ်လို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်ကူညီနေသူတစ်ယောက် က ပြောပါတယ်။
“ကျွန်တော်တို့ဆီက စစ်ရှောင်တဲ့ပုံစံကတော့ ယာယီပေါ့။ ရွာဘက်ကို စစ်ကြောင်းထိုး လာရင် အဲရွာရဲ့ အနီးနား ဝန်းကျင်က ရွာတွေလည်း ရှောင်ကြရတာပေါ့။ ဒါပေမဲ့ သူတို့က ရှောင်တယ်ဆိုရင် ဒီဘက်ရွာကနေ ဟိုဘက် ရွာကိုရှောင်၊ အဲဘက်ရွာဘက် ရောက်ခဲ့ပြန်တယ်ဆိုရင် လမ်းကြောင်းက ရှိတယ်ဆိုရင် တခြားရွာပြောင်းရှောင်ပေါ့။ တကယ်လို့ ရက်ရှည်လာမယ်ဆိုရင် စားရေးသောက်ရေးတို့၊ သူတို့ တည်းတဲ့ရွာ လူများ တာတို့ အဲလို ပြဿနာလေးတွေတော့ ရှိမှာပေါ့”
ထီးချိုင့်မြို့နယ်ထဲက ဂန့်ဂေါတောင်နားမှာလည်း အခုနှစ် ဩဂုတ်လကုန်ပိုင်းလောက်က စပြီး စစ်ကောင်စီတပ် တွေ ရောက်နေလို့ ရွာပေါင်း ၂၀ လောက်က ဒေသခံ သုံးထောင် ကျော်လောက်ဟာ တော၊ တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရလို့ အကူညီတွေ လိုအပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ယောက်က RFA ကို ပြောပါတယ်။
“သူတို့က တောင်ပေါ်မှာ နေရာယူပြီး ရွာတွေကို ဝင်လိုက် ထွက်လိုက် ပြန်တက်သွား လိုက်ပေါ့ တောင်ပေါ်ကို။ တချို့ရွာသားတွေက ပြန်ကပ်ရဲတယ်။ တချို့ရွာသားတွေက ပြန်မကပ်ရဲဘူး။ တောက်လျှောက် တစ်ခါတည်း တောထဲမှာပဲ စစ်ဘေးရှောင်နေရတာ ရွာ နှစ်ဆယ်နီးနီးကတော့ ပြန်တဲ့သူက အနည်းအကျဉ်းပြန်တယ်။ မပြန်တဲ့ သူက လုံးဝမပြန်ရဘူး”
ဗန်းမောက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် လေးသောင်းကျော်လောက်ဟာ ဒီနေ့အထိ ရွာမပြန်နိုင်ကြသေးဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါ တယ်။
ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ခြေကုပ် ယူထားတာကြောင့်လို့ ဗန်းမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါ တယ်။
“ဗန်းမောက် အနောက်ခြမ်း မံစီကြီးဒေသစိပ်၊ မံစီကြီးဒေသစိပ်ကျတော့ SNA နဲ့ (-) တွေကနေပြီး နယ်မြေ စိုးမိုး ခြေကုပ်ယူထားတယ်။ အဲလိုယူထားတဲ့အခါကျတော့ အဲမှာမနေကြဘဲ ထွက်လာခဲ့ကြတဲ့ဟာတွေလေ။ အခုရက်တွေလည်း အဲဒီနယ်မြေမှာ သူတို့က ခြေကုပ်ယူထားတဲ့အခါကျတော့ သူတို့နေရပ်ရင်းကိုလည်း မပြန်နိုင်ဘူး။ တချို့ကျလည်း အိမ်တွေ ဘာတွေ မီးရှို့တဲ့အခါကျတော့ နေရာစမရှိတဲ့ဟာတွေ၊ အဲလိုမျိုးတွေ ရှိတဲ့အခါကျတော့ မပြန်တဲ့စစ်ရှောင်တွေများတယ်”
ကောလင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလကတည်းက ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံ ခုနစ်ထောင်ကျော်ဟာ အခုအချိန်ထိ ကိုယ့်ရွာကို ပြန်လို့မရဘဲ အခြားရွာစပ်တွေနဲ့ တောစပ်တွေမှာ လှည့်ပတ်ပြီး ခိုလှုံနေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကောလင်းက စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ အဆက်အသွယ်ပြတ်တဲ့အတွက် သူတို့ဒေသက သတင်းတွေကို အပြင်လူတွေသိပ်မသိဘဲ အကူအညီလုံလုံလောက်လောက် မရောက်ဘူးလို့ အမည်မဖော်လိုတဲ့ ဒုက္ခသည်အရေး ကူညီနေသူတစ်ယောက်က RFA ကို ပြောပါတယ်။
“ဆေးဝါးပေါ့လေ အဓိကတော့ ဆေးဝါးတွေ၊ အစားအသောက်တွေ၊ မိုးကာတွေပေါ့။ တချို့တလေ ရောက်သင့် သလောက်တော့ ရောက်ပါတယ်။ ကျွန်တော့်မြို့နယ်က မြို့နယ်ဖြစ်တဲ့အတွက်ရယ် သတင်းစီးဆင်းမှုနည်းတဲ့ အတွက်ရယ် အလှမ်းဝေးတာ ကြောင့်လည်း ပါမှာပေါ့”
စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသတွင်းလုပ်ငန်းတွေကနေ ကောက်ခံရရှိတဲ့ အခွန်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို စစ်ဘေးဒုက္ခသည်တွေအတွက် သုံးနေပေမယ့် မလုံလောက်ဘူးလို့ ဒုက္ခသည်အရေးကူညီနေတဲ့ သူတွေက ထောက်ပြပါတယ်။
အဲဒီအခွန်ငွေတွေကို ကဏ္ဍအသီးသီးမှာခွဲပြီး သုံးစွဲနေရတာကြောင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကာမိနိုင် တာမျိုး မရှိသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က RFA ကို ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ဖြေကြားထားပါတယ်။
စစ်ဘေးဒုက္ခသည်ကူညီရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီခန့်ထားတဲ့ စစ်ကိုင်းတိုင်း ပြောရေး ဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေ မယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းထဲမှာ လူပေါင်းရှစ်သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေး နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ စာရင်းတွေမှာ ဖော်ပြထားပါတယ်။