စစ်အုပ်ချုပ်ရေး တစ်လအတွင်း စစ်ကိုင်း ငါးမြို့နယ်မှာ ဒေသခံခြောက်သောင်းခွဲကျော် ထွက်ပြေးရ
2023.03.06
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်ကစပြီး စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ အင်းတော်၊ ပုလဲ၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူးနဲ့ မြောင်မြို့နယ်တွေ စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရသလို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာတော့ ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်တွေ ထပ်တိုးခဲ့ပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းအရ ဖေဖော်ဝါရီတစ်လအတွင်း အဲဒီမြို့နယ် ၁၄ ခုကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ခြောက်သောင်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒါဟာ ခင်ဦး၊ ဝက်လက်၊ ယင်းမာပင်၊ ပုလဲနဲ့ အရာတော်မြို့နယ်က စစ်ဘေးဒုက္ခသည် အရေအတွက်သာဖြစ်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ တခြားမြို့နယ်ကိုးခုက စစ်ဘေးဒုက္ခသည် အရေအတွက် မပါဝင်သေးပါဘူး။
“အခုဥစ္စာ စစ်ကြောင်းက ဝင်ပြီးသားရွာတွေကို ပြန်ဝင်တဲ့ အနေအထားတွေတွေ့တယ်"
ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး ရေဦးမြို့ကနေထွက်လာတဲ့ စစ်ကောင်စီတပ်မ (၃၃) နဲ့ တပ်မ (၆၆) ပါ အင်အား ၁၀၀ ဝန်းကျင်ဟာ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ ခင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်အုပ်ချုပ်ရေး ကြေညာပြီးချိန်ကစပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ကစပြီး ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတယ်ပေါ့ဗျာ။ ဒီနေ့အချိန်အထိ ခင်ဦးမြို့နယ်ထဲက မထွက်သေးဘူးပေါ့။ နေ့စဉ်နဲ့အမျှ စစ်ကြောင်းတွေ ထိုးတယ်၊ မီးတွေရှို့တယ်။ လူတွေသတ်တယ်ပေါ့ဗျာ။ နဂိုတုန်းက မီးရှို့တယ်ဆို သာမာန်မီးရှို့ ရုံလောက်ပဲ။ အခုကျ တစ်လက်မ ပတ်ဝန်းကျင်ရှိတဲ့ မီးလောင်ဗုံးတွေကို အသုံးပြု လာကြတယ်ပေါ့နော်။ စနစ်တကျ ရည်ရွယ်ချက်ရှိရှိတဲ့ တွင်တွင်ကျယ်ကျယ် လုပ်လာတဲ့ ပုံစံမျိုးပေါ့နော်”
RFA နဲ့ အဆက်အသွယ်ရတဲ့ ဒေသခံတွေပြောဆိုမှုအရ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေမှာ စစ်ကြောင်းတစ်ကြောင်းကနေ အများဆုံးလေးကြောင်းအထိရှိပြီး စုစုပေါင်း စစ်ကောင်စီတပ်သား အင်အားတစ်ထောင်ဝန်းကျင်အထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီး တစ်လအတွင်း ခင်ဦးက ရွာပေါင်းခုနစ်ရွာမှာ နေအိမ်ပေါင်း ၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံတစ်သောင်းခွဲကျော် ထွက်ပြေးခဲ့ရတယ်လို့ ဒီစာရင်းတွေပြုစုထားတဲ့ ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အရာတော်မြို့နယ်ကို စစ်ကြောင်းထိုးလာသလို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာလည်း မလဲသာရွာကို စစ်ရဟတ်ယာဉ်နဲ့ ဝင်ရောက် စီးနင်းခဲ့တယ်လို့ အရာတော် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“သူတို့က မင်းရွာကြီးကိုတည်လာတော့ ဒီကအဖွဲ့တွေက မီးရှို့မှာစိုးလို့ ကာပေးထား တော့ ထွက်မရတော့ဘူး။ ထွက်မရတော့ ပြည်သူတွေပဲရှိတဲ့ မလဲသာရွာကြီးကို ဟက်စကီးလေးစင်းနဲ့ ဝင်စီး၊ ဝင်စီးပြီးမှ ဒဏ်ရာရပြည်သူတွေထားတဲ့ ဆေးရုံကို မီးရှို့၊ မီးရှို့ပြီးမှ ဓားစာခံအယောက် ၁၅၀ လောက်ကို ဖမ်းထားပြီး အခုမင်းရွာကြီးကိုပါ မီးရှို့တော့ ဒီဘက်အဖွဲ့တွေက ကာမရတော့ဘူး။ ဓားစာခံတွေနဲ့ဆိုတော့”
အရာတော်မှာ ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရပြီး အနည်းဆုံးရွာခြောက်ရွာ မီးရှို့ဖျက်ဆီးခံခဲ့သလို အသတ်ခံရသူ ၁၀ ဦးဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ်ကိုလည်း စစ်ကောင်စီတပ်သားအင်အား ၁၀၀ စီပါတဲ့ စစ်ကြောင်း လေးကြောင်းနဲ့ ရက်ဆက်ထိုးစစ်ဆင်နေတယ်လို့ ဝက်လက်မြို့နယ်ထဲက တောကြီးမြွေပွေးအဖွဲ့တာဝန်ခံ ဗိုလ်တီက ပြောပါတယ်။
“အခုနောက်ပိုင်း သူတို့ဗျုဟာ အရမ်းကောင်းတယ်လို့ပဲ ပြောရမလား။ သူတို့ရဲ့ အင်အားအတိအကျကို ခန့်မှန်းလို့ မရတော့တဲ့ ပုံစံမျိုးတွေဖြစ်လာတယ်ပေါ့နော်။ အင်အားအရွှေ့အပြောင်းတွေက အထူးသဖြင့် ညဘက်မှာလုပ်တာဆိုတော့ ကျနော်တို့ သူတို့ရဲ့အင်အားကို ခန့်မှန်းလို့မရတော့ဘူး။ ဒါပေမဲ့ ဝက်လက်မြို့နယ်ထဲမှာကို အင်အားက မနည်းဘူးပေါ့။ အရင်ကလိုမျိုး မနားတော့ဘူး။ စစ်ကြောင်းက သုံးကြောင်း၊ လေးကြောင်း သူတို့ထိုးနေတာ။ ဒါတောင်မှ တစ်မြို့နယ်လုံး မဟုတ်သေးဘူး”
ဝက်လက်မှာ တစ်လအတွင်း ရွာ ၁၀ ရွာက နေအိမ် ၄၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံငါးထောင်ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ယင်းမာပင်မှာတော့ အသတ်ခံရသူ ၁၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လက်နက်တပ်ဆင်ပေးထားတဲ့ တပ်ရင်းတွေရှိနေလို့ ဖေဖော်ဝါရီတစ်လလုံးမှာ နေ့စဉ်တိုက်ပွဲတွေ ရှိနေခဲ့တယ်လို့လည်း ဗိုလ်တီက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကတော့ စစ်အုပ်ချုပ်ရေးဖြစ်လို့ လုံခြုံရေးအဖွဲ့တွေက စီမံစရာရှိတာ စီမံမှာပဲလို့ RFA ကို တုံ့ပြန်ပါတယ်။
"အဲဒီနေရာဒေသတွေက ကျန်တဲ့နေရာတွေထက် ပိုပြီးတော့မှ လုံခြုံရေးအရ စိတ်မချရတဲ့နေရာတွေဖြစ်လို့ ကြေညာတာ။ ကြေညာပြီးတော့မှ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ရတာလေ။ အဲဒီတော့ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ပြီဆိုမှတော့ အဲဒီ လုံခြုံရေးအဖွဲ့တွေက သူတို့စီမံစရာရှိတာတွေ စီမံမှာပေါ့"
ယင်းမာပင်က ရွာတွေကိုလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီအခြေစိုက် ရဲတပ်ရင်း အမှတ် (၂၈) နဲ့ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) က အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းဟာ နယ်မြေရှင်းလင်းရေး ဆက်တိုက်လုပ်နေတယ်လို့ ဆားလင်းကြီး-ယင်းမာပင် သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေကို ပိုဖိနှိပ်နေတာဟာ နယ်မြေစိုးမိုးမှုရဖို့နဲ့ အကြောက်တရား ထည့်သွင်းနေတာလို့ ဆားလင်းကြီး-ယင်းမာပင် သပိတ်ကော်မတီဝင် ကိုသက်ဦးက ပြောပါတယ်။
“အခုဥစ္စာ စစ်ကြောင်းက ဝင်ပြီးသားရွာတွေကို ပြန်ဝင်တဲ့ အနေအထားတွေတွေ့တယ်။ ဒီနေ့ထွက်သွားတယ်။ နောက်တစ်ရက်ကျတော့ ပြန်ဝင်သွားတယ်ဆိုတဲ့ ရွာတွေရှိတယ်။ အကြောက်တရား ကြီးစိုးအောင်ပေါ့လေ။ နယ်မြေငြိမ်အောင် နယ်မြေစိုးမိုးမှုရအောင် နိုင်ငံရေးအရ လုပ်တဲ့သဘောလို့ မြင်ပါတယ်။ အဓိကကတော့ ပြည်သူကို အကြောက် တရားသွင်းတာပဲလေ။ တော်လှန်ရေးသမားနဲ့ ပြည်သူကြား သွေးခွဲသပ်လျှိုတဲ့ အနေအထားတွေ။ ဖမ်းခံရတဲ့သူတွေဆိုရင် သူတို့ရဲ့ဝါဒမှိုင်းတွေမိတာ အများကြီး တွေ့ရတယ်ဗျ”
ယင်းမာပင်မြို့နယ်ထဲမှာ လက်ရှိ စစ်ကြောင်းသုံးခုအထိရှိနေပြီး မီးရှို့ခံရတဲ့နေအိမ် ၄၀၀ ဝန်းကျင်ရှိသလို ရွာ ၁၅ ရွာက ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာထွက်ပြေးနေကြတယ်လို့ ကိုသက်ဦးက ဆိုပါတယ်။
ပုလဲမြို့နယ်မှာလည်း စစ်အုပ်ချုပ်ရေးကြေညာပြီး တစ်လအတွင်း ဒေသခံ ခုနစ်ဦး အသတ်ခံခဲ့ရပြီး ရွာပေါင်း ၁၂ ရွာက ဒေသခံ တစ်သောင်းခွဲခန့် ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဒေါင်းနက်အဖွဲ့ တာဝန်ခံ ကိုပေက ပြောပါတယ်။
ဗန်းမောက်မြို့နယ်မှာတော့ အရင်ကတိုက်ပွဲတွေကြောင့် ဒေသခံအချို့ တခြားဒေသတွေကို ထွက်ပြေးခဲ့ရပြီး လက်ရှိမှာတော့ ဗန်းမောက်နဲ့ အင်းတော်ကြားလမ်းပိုင်းတစ်ခုမှာ စစ်ကောင်စီတပ်က အင်အားတိုးချထားတယ်လို့ ဗန်းမောက်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေကတော့ စစ်ကောင်စီတပ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေက ရွာတွေကို ဝင်ရောက်မီးရှို့ရာမှာ မီးလောင်စေမယ့် မီးကျည်လိုအရာမျိုးတွေ အသုံးပြုတာ တွေ့ရတယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကုန် စစ်အုပ်ချုပ်ရေးမကြေညာခင်အထိ ခင်ဦး၊ ဝက်လက်၊ ပုလဲ၊ ယင်းမာပင်နဲ့ အရာတော်မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် ၉၈၀၀၀ ခန့်ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။