ဆားလင်းကြီးမှာ စစ်ကောင်စီတပ် စစ်ဆင်ရေးဗျူဟာ ပြောင်းလဲလာ
2023.03.22
အခုရက်ပိုင်းအတွင်း ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ တပ်တွေဟာ ရွာမီးရှို့တာမျိုး အလျဉ်းမရှိသလို ဖမ်းမိသူတွေကို သတ်ဖြတ်တာမျိုးကိုလည်း သတိထားရှောင်နေတယ်လို့ ကြုံရသူတွေက ပြောပါတယ်။
ဒါ့အပြင် အဖမ်းခံရသူတွေကို လမ်းပြအဖြစ် ခေါ်သွားတာ၊ ပစ္စည်းထမ်းခိုင်းတာမျိုးလုပ်ပြီးရင် ပြန်လွှတ်ပေးတာမျိုး၊ ဖမ်းထားသူတွေကို မိသားစုနဲ့ဆက်သွယ်ခွင့်ပေးတာမျိုးတွေ လုပ်တယ်လို့ ဆိုပါတယ်။
“စစ်တပ်အနေနဲ့ အကြမ်းဖက်တိုင်းလည်း သူတို့ မနိုင်တော့ဘူး။ မထိန်းနိုင်ဘူးဆိုတာကိုတော့ သူတို့ သေသေချာချာသိတယ်၊ ပြည်သူတွေရဲ့တော်လှန်စိတ်ဓာတ်ကို အကြမ်းဖက်မှုတွေနဲ့ နှိုးဆွပေးနေတယ်ဆိုတာ သိလာပြီ"
ပြီးခဲ့တဲ့အပတ်အတွင်း ရွာပေါင်း သုံးရွာကျော်က အဖမ်းခံရသူ ကိုးဦးနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်း ပြောပြတာက-
“စုစုပေါင်း ကိုးယောက် တုံရွာက သုံးယောက် တောကျောင်းက နှစ်ယောက်၊ လက်ကြီးက လေးယောက်၊ ကိုးယောက်ကို ခေါ်သွားတယ် သုံးယောက်ကို မုံရွာမြို့တော်ခန်းမမှာ ထားတယ်။ ခြောက်ယောက်ကို စစ်ကြောင်းနဲ့ ခေါ်သွားတယ်။ လောလောဆယ် သတ်တာမျိုး မရှိသေးဘူး၊ စစ်ကြောင်းနဲ့ပါသွားတဲ့ ခြောက်ယောက်ထဲက မိသားစုနဲ့ အဆက်အသွယ်ရတာ သုံးယောက်ရှိတယ်။ တစ်ယောက်က ထွက်ပြေးလာတယ်“
ထွက်ပြေးလာသူက သူ့ကို သုံးရက်တိတိ ဖမ်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ပထမတရက်ပဲ ကြိုးတုပ်ခံထား ရတာဖြစ်ပြီး နောက်ရက်တွေမှာ ကြိုးမတုပ်ဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတာကြောင့် ထွက်ပြေးလာတာလို့ဆိုပါတယ်။
“ သာမန်လူကိုလည်း လမ်းပြခေါ်တယ်ဗျ။ မလိုတော့ဘူးဆိုရင် ပြန်လွှတ်ပေးတယ်။ လက်နက်တို့ဘာတို့နဲ့ မိရင်တော့ ပြန်မလွှတ်ဘူး ဒါပေမဲ့ သူတို့ပြောနေတာ ကျွန်တော်ကြားတာက PDF တစ်ယောက်ကို သေနတ်နဲ့ မိတယ်။ အဲဒီသူက သူ့ကိုသတ်ခိုင်းတယ် မသတ်ဘူး။ ဆားလင်းကြီးမြို့ကို ခေါ်လာပြီးမှ ငွေသုံးသောင်းပေးပြီး ပြန်လွှတ်လိုက်သတဲ့"
ပြီးခဲ့တဲ့အပတ်အတွင်း မိုးလင်းချိန်မှာ ရွာကို ဝင်စီးခံရပြီး တစ်ရွာလုံးနီးပါး အဖမ်းခံရတဲ့ ဝဲကွဲရွာသူ မမိငယ်က သူတို့ရွာကို ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ၁၀၆ ခြေမြန်တပ်က ဖြစ်ပြီး သူတို့ဟာ စစ်ရှောင်တွေနဲ့ အတူရွာကို လာရောက်ဖူးသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့က ပြည်သူတွေကို ဘာမှလုပ်ဘူးလို့ ပြောဆိုစည်းရုံးတာမျိုး လုပ်တယ်လို့ ဆိုပါတယ်။
“ပြည်သူတွေကို သူတို့ဘာမှမလုပ်ဘူး၊ ပြည်သူတွေကို မပစ်ရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ သေနတ်တွေကို မိုးပေါ်ထောင်ဖောက်ပြတယ်။ ပြီးတော့ မီးလည်း ရှို့မှာမဟုတ်ဘူးဆိုပြီး ပစ္စည်းတွေ သွားသိမ်းခိုင်းတယ်”

ဒီဆောင်ရွက်ချက်တွေဟာ ပြည်သူလူထုကိုတော့ ထိုးဖောက်နိုင်မှာ မဟုတ်ဘူးလို့ CDM ဗိုလ်ကြီး လင်းထက်အောင်ကပြောပါတယ်။
“စစ်တပ်အနေနဲ့ အကြမ်းဖက်တိုင်းလည်း သူတို့ မနိုင်တော့ဘူး။ မထိန်းနိုင်ဘူးဆိုတာကိုတော့ သူတို့ သေသေချာချာသိတယ်၊ ပြည်သူတွေရဲ့တော်လှန်စိတ်ဓာတ်ကို အကြမ်းဖက်မှုတွေနဲ့ နှိုးဆွပေးနေတယ်ဆိုတာ သိလာပြီ။ ဒါကို နည်းနည်းသတိထားမိလာပြီနဲ့ တူပါတယ်။ သူတို့ရဲ့ ပြည်သူ့စစ်မဟာဗျူဟာအရ ပြည်သူကို စည်းရုံးရေးပုံစံဘက်ကို နည်းနည်းလေးပြန်သွားနေတဲ့ပုံစံလို့တော့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဒါက သူတို့ရေရှည်သွားလို့ရတဲ့ ပုံစံမဟုတ်ဘူး သူတို့ရဲ့မြေပြင်တပ်တွေအနေနဲ့ စည်းရုံးရေးမှာ အဖက်ဖက်က ကျဆုံးသွားပြီ။ သူတို့ရဲ့ပြည်သူ့စစ် မဟာဗျူဟာက အောင်မြင်တာမဟုတ်ဘူး။ အခုလုပ်နေတဲ့ ဗျူဟာဟာ ပြည်သူလူထုကိုတော့ မထိုးဖောက်နိုင်တော့ဘူး”
စစ်ကောင်စီအနေနဲ့ ဗျူဟာပုံစံပြောင်းပြီး ပြည်သူကို ချဉ်းကပ်လာပေမယ့် ပြည်သူတွေကတော့ လက်ခံမှာမဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာပြည်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေထဲမှာ အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက ရွာတွေကို ထောက်ပံ့ကူညီမှုတွေ ပေးနေပါတယ်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူဦးအေးလှိုင်က RFA ပြောဆိုခဲ့ဖူးပေမယ့် ဒေသခံတွေကတော့ တစ်ကြိမ်တစ်ခါမှ မရရှိဖူးဘူးလို့ ပြောဆိုပါတယ်။