စစ်ကိုင်းနဲ့ မကွေးက မြို့နယ် ၁၀ ခုမှာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရ

စစ်ကောင်စီတပ်ကို မြေပြင်မှာ ခုခံတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့က မြို့နယ် ၁၀ ခုမှာ မေလ ၂၈ ရက် မနေ့က ည ၁၂ နာရီကစလို့ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး စတဲ့ ငါးမြို့နယ်၊ မကွေးတိုင်းထဲက ပေါက်၊ ရေစကြို၊ ဂန့်ဂေါ၊ ထီးလင်း၊ မြိုင် စတဲ့ ငါးမြို့နယ်တို့မှာ နေထိုင်ကြတဲ့ ဒေသခံစုစုပေါင်း ၁၆ သိန်း နီးပါး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖော်ပြထားတဲ့စာရင်းအရ (၁,၅၉၇,၀၇၅) ဟာ ဒီအခြေအနေ ကို ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဖုန်းလိုင်းဖြတ်တောက်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းကို ဒီနေ့မနက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ခေါင်းဆောင် ဒေါ်လွင်လွင်မြင့်က ပြောပါတယ်။
“ဟုတ်တယ် ကျမ အဆက်အသွယ်မရဘူး။ ကျမရဲဘော်တွေနဲ့လေ။ မနေ့ညက စအဖြတ်ခံလိုက်ရတာ။ မနေ့ည ၁၂ နာရီလောက်က စဖြတ်ခံရတာ။ အခုလောလောဆယ် စစ်ကြောင်းထိုးခံနေရတာက ပေါက် မြောက်ပိုင်းပေါ့လေ။ မြိုင်နယ် တောင်ပိုင်းပေါ့။ အင်အားကတော့ များတယ်။ သူတို့က လာပြီဆို ထောင်ချီပြီးလာတာ။ လောလောဆယ်တော့ တိုက်ပွဲက ဖြစ်နေတာ။ မနေ့ကလည်း ကျမတို့ရဲဘော်တွေနဲ့ ထိတွေ့မှုတွေ ရှိတယ်လေ ”
ဒီမတိုင်ခင် ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကလည်း ပေါက်မြို့နယ်၊ ဖလံကိုင်းကျေးရွာနဲ့ ကန်သစ်ကျေးရွာ တစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေကို ပေါက်ဒေသကာကွယ်ရေး တပ်ဖွဲ့တချို့က ပူးပေါင်းတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်သား ၃၀ ကျော်ကိုလည်း ပေါက်မြို့နယ်ထဲမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာတော့ ဖုန်းလိုင်းတွေ၊ ဖုန်းအင်တာနက်လိုင်းတွေ ဆက်သွယ်လို့ မရတော့ပဲ Wifi အင်တာနက်လိုင်း အချို့သာ အဆက်အသွယ်ရတော့တယ်လို့ Wifi အသုံးပြုနေတဲ့ ရေစကြို ဒေသခံတစ်ဦးက ပြောပြပါတယ်။
"မနက်စောစောတွေ ဖြတ်ဖြတ်နေတယ် တာဝါတိုင်တွေ ပျက်လို့လား မပြောတတ်ပါဘူး၊ စစ်ကြောင်းတွေ ဝင်ခါနီးရင် ခုလိုပဲ ဖြတ်နေကျပဲ၊ အရင်တလောက စစ်ကြောင်းဝင်ခါနီး လိုင်းတွေဆက်သွယ်လို့ မရလို့ ကလေးနှစ်ယောက် အဖမ်းခံရတာ ဆက်သွယ်လို့ မရခဲ့လိုက်ဘူး အရင်ကလည်း ကြိုးကြားကြိုးကြား ဖြတ်ဖြတ်နေတာပဲ"
ရေစကြိုမြို့ရဲ့ မြို့အဝင်ဂိတ်၊ ရွှေဂူကြီးလမ်းဆုံဂိတ် နဲ့ ရုံးပေါင်းစုံရှေ့ စစ်ဆေးရေးဂိတ်တွေမှာ တစ်ဖွဲ့ကို အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်တွေ လုံခြုံရေးချထားတယ်လို့ ပြောပါတယ်။
"အရင်ရက်တွေက ဖုန်းလိုင်းတွေပိတ်ပြီးရင် စစ်ကြောင်းတွေ အသဲသန် ထိုးတယ်။"
ယောဒေသရဲ့ မြို့တော်လို့ ခေါ်ကြတဲ့ ဂန့်ဂေါမြို့နယ်မှာလည်း မနေ့ည ၁၂ နာရီကစလို့ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး ဒီနေ့ မနက် ၁၀ နာရီမှာတော့ ဖုန်းလိုင်းတွေ ပြန်ရသွားပြီလို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးစိုးက ပြောပါတယ်။
“မနေ့ကတုန်းက ညလောက်က အကုန်လုံး လေးလိုင်းလုံးမရဘဲ ပြတ်သွားသေးတယ်ဗျ။ Mytel ကတော့ မသုံးတာကိုး။ မနေ့ကတုန်းက တစ်ကြိမ်ဖြတ်တယ်၊ ခုမနက် တစ်ကြိမ်ဖြတ်တယ်။ အခုတော့ ပြန်ရသွား ပြန်ပါပြီဗျ။ အခုက ၁၀ နာရီကျော်ကျော်လောက်ဆိုတော့ ၁၀ နာရီ လောက်က စရတာဗျ။ သူတို့ Order လုပ်ထားတာတော့ ကျနော်တို့ သိထားတာတော့ ည ၁၂ နာရီက ရပ်တယ်လို့ မနေ့က ၁၂ နာရီကလို့ သိထားတာ”
မကွေးတိုင်းအပြင် ပြီးခဲ့တဲ့ မေ ၂၄ ရက်က တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာလည်း တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် ဖုန်းလိုင်း ဖြတ်တောက် ခံလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ ကနီမြို့က ဒေသခံတစ်ယောက်က ပြောပါတယ်။
“ ဒီကနေ့က မုံရွာ၊ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးကို ဖုန်းလိုင်းဖြတ်ထားတယ်။ ညနေ ၄ နာရီမှ ပြန်ရမယ်လို့ သိရတယ်။ ကနီနယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေ ရောက်နေတယ်။ ဒါကြောင့်များ ဖြတ်သလားလို့ စိုးရိမ်မိတယ်။ စစ်ကောင်စီ ရေယာဉ်အုပ်စု ဝင်လာတဲ့အချိန်မှာ ကနီနယ်ထဲမှာ အရင်ကတည်းက ပစ်ကြတိုက်ကြတာကို၊ မုံရွာကိုလည်း ဖုန်းဆက်လို့မရတော့ ရဟတ်ယာဉ်နဲ့ထွက်လာတဲ့ သတင်းတွေမရမှာကို စိုးရိမ်တယ် ”
ဖုန်းလိုင်းရရှိဖို့ သူ့အနေနဲ့ ဘုတလင်မြို့နယ်အတွင်းကို လာရောက် အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကလည်း ဒီကနေ့ ဖြတ်တောက်ခံထားရတဲ့ မုံရွာ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲ အပါအဝင် ခင်ဦး၊ရေဦး၊ ကန့်ဘလူ ဒေသတွေကို ၆ နာရီကြာ ဖုန်းလိုင်းတွေ ဖြတ်တောက်ခဲ့ပါသေးတယ်။
မုံရွာမြို့က ဒေသခံတစ်ယောက်ကလည်း ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတိုင်း ရွာတွေ မီးရှို့ခံရတာတွေ ပိုဖြစ်တတ်လို့ စိတ်ပူမိတယ်လို့ ပြောပါတယ်။
“ဒီဒေသတွေ အကုန်လုံးကို စစ်ကြောင်းထိုးဖို့နဲ့ စစ်ဆင်ရေးကို အထူးလုပ်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုတာမျိုး တွေးမိတယ်၊ တကယ်လည်း အရင်ရက်တွေက ဖုန်းလိုင်းတွေပိတ်ပြီးရင် စစ်ကြောင်းတွေ အသဲသန် ထိုးတယ်။ နေရာစုံကနေထိုးတယ်။ ရွာကအိမ်တွေ၊ ကိုယ့်အိမ်တွေ မီးရှို့ခံရမှာစိုးရိမ်နေတယ်။ ပေါက်ကွဲမှုတွေက မြို့တွေမှာလည်း ဖြစ်လာဖို့ မျှော်လင့်နေရတယ် ”
ဖုန်းလိုင်း ဖြတ်တောက်ခံရမယ်ဆိုတဲ့ သတင်းအချက်လက်တွေကို ဆက်သွယ်ရေးကုမ္ပဏီတွေ အကြောင်းကြား အသိပေးလာတာ မရှိဘဲ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေကနေသာ သိကြရတယ်လို့ ဆိုပါတယ်။
ဒီလို ဖုန်းလိုင်းတွေ အသိပေးတာမရှိဘဲ ဖြတ်တောက်မှုလုပ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို မေ ၂၄ ရက်က RFA က ဆက်သွယ် မေးမြန်းရာမှာတော့ သူတော့ မသိဘူးလို့ တုံ့ပြန်ပြောခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လက စလို့ နိုင်ငံတစ်ဝှမ်း တိုင်းနဲ့ ပြည်နယ် ငါးခုကို အင်တာနက်လိုင်းတွေ လျော့ချတာ၊ ဖြတ်တောက်တာတွေ လုပ်ဆောင်လာတာကို RFA က သီးခြားပြုစုထားတဲ့ အချက်အလက်တွေအရတွေ့ရပြီး အဲဒီထဲမှာ အခု ဖုန်းလိုင်း ဖြတ်တောက် ခံနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းလည်း ပါဝင်နေပါတယ်။