ကယားနဲ့စစ်ကိုင်းက စစ်ဘေးဒုက္ခသည်ကလေးတွေ ကျန်းမာရေးပြဿနာ ကြုံနေရ
2023.03.24

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား စစ်ရေးတင်းမာနေတဲ့ ကယားနဲ့ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ကလေးငယ်တွေမှာ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းပြီး ဆေးဝါးမလုံလောက်မှု၊ အာဟာရပြတ်လပ်မှုတွေကြောင့် မတ်လဆန်းကစလို့ ဗိုက်အောင့်ဗိုက်နာနဲ့ အရေပြားကူးစက်ရောဂါတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ မွေးကင်းစကနေ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တွေမှာ အရေပြားကူးစက်ရောဂါတွေ ဖြစ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အရေပြားရောဂါလိုဟာ။ အဖုလေးတွေထွက်တာလေ။ အဲလိုမျိုး၊ ကလေးတွေ အခြေအနေကတော့ တချို့တော့ဖြစ်တယ်၊ တချို့ကလည်းမဖြစ်ဘူး။ တချို့က ဆေးသောက်တာနဲ့ ပျောက်သွားတယ်။ ထပ်ပြီးတော့မှ သက်သာနေရင်းနဲ့ ပြန်ဖြစ်တာလည်းရှိတယ်။ ရေက သစ်ရွက်အပုတ်တွေပါတယ်။ အဲဒါတွေကို ကလေးတွေက သောက်မိတာနဲ့ ဒီလိုဖြစ်သွားတာ။ ရေမသန့်တဲ့ အပိုင်းမှာလည်းပါတယ်။ နောက်ပြီးစားဝတ်နေရေး အာဟာရဓာတ်မှာလည်း ချို့ယွင်းချက်တွေရှိနေတာကြောင့် ရောဂါဖြစ်ဖို့ပိုများတယ်။”
ပုံမှန် ကျန်းမာရေးစောင့်ရှောက်မှု မရတာ၊ အာဟာရပြတ်လပ်ပြီး တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းက ကလေး ၄၀ လောက် မကြာခဏ ဖျားနာမှုနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါ ခံစားနေရတယ်လို့ သူက ပြောပါတယ်။
ဖရူဆိုမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းက ကလေးငယ်တွေမှာလည်း အဲဒီလို ရောဂါတွေ ခံစားနေရပေမယ့် အရေအတွက် အတိအကျ မသိရဘူးလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို ဆေးကုသမှုပေးနေသူ တစ်ဦးကတော့ ကလေးရော၊ လူကြီးတွေမှာပါ ဝဲလိုအနာပေါက်ပြီး လက်ကြား၊ ခြေကြားတွေမှာ အရေပြား ယားယံတာကနေတစ်ဆင့် အနာထဲ ပိုးဝင်ပြီး ကူးစက်မှုတွေဖြစ်နေတာလို့ RFA ကို ပြောပါတယ်။
ဒီလို အရေပြားကူးစက်ရောဂါကို ကုသပေးနိုင်ဖို့ ဆေးဝါးလိုအပ်ချက်ရှိနေပြီး စစ်ကောင်စီတပ်ကလည်း ဆေးပစ္စည်းသယ်ယူခွင့် ပိတ်ထားတယ်လို့ဆိုပါတယ်။
“သူတို့ကို ဆေးကုသမှုပေးတဲ့အပိုင်းမှာ အနာကပိုးဝင်တယ်ဆိုတော့ ပိုးသတ်ဆေး ပေးတယ်၊ နောက်တစ်ခုက လိမ်းဆေးပေးတယ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ကို HE (Health Education) ပေးတယ်။ ဒါပေမဲ့ ဒီဘက်မှာက ဆေးပစ္စည်းတွေ သယ်ဆောင်ခွင့်က အကုန်လုံးပိတ်ထားတယ်။ ဒီလိုပိတ်ပင်ခံထားရတဲ့ အတွက်ကြောင့် စစ်ရှောင်ပြည်သူတွေ ကြားထဲမှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုက လုံးဝကို ပိတ်ပင်ခံနေရတယ်။ အပြည့်အဝ မရဘူး။ မြေပြင်မှာရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း တတ်နိုင်သလောက် လက်လှမ်းမီသလောက်ပဲ ကုသမှုတွေ ပေးရတယ်။”
ဒီရောဂါဟာ ကူးစက်မှုမြန်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် လူစုလူဝေးနဲ့နေထိုင်ကြရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့် ကန့်သတ်တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦး ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
"အိမ်မှာပဲကလေးတွေက ဖျားနေကြတယ်။ ပိုက်ဆံကလည်း မိဘကမရှိကြဘူး။"
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲ ထုတ်ပြန်ချက်တွေအရ စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၁၈၀,၀၀၀ ရှိနေပြီး အဲဒီထဲမှာ ကလေး ၃၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။
စစ်ကောင်စီက မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီး ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းမှာလည်း စစ်ဘေးဒုက္ခသည် ကလေးတွေ အရေပြားကူးစက်ရောဂါတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စာသင်ကျောင်းတချို့မှာ မူလတန်းကနေ ဆယ်တန်းအရွယ်ထိ ကလေး ရာနဲ့ချီပြီး ရေကျောက်လို အရေပြားကူးစက်ရောဂါတွေ ဖြစ်နေတယ်လို့ ကနီမြို့နယ် နွေဦးတော်လှန် ရေးသပိတ်အင်အားစုက ကိုပြည့်အောင်နိုင်က RFA ကိုပြောပါတယ်။
“ကျနော်ရောက်ဖြစ်တဲ့ နေရာတော်တော်များများက ရွာတွေမှာဆိုရင် သူငယ်တန်းကနေ ဆယ်တန်းအထိဆိုလို့ရှိရင် ကူးစက်ကြတာ အရေအတွက် ၈၀ နဲ့ ၁၀၀ ကြားမှာရှိတယ်။ တချို့ဆိုရင် ဒီလိုဖြစ်နေတဲ့အတွက် ကျောင်းတွေ ပိတ်ထားရတာရှိတယ်။ အိမ်မှာပဲ နားခိုင်းထားရတယ်။ အိမ်မှာပဲကလေးတွေက ဖျားနေကြတယ်။ ပိုက်ဆံကလည်း မိဘကမရှိကြဘူး။ သွားပြီးတော့မှ ဆေးဝါးကုသဖို့ကလည်း လက်လှမ်းမမီဘူး။ ဆက်သွယ်မှုအားတွေကလည်း နည်းနေကြတဲ့ အနေအထားပေါ့။ ”
ဒီလို အရေပြားကူးစက်ရောဂါဖြစ်နေတဲ့ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေ ရက်ရှည် ဖျားနာတာရှိပေမယ့် စစ်ကောင်စီတပ်ရဲ့ ကန့်သတ်မှုတွေကြောင့် ဆေးကုသဖို့ အခက်အခဲဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ဆေးပစ္စည်းကို စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးနေတာကြောင့် ဒီကူးစက်ရောဂါအတွက် ဆေးကုသဖို့ဆေးပစ္စည်း အလုံအလောက်မရှိဘူးလို့ စစ်ကိုင်းတိုင်း အနောက်ပိုင်းနယ်မြေ၊ ရွေ့လျားဆေးကုသရေးအဖွဲ့ တာဝန်ခံ ဒေါ်ရတီအုန်း က RFA ကို ပြောပါတယ်။
“ဆေးကုသမှု လုံလုံလောက်လောက် မရဘူးလို့ပဲ ပြောရမှာပေါ့။ အခုက တော်လှန်ရေးဘက်က ဖွင့်ထားတဲ့ ဆေးခန်းတွေမှာပဲ သူတို့ လာပြကြတယ်။ အဲအတွက်တော့ ဆေးကုပေးဖို့ လုံလောက်တဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ ဆေးပစ္စည်းတွေ လွတ်လွတ်လပ်လပ် သယ်ခွင့် မရှိဘူး။ သယ်လာတဲ့ ဆေးပစ္စည်းကို ကြားကနေ ဖြတ်ပြီးတော့ သိမ်းတဲ့အခြေအနေ ရှိတယ်။ ဆေးရုံ၊ ဆေးခန်းတွေ သွားပြတဲ့အခါမှာလည်း အနှောင့်အယှက်မျိုးစုံ ပေးတယ်။ ဒါတွေကတော့ ကျန်းမာရေးကိစ္စမှာ အဓိက လွှမ်းမိုးမှုပေးနေတဲ့ အချက်တွေပဲရှင့်”
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ဘက်မှာလည်း စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျောနဲ့ ဌက်ဖျားရောဂါတွေလည်း ခံစားနေရတယ်လို့ သူကပြောပါတယ်။
မြေပြင်မှာ လိုအပ်ချက်တွေ ရှိနိုင်ပေမယ့် လုံခြုံရေးအရ ကန့်သတ်ရတာမျိုးလည်း ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က RFA ကို ပြောပါတယ်။
“ဆေးဝါးကန့်သတ်ထားတာတွေ မရှိဘူးလားဆိုတော့ ဒီလိုဗျ။ မြေပြင်မှာ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ နောက်ပြီး တစ်ဖက်အဖွဲ့အစည်းတွေမှာလည်း ဆေးဝါးတွေ အခက်အခဲဖြစ်နေတာမျိုးတွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒါ့ကြောင့်မို့ အဲဒါတွေကတော့ ကန့်သတ်သင့်တဲ့ဟာတော့ သူတို့ လုံခြုံရေးအဖွဲ့တွေက ကန့်သတ်ပါလိမ့်မယ်။ အဲတာကတော့ ကျနော်တို့လည်းမပြောတတ်ဘူး။ မပြောနိုင်ဘူးဗျ”
ဆေးကုသဖို့ အခက်အခဲဖြစ်နေသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ ဆက်သွယ်ပြီး ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တယ်လို့ သူကပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
ကလေးတွေ အသက်အန္တရာယ်ဖြစ်အောင် ဒီလို စနစ်တကျ ပိတ်ဆို့ထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူးကို ဗညားက RFA ကိုပြောပါတယ်။
“ဒါက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ရပ်ဟာ စနစ်တကျ ပြင်ဆင်ထားတာရှိတယ်။ နောက်ပြီးတော့မှ ဧရိယာ တစ်ခုတည်းကို စစ်ဘေးဒုက္ခသည်စခန်း တစ်ခုတည်းကိုပဲ ပစ်မှတ်ထားတာ မဟုတ်ဘဲ ဒီပြည်နယ်မှာရှိနေတဲ့ မြို့နယ်တွေ စစ်ဘေးဒုက္ခသည်စခန်းအားလုံးကို ဆေးဝါးတွေ မရောက်နိုင်အောင် ပိတ်ဆို့ထားတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တဲ့ ကျူးလွန်မှုဖြစ်တယ်။ အဲဒီလို လုပ်ရပ်တွေကြောင့် ကလေးငယ်တွေရဲ့ အသက်အန္တရာယ်ကို တိုက်ရိုက် သက်ရောက်စေတယ်။”
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာတဲ့ အနာဂတ်နဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ၂၀၂၂ ခုနှစ် ထဲမှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် တစ်သန်းနီးပါးက အခြေခံကျန်းမာရေး စောင့်ရှောက်မှုဖြစ်တဲ့ ကာကွယ်ဆေးထိုးခွင့် မရသလို နောက်ထပ် ကလေးငယ် ငါးသန်းနီးပါးလည်း ကူးစက်ရောဂါနဲ့ အမြင်အာရုံကို ကာကွယ်ပေးနိုင်တဲ့ အာဟာရမျိုး လုံလုံလောက် မရရှိဘူးလို့ (UNICEF) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။