သုံးလကျော်အတွင်း စစ်ကိုင်းတိုင်းက အရပ်သား ၉၀ ဝန်းကျင် ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2024.04.24
သုံးလကျော်အတွင်း စစ်ကိုင်းတိုင်းက အရပ်သား ၉၀ ဝန်းကျင် ဖမ်းဆီးသတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

RFA က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် သုံးလကျော်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ ဖမ်းဆီးခံရပြီးနောက် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၉၀ ဝန်းကျင်အထိ ရှိလာပါတယ်။ ဒီစာရင်းမှာ တိုက်ပွဲအတွင်းနဲ့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ အရပ်သား အရေအတွက် မပါဝင်ပါဘူး။

၂၀၂၄ ခုနှစ် သုံးလကျော်အတွင်း စစ်ကိုင်းတိုင်းက မြို့နယ်ကိုးခုမှာ ရက်စက်တဲ့ညှဉ်းပန်းသတ်ဖြတ်မှုတွေရှိခဲ့ပြီး အဲဒီထဲက ကောလင်း၊ ရွှေဘိုနဲ့ တန့်ဆည်မြို့နယ်သုံးခုမှာ အများဆုံးသတ်ဖြတ်ခံခဲ့ရတာပါ။

"သူတို့နဲ့ထိတွေ့လို့ သူတို့ခံလိုက်ရရင် ရွာတွေကိုပဲ မဲတော့တာ။ မီးရှို့မယ်၊ ဖျက်ဆီးမယ်ပေါ့လေ"

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ရွှေဘိုမြို့နယ် ရှားတောရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ ပူးပေါင်းစစ်ကြောင်းက သေနတ်နဲ့ ပစ်ခတ်ဝင်ရောက်လာပြီး အရပ်သားကိုးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်နေတဲ့ကြားက အသက်လုပြေးခဲ့ရသလို ရွာခံတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် စိတ်ထိခိုက်ခံစားနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှားတောရွာခံ အမျိုးသမီးတစ်ဦးက RFA ကို
ပြောပါတယ်။

“ဖြစ်တဲ့နေ့ကဆိုရင် ရူးမတတ်လိုပဲ၊ ကလေးတွေနဲ့ဆိုတော့ ပြေးရတာ။ ကျည်ဆန်ကြား၊ ဗုံးဆန်ကြား တစ်ခါတလေ ကိုယ့်ကိုကိုယ်တောင် သတ်သေပစ်ချင်တယ်။ နည်းလမ်းမရှိတော့ကျတော့။ ဒီမှာတော်တော်လေး ခံရတယ်။ သူတို့ကို ဘာမှပြဿနာမရှာဘဲနဲ့ ကိုယ့်ကိုပြဿနာလုပ်တယ်။ လူတွေ သတ်ဖြတ်သွားတယ်။ တစ်သက်နဲ့တစ်ကိုယ် သေနတ်တောင် မမြင်ဖူးတဲ့လူတောင်မှ သတ်တယ်။ သူတို့ကိုယ်သူတို့တောင်မှ စီးပွားရေးကောင်းကောင်း ရှာမစားနိုင်တဲ့သူ ကျပ်မပြည့်တဲ့သူ အများကကျွေးနေရတဲ့သူတောင် သတ်တယ်“

အဲဒီလို သတ်ဖြတ်ခံရသူတွေထဲမှာ အသက် ၅၀ နဲ့ ၉၀ ကြား သက်ကြီးပိုင်း ခုနစ်ဦးနဲ့ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်နှစ်ဦး စုစုပေါင်း ကိုးဦး ပါဝင်ပါတယ်။ အဲဒီထဲက အသက် ၈၀ နဲ့ ၉၀ ကြားအရွယ်ရှိတဲ့ အဘိုး၊ အဘွား နှစ်ဦးကို နေအိမ်ထဲမှာပဲ မီးရှို့သတ်ဖြတ်ခဲ့ပြီး နောက်ထပ်အရပ်သာ လေးဦးကိုလည်း ရွာထဲမှာပဲ ပစ်သတ်ထားခဲ့တာလို့ ဒေသခံတွေ ပြောပါတယ်။

နောက်ထပ် သားအဖနှစ်ဦးနဲ့ အမျိုးသားတစ်ဦးကိုတော့ စစ်ကြောင်းနဲ့ အတူခေါ်သွားပြီး ရွာအပြင်ရောက်မှ ပစ်သတ်ထားခဲ့တာလို့ ဆိုပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ ဒီသုံးလကျော်အတွင်း ကောလင်းမှာ ၂၂ ဦး၊ ရွှေဘိုမှာ ၁၉ ဦး၊ တန့်ဆည်မှာ ၁၄ ဦး၊ ကနီမှာ တစ်ဦး၊ ဒီပဲယင်းမှာ ငါးဦး၊ ရေဦးမှာ နှစ်ဦး၊ ခင်ဦးမှာ ခုနစ်ဦး၊ ကန့်ဘလူမှာ ခြောက်ဦးနဲ့ မုံရွာမှာ ဆယ်ယောက် စုစုပေါင်း ကိုးမြို့နယ်မှာ ၈၆ ဦးအထိ သတ်ဖြတ်ခံရတာပါ။ အဲဒီအထဲမှာ အမျိုးသမီး သုံးဦးခန့်သာပါဝင်ပြီး ကျန်တဲ့သူတွေက အမျိုးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပေါ်ထားတဲ့ အငြိုးအတေးတွေကို ပြည်သူတွေကို ပုံချပြီး စစ်ကောင်စီက အခုလို သတ်ဖြတ်နေတာလို့ ရွှေဘို ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“တော်လှန်ရေးအင်အားစုကိုလည်း ဘယ်လိုမှ ဖြိုခွဲလို့မရ။ တော်လှန်ရေး အင်အားစုတိုင်းကလည်း နေရာအထိုင် အတည်တကျမရှိဘူး။ ကျွန်တော်တို့ အကုန်လုံးက မိုဘိုင်းလ်အဖြစ်နဲ့ပဲ သွားနေကြတာဆိုတော့ တော်လှန်ရေးအင်အားစုက မိုဘိုင်းလ်ဖြစ်နေတော့ သူတို့နဲ့က အမြဲတမ်းထိတွေ့မှုရှိနေတာ။ သူတို့နဲ့ထိတွေ့လို့ သူတို့ခံလိုက်ရရင် ရွာတွေကိုပဲ မဲတော့တာ။ မီးရှို့မယ်၊ ဖျက်ဆီးမယ်ပေါ့လေ"

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေမှာ အထိနာလာတာကြောင့် စစ်ကောင်စီက အခုလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာလို့လည်း သုံးသပ်ကြပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင်တည်းကုန်းရွာအား စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင်တည်းကုန်းရွာအား စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

Burma Human Rights Network (BHRN) အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ စစ်ကောင်စီတပ်ကို ဆန့်ကျင်တိုက်ခိုက်မှု အားကောင်းလာတာကြောင့် အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။

“ဒီစစ်ကိုင်းဒေသနဲ့ မကွေးဒေသတွေကနေပြီးတော့ စစ်တပ်ကိုတော်လှန်တဲ့နေရာမှာ အဓိက ပါဝင်တယ်။ ဒီနေ့ စစ်တပ်ရဲ့ လူသားအရင်းအမြစ် ကျရှုံးသွားတယ်။ ဆုံးရှုံးသွားတဲ့ဟာရဲ့ အဓိက ဒီလိုဖြစ်အောင် လုပ်လာတာက စစ်ကိုင်းနဲ့ မကွေးဒေသပဲ။ တခြားနေရာတွေမှာလည်း ကျရှုံးသွားတယ် ဆိုပေမယ့် ဒီနေရာကို ပိုပြီးသဲကြီးမဲကြီး ပစ်မှတ်ထားလာတယ်လို့ ကျွန်တော်မြင်တယ်။ နောက်ရက်စက်တဲ့ လုပ်ရပ်တွေက လူတွေကြောက်သွားအောင် ကြောက်စိတ်သွင်းလိုက်တဲ့ သဘော။ ဒါမျိုးကြောက်စိတ် ဝင်လာတဲ့အခါမှာ လူတွေက သူတို့ရဲ့အာဏာကို မတော်လှန်ရဲအောင်လုပ်တဲ့ သဘောဖြစ်တယ်“

စစ်ကောင်စီ စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်မက်ဖြစ်ပွားနေတဲ့ ဒေသမှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာဟာ သေဒဏ်ကျခံရနိုင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ ၁၉၅၉ ခုနှစ် မြန်မာ့တပ်မတော် အက်ဥပ‌ဒေနဲ့ ဂျနီဗာကွန်ဗန်းရှင်း သဘောတူညီချက်မှာ ပြဋ္ဌာန်းထားတယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။