ဆန်ကုန်သည်တွေကို ခေါ်ယူစစ်ဆေးပြီး ဆန်စျေးကိုထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးစားနေ

RFA Burmese
2024.06.24
ဆန်ကုန်သည်တွေကို ခေါ်ယူစစ်ဆေးပြီး ဆန်စျေးကိုထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးစားနေ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချလို့ဆိုပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းသုံးခုက အသင်းဥက္ကဋ္ဌတွေနဲ့ ဆန်ကုန်သည် ဆယ်ဦးကျော် ခေါ်ယူစစ်ဆေးခံနေရသလို ဆန်စက် ကိုးလုံးကျော်နဲ့ လက်လီဆန်ဆိုင် တချို့ပါ အပိတ်ခံထားရတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင် အပါအဝင် ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက ဆန်စက်ပိုင်ရှင် ဆယ်ဦးကျော်ကို ဇွန်လ ၂၁ ရက်နေ့ကတည်းက ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ဇွန်လ ၂၄ ရက် ဒီနေ့အထိ စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"ဖမ်းဆီးထိန်းသိမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ချိပ်ပိတ်ထားတဲ့ ဂိုဒေါင်တွေကို ပြန်ဖွင့်ပေးပြီးတော့မှ အဖြေတစ်ခုရှာပြီးတော့မှ ပေါင်းစပ်သွားသင့်တာမျိုး ဒါလေးဖြစ်သင့်ပါတယ်”

နိုင်ငံခြားကိုတင်ပို့နေတဲ့ ရန်ကုန်တိုင်းက ဆန်ကုမ္ပဏီလေးခုအပါအဝင် လက်လီဆန်ဆိုင်တချို့လည်း အပိတ်ခံထားရတယ်လို့ ဆန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိမှာလည်း တခြား ဆန်ကုန်သည်တွေကို စစ်ကောင်စီဘက်က ဆက်လက် ခေါ်ယူစစ်ဆေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန်ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

“တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဆန်စက်နဲ့ ဆန်ကုန်သည်တွေကိုတော့ အခုလက်ရှိဖြစ်တဲ့အခြေအနေမှာ လိုအပ်ရင် ခေါ်ယူစစ်ဆေးတာမျိုး ဆက်ပြီးလုပ်ဆောင်နေပါတယ်ဗျ။ အခုလက်ရှိဖြစ်နေတဲ့ အခင်းအကျင်းမှာတော့ အဓိကဖြစ်တာတော့ ကျွန်တော်တို့ ဆန်စျေးနှုန်း ဖြစ်သင့်တဲ့စျေးနှုန်းထက် ပိုပြီးတော့ကြီးနေတယ်။ ဆန်စျေးနှုန်း မြင့်တက်တယ်ဆိုပြီး အဲဒီလိုမျိုးခေါင်းစဉ်နဲ့ ခေါ်ယူစစ်ဆေးပြီးတော့မှ ထိန်းသိမ်းထားတာမျိုးဖြစ်တယ် ”

ပဲခူးအရှေ့ပိုင်း ဆန်စက်အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးအောင်အပါအဝင် ဆန်စက်ပိုင်ရှင်ခြောက်ဦးလည်း ခေါ်ယူစစ်ဆေးခံနေရသလို စိန်သုံးလုံး ဆန်စက်အပါအဝင် ဆန်စက်ကိုးလုံး ယာယီအပိတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာလည်း ပုသိမ်ဆန်စက်အသင်းဥက္ကဋ္ဌ ဦးစိုးဝင်းအပါအဝင် ဆန်စက်ပိုင်ရှင်တွေနဲ့ ကုန်သည်တွေ စစ်ဆေးခံနေရသလို စစ်ဆေးပြီးပိတ်ခံရတဲ့ ဆန်စက်တွေလည်းရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုလို စစ်ဆေးမှုနောက်ပိုင်း စျေးကွက်မှာ ဆန်အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်သွားပြီး ဆိုင်တချို့ကတော့ စစ်ကောင်စီသတ်မှတ်စျေးအတိုင်း အကန့်အသတ်နဲ့ ရောင်းပေးနေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ဆန်ဆိုင်ပိုင်ရှင် တစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိကတော့ ရောင်းပေးနေကြတယ်။ မနေ့ကတော့ ရောင်းပေးနေတယ်။ သတ်မှတ်စျေးနှုန်း သုံးထောင်နဲ့ ရောင်းပေးနေကြတယ်။ ဒါပေမဲ့ အကန့်အသတ်တော့ ရှိတာပေါ့။ လူတစ်ယောက်ကို တစ်ပြည်ပေါ့ဗျာ။ တစ်အိမ်ထောင်ဆိုရင်လည်း တစ်ခါပဲရောင်းပေးမယ်ပေါ့။ တစ်ဆက်တည်းလည်း မရောင်းပေးနိုင်ဘူးပေါ့။ တချို့နာရီပိုင်း၊ အချိန်ပိုင်းနဲ့ ရောင်းတာတွေလည်း ရှိတယ်။ တချို့ကျတော့ မနက်ခင်းအစောပိုင်းကနေ ၁၂ နာရီထိ၊ တချို့က ၁၂ နာရီနောက်ပိုင်းကနေ ည ၆ နာရီပေါ့ အဲလိုရောင်းကြတယ်”

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ ရန်ကုန်တိုင်းအတွင်းက ပြည်သူတွေအတွက် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ဆန်ရောင်းချပေးမယ်လို့ ဇွန်လ ၂၃ ရက် မနေ့က ထုတ်ပြန်လာပါတယ်။

ဝါးတန်းကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွေမှာ ဇွန်လ ၂၄ ရက်နေ့ကစပြီး မနက် ၉ နာရီခွဲကနေ ညနေ ၃ နာရီခွဲအထိ ဧည့်မထဆန် တစ်ပြည်ကို သုံးထောင်ကျပ်၊ ပေါ်ဆန်းဆန် တစ်ပြည်ကို ငါးထောင်ကျပ်နဲ့ ရောင်းမယ်လို့ ဆိုပါတယ်။

ဆန်အိတ်လိုက် ဝယ်ယူလိုသူတွေအနေနဲ့ တစ်လကို အိမ်ထောင်စုတစ်စုစာ ပေါ်ဆန်းအမျိုးအစားဆန်တစ်အိတ်နဲ့ ဧည့်မထအမျိုးအစား ဆန်တစ်အိတ်စီကို အိမ်ထောင်စုစာရင်းမိတ္တူနဲ့ အိမ်ထောင်စုစာရင်းမှာ ပါဝင်သူ တစ်ဦးဦးက လာရောက်ဝယ်ယူရမယ်လို့ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ဒီလိုလာဝယ်ရင် ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၁၃၅,၀၀၀ ကျပ်ကနေ ၁၄၅,၀၀၀ ကျပ်၊ ဧရာ၀တီပေါ်ဆန်း တစ်အိတ် ကို ၁၁၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာဖြစ်ပြီး ဧည့်မထဆန်တစ်အိတ်ကိုတော့ ၇၂,၀၀၀ ကျပ် ကနေ ၇၅,၀၀၀ ကျပ်နဲ့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆန်ပွဲရုံတစ်ရုံအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပြင်ပဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ်တစ်သိန်းရှစ်သောင်းနီးပါးနဲ့ ဧည့်မထအမျိုးအစားလို ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးပေါက်နေတာပါ။

ပဲခူးမြို့က လက်လီလက်ကား ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကတော့ စစ်ကောင်စီသတ်မှတ်စျေးနဲ့ ရေရှည်ထုတ်မရောင်းနိုင်ရင် ပုံမှန်စျေးအတိုင်းပြန်ဖြစ်မှာလို့ RFA ကို ပြောပါတယ်။

“ဝယ်တဲ့သူလည်းမရှိဘူး၊ ရောင်းတဲ့သူလည်း သိပ်မရှိပါဘူး လောလောဆယ်က။ လက်ရှိက သူတို့ ဘယ်အချိန်ကာလအထိ ရောင်းပေးနိုင်မလဲ အဲဒီတစ်ချက်ပေါ်မှာ မူတည်တယ်။ သူတို့ရောင်းပေးပြီးသွားပြီဆိုရင် အများကြီးတော့ သူတို့ ထုတ်ရောင်းနိုင်မယ်မထင်ဘူး။ ဟိုဘက်ကနေ ဆန်အိတ်တစ်ရာ၊ နှစ်ရာလွှဲပြီး အရင်တစ်ခေါက်ကလိုမျိုးပဲ ကျွန်တော်တို့ဆီမှာ ရှိတဲ့ပစ္စည်းနဲ့ပဲ တစ်ပြည်ကို သုံးထောင်လောက် ရောင်းပေးရမယ် သတ်မှတ်တာ။ သူတို့ဆီက ထုတ်ပေးတာ သိပ်မရှိဘူးလေ။ ရေရှည်မှာ မထုတ်နိုင်တော့ဘူးဆိုရင်တော့ ဆန်စျေးက ပုံမှန်အတိုင်းပဲဖြစ်မှာပါ”

အာဏာသိမ်းပြီးနောက်ပိုင်း သုံးဆဝန်းကျင်ထိ မြင့်တက်လာတဲ့ ရွှေ၊ စားသုံးဆီနဲ့ ဒေါ်လာစျေးကို ထိန်းချုပ်ဖို့ စစ်ကောင်စီက လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဆိုင်နေရာတွေကို ချိပ်ပိတ်တာတွေလုပ်ဆောင်ခဲ့သလို လက်ရှိလည်း ဆန်စျေးနှုန်းထိန်းချုပ်နိုင်ဖို့ဆိုပြီး ကုန်သည်တချို့ကို ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတာပါ။

အခုလိုလုပ်နေတာ မှန်ကန်တဲ့အဖြေမဟုတ်ဘဲ ဒီအတိုင်းဆို ပိုဆိုးသွားနိုင်တယ်လို့ မြန်မာနိုင်ငံဆန်အသင်းချုပ်နဲ့ နီးစပ်တဲ့ ဆန်ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

“အခုလိုမျိုး ခေါ်ယူစစ်ဆေးပြီးတော့မှ ထိန်းသိမ်းထားတာမျိုးတွေ၊ နောက်တစ်ခါကျတော့ နေရာဒေသ အသီးသီးမှာရှိကြတဲ့ ဆန်စက်တွေ၊ ဂိုဒေါင်တွေကို ချိပ်ပိတ်တာ၊ အခုလို ခေါ်ယူစစ်ဆေးမေးမြန်းနေတာက အဖြေရှာခြင်းအတွက် ဒီကိစ္စက အဖြေမဟုတ်ပါဘူး။ ဖမ်းဆီးထိန်းသိမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ချိပ်ပိတ်ထားတဲ့ ဂိုဒေါင်တွေကို ပြန်ဖွင့်ပေးပြီးတော့မှ အဖြေတစ်ခုရှာပြီးတော့မှ ပေါင်းစပ်သွားသင့်တာမျိုး ဒါလေး ဖြစ်သင့်ပါတယ်”

ဒီအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူတွေ ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီအနေနဲ့ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၃၅,၀၀၀ ကနေ ကျပ် ၁၄၅,၀၀၀ နဲ့ ဧည့်မထ (ဆန်ကြမ်း) တစ်အိတ်ကို ကျပ် ၇၇,၀၀၀ ကနေ ကျပ် ၇၉,၀၀၀ အတွင်းသာ ရောင်းချဖို့ သတ်မှတ်ထားတာပါ။

လက်ရှိဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၇၈,၀၀၀၊ ဆန်ကြမ်းတစ်အိတ်ကို ကျပ်တစ်သိန်းနီးပါး ဈေးပေါက်နေတယ်လို့ ဆန်ရောင်းချသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။