ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ ဒုက္ခသည်တစ်သိန်းကျော် စားနပ်ရိက္ခာခက်ခဲနေ
2023.08.31
စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေမှာ တိုက်ပွဲပေါင်း ၁၁၄၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၁၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်လို့ ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ ၉၈ ဦး သေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
မနှစ်က ဩဂုတ်လကစပြီး ကျောက်ကြီး၊ ကျောက်တံခါး၊ မုန်းနဲ့ ညောင်လေးပင် စတဲ့ မြို့နယ်တွေကို စစ်ကောင်စီ ဘက်က လေကြောင်း၊ ကုန်းကြောင်းကနေ ခပ်စိပ်စိပ် တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေရဲ့ ရိက္ခာကို ဖြတ်တောက်တာထက် စားနပ်ရိက္ခာ လုံးဝကို သယ်ယူခွင့်မရအောင် နည်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ကို ကန့်သတ်တယ်"
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်လို့ ကျောက်ကြီး မြို့နယ် ပဲသောင်ရွာက အသက် (၁၃) နှစ်အရွယ် စောအယ်ကလူထူးနဲ့ အသက် (၁၆) နှစ်အရွယ် စောဘိုလိုသီးတို့ သေဆုံးခဲ့ရပြီး ငါးယောက်ဒဏ်ရာရခဲ့တယ်လို့ ကျောက်ကြီးမြို့နယ် ပဲသောင်ရွာက စောအယ်ဝါး လို့ အမည်လွှဲ ပေးထားတဲ့သူက အဲဒီနေ့က ဖြစ်ရပ်ကို ပြောပြပါတယ်။
“၁၃ ရက်နေ့ညပိုင်းက ပစ်တော့ ရွာထဲကို ကျတယ်။ ကလေးနှစ်ဦး သေဆုံးတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်း ရှိတယ်။ ထိခိုက်ဒဏ်ရာရတာက နှစ်ဦးက တော့ တော်တော်လေး ပြင်းထန်တဲ့ ကျန်ငါးဦးက လက်တွေ ခြေတွေ နည်းနည်းထိခိုက် မိရုံပဲ"
ပဲသောင်ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ လောက် နေကြပါတယ်။ အဲဒီနေ့က ကျောက်တံခါး အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒေသခံတွေဟာ ပဲသောင်ရွာမှာ ပြန်နေကြပေမယ့် လုံခြုံရေးစိတ်ချရတဲ့ အခြေအနေ မဟုတ်သေးလို့ စစ်ရေးအခြေအနေကို နားစွင့်နေကြရတယ်လို့ ပြောပါတယ်။
ကျောက်ကြီး၊ မုန်း၊ ညောင်လေးပင်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ အာဏာစသိမ်းတဲ့ ကာလတွေက တိုက်ပွဲဖြစ်တာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုတော့ တိုက်ပွဲတွေများလာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ဒေသခံတွေကို စားနပ်ရိက္ခာနဲ့ စက်သုံးဆီ သယ်ယူခွင့်တွေပိုပြီး ကန့်သတ်ထိန်းချုပ်လာတယ်လို့ မုန်းမြို့နယ်က လုံခြုံရေးအရ အမည်လွှဲပေးထားတဲ့ ကိုစောဆေးက ပြောပါတယ်။
"ကျွန်တော်တို့ ဒေသခံပြည်သူတွေရဲ့ စားနပ်ရိက္ခာ သယ်ယူခွင့်တွေကို စစ်တောင်း မြစ်အရှေ့ဘက် ခြမ်းဖြစ်ဖြစ်၊ အနောက်ဘက်ခြမ်းဖြစ်ဖြစ် ရှိတဲ့ ထွက်ပြေးတိမ်း ရှောင်နေတဲ့ ဒေသခံပြည်သူတွေရဲ့ ရိက္ခာကို ဖြတ်တောက်တာထက် စားနပ်ရိက္ခာ လုံးဝကို သယ်ယူခွင့်မရအောင် နည်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ကို ကန့်သတ်တယ်။ ဒါတွေကိုမဖြစ်အောင် ကန့်သတ်မှုတွေကို ရပ်တန့်အောင်နဲ့ ပဋိပက္ခတွေကို ဖြေရှင်း နိုင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်အောင် ဒေသခံအနေနဲ့ တောင်းဆိုချင်ပါတယ်"
မုန်းမြို့နယ်မှာ စားနပ်ရိက္ခာသယ်ယူလို့ စစ်ကောင်စီတပ်က ဖမ်းထားတဲ့ အရပ်သား ၂၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့ နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားတွေ စားနပ်ရိက္ခာသယ်ယူတာတွေကို စစ်ကောင်စီ တပ်တွေက ကန့်သတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် ကူညီနေသူတစ်ယောက်ကတော့ - ပြည်တွင်း တိမ်းရှောင် ဒုက္ခသည်အများစုဟာ စားဝတ်နေရေး ဒုက္ခပေါင်းစုံ ကြုံနေရတယ်လို့ ပြောပါတယ်။
"စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှ ပိုပိုပြီးလုပ်လာတဲ့ အခါကျတော့ ပြည်သူ တွေ ထိမှန်တာ၊ သေဆုံးတာလည်း ရှိတယ်။ ပြည်သူတွေရဲ့ ဒုက္ခက ပိုပိုပြီးတော့ များလာသလို၊ ကြောက်ရွံ့မှုတွေလည်း ရှိတယ်။ လုံခြုံမှုတွေလည်း မရှိဘူး။ ဒါ့အပြင် စားဝတ်နေရေး အခက်အခဲတွေလည်း ပိုပိုပြီးတော့ များလာတာကို တွေ့ရတယ်"
စစ်ကောင်စီခန့်ထားတဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ညောင်လေးပင် ခရိုင်မှာ ဒေသတည်ငြိမ်ရေးနဲ့လုံခြုံရေးအတွက် နယ်မြေခံစစ်တပ်နဲ့ ထိန်းသိမ်းဆောင်ရွက်နေတာလို့ RFA ကို ပြောပါတယ်။
"ညောင်လေးပင်ခရိုင်အတွင်းမှာ အဓိကကတော့ ရွှေကျင်၊ ကျောက်ကြီး၊ ထန်းနှစ်ပင်၊ ကျောက်တံခါး ပေါ့ ဒီနေရာလေးတွေက ကစဉ့်ကလျားနဲ့ နယ်မြေထဲကို ဝင်လာတယ်လို့ သတင်းရလို့ နယ်မြေခံ စစ်ကြောင်းနဲ့ ကျွန်တော်တို့ ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေး အပိုင်းကို ထိန်းသိမ်းဆောင်ရွက်နေပါတယ်။ သိပ်လည်း ကြီးကြီးမားမား တော့ မဟုတ်ပါဘူး"
စစ်ဘေးဒုက္ခသည်တွေကို ဘယ်လိုကူညီဆောင်ရွက်ပေးနေတယ်ဆိုတဲ့ အခြေအနေကိုတော့ သူက ရှင်းရှင်းလင်းလင်း မပြောပါဘူး။
ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ တပ်မဟာ (၃) နယ်မြေမှာ အရပ်သား တွေအပေါ် စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့တာနဲ့ အကြမ်းဖက်ပစ်ခတ်မှု တွေက သူတို့အာဏာ တည်မြဲရေး အတွက် လုပ်ဆောင်နေတာလို့ ပြောပါတယ်။