စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော် စားဝတ်နေရေးခက်ခဲနေ

2022.02.22
စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော် စားဝတ်နေရေးခက်ခဲနေ မိုးဗြဲတိုက်ပွဲမှာ ပိတ်မိနေသူတွေကို ဒေသကာကွယ်ရေးတပ်က ၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက်က ကယ်ထုတ်ပေးနေစဥ်
Photo: KNDF-B03

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက် အသစ်တိုးလာတဲ့ ဒုက္ခသည် ၄၄၁, ၅၀၀ နဲ့ အာဏာမသိမ်းခင်ကတည်းကရှိနေတဲ့ ဒုက္ခသည် ၃၇၀, ၄၀၀ စုစုပေါင်း ဒုက္ခသည် ၈၁၁, ၉၀၀ ဟာ စားဝတ်နေရေး ခက်ခဲနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) က ဖေဖော်ဝါရီလ ၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒုက္ခသည်အသစ် လေးသိန်းလေးသောင်းကျော်အနက် စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ  ၁၁ လအတွင်းမှာ နှစ်သိန်းကျော်၊ ၂၀၂၁ နိုဝင်ဘာ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်အထိ သုံးလအတွင်းမှာ နောက်ထပ် နှစ်သိန်းကျော် စုစုပေါင်း လေးသိန်းလေးသောင်းကျော် တိုးလာတာလို့ (UNHCR) က ဆိုပါတယ်။

ဒုက္ခသည်အသစ် လေးသိန်းကျော်အနက် စစ်ကိုင်းတိုင်းမှာ တစ်သိန်းသုံးသောင်းကျော်၊ ကယားပြည်နယ်မှာ ကိုးသောင်းကျော်၊ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ငါးသောင်းကျော်၊ ကရင်ပြည်နယ်မှာ ရှစ်သောင်းကျော်၊ ချင်းပြည်နယ်မှာ ခြောက်သောင်းနီးပါးနဲ့ ကျန်သူတွေက မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တို့က ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာဆိုရင် စစ်ကောင်စီတပ်တွေက PDF တပ်ဖွဲ့တွေကို ကြည်းကြောင်း၊ ရေကြောင်းသာမက လေကြောင်းကနေပါ ရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကာပေါင်းကျရွာဆိုရင် စစ်တပ်ရဲ့ ၁၃ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရတဲ့အတွက် ရွာသားတွေဟာ ယာခင်း၊ စိုက်ခင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေဆီမှာ တိမ်းရှောင်နေကြရတယ်လို့ ကာပေါင်းကျရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာထဲမှာ မနေတာ ကျနော်တို့ကတော့ တော်တော်ကြာပြီပေါ့။ မိုးရာသီကတည်းက စပြေးတာပဲ။ ပြီးခဲ့တဲ့ လယ်လုပ်တဲ့ကာလတုန်းက ဆိုလို့ရှိရင် ကျနော်တို့လယ်တွေ ရိတ်နေရင်းတန်းလန်းကို သူတို့ဝင်တာပဲဗျာ။ ဝင်တော့ လယ်ကိုအကုန်မရိတ်ရဘဲနဲ့ ရှောင်ရ တိမ်းရတာပေါ့ဗျာ။ အခုဆိုဒါဆိုရင်လည်း ပဲပေါ့နော်။ ပဲလေးကို အဆင်ပြေသလို ပြန်လာပြီးတော့ စိုက်ကြတယ်။ အဲဒီပဲတောင်မှ အခုလည်း ပဲတကယ်ဆွတ်နေတဲ့အချိန် ဝင်လာပြန်တာပဲ"

အိမ်ခြေ ခုနစ်ရာကျော်ရှိတဲ့ အဲဒီရွာဟာ အိမ်ခြေ ၁၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး နောက်ထပ် အိမ်တစ်ရာကျော်ဟာလည်း ထုခွဲရိုက်နှက်ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီတစ်ရွာတည်းကတင် စစ်ဘေးဒုက္ခသည် လေးထောင်ကျော် ရှိနေပြီး၊ စစ်ဘေးရှောင်ရတဲ့ ခုနစ်လတွင်း ဆေးကုသခွင့်မရလို့ သေဆုံးသူ ၂၁ ဦးထိရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းလိုပဲ ခုခံစစ်ပြင်းထန်တဲ့ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်း ကျော်ရှိတယ်လို့ UNHCR က စာရင်းထုတ်ပြန်ထားပေမယ့် တကယ့် ဒုက္ခသည် အရေအတွက် ဟာ ကိုးသောင်းကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ ချင်းရေးရာ အဖွဲ့ချုပ်က ပြောပါတယ်။ အဲဒီအထဲက သုံးသောင်းကျော်က အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံသွားကြပြီး ကျန်သူတွေက ချင်းပြည်နယ်ထဲမှာပဲ ဖြစ်သလို တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။

တီးတိန်မြို့နယ် ဟိန်ဇိန်ရွာကနေ စစ်ဘေးရှောင်နေရတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးတော့ ရွာကိုလည်း မပြန်ရဲသလို တိမ်းရှောင်နေတဲ့နေရာမှာလည်း စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ RFA ကို ပြောပါတယ်။

"အခုထိပြန်လို့မရဘူး ပြန်ရင်လည်း စားဝတ်နေရေးအတွက် ခက်ခဲတယ်လေ။ အဲဒါကြောင့် အခုထိမပြန်တာ။ အခက်အခဲတွေ အများကြီးကြုံရတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။ ကျမတို့က မိသားစုလည်းများတယ်ဆိုတော့ သူများအိမ်ကို ကပ်နေတယ်။ ဘာမှလုပ်စရာလည်းမရှိ ဝင်ငွေလည်းမရှိဆိုတော့ သူများပေးသမျှစား၊ သူများပေးသမျှနဲ့ ရုန်းကန်နေရတယ်။ သူများပေးတာတွေ ကုန်ပြီဆိုရင်တော့ ဘယ်လို လုပ်ရမှန်းလည်း မသိတော့ဘူး။ ရွာပြန်ရင်လည်း စားဝတ်နေရေးအတွက် ခက်ခဲပြန်ရော။ အခု ဘာရှေ့ဆက်လုပ်မလဲ အခက်ကြုံနေတာ"

"စစ်အစိုးရ ရှိနေသေးသရွေ့ကတော့ ကျနော်တို့ ဒုက္ခပေါင်းများစွာ ကြုံတွေ့ နေရမှာပဲ"

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက သူ့ရဲ့ အိမ်ပြန်ဖို့ မျှော်လင့်ချက်ဟာ အလှမ်းဝေးနေသေးတယ်လို့ ပြောပါတယ်။

"ဘယ်လိုများဆက်ပြီးတော့ အသက်ရှင်ရမလဲ။ ဘယ်လိုဆက်ပြီးတော့ စားရမလဲ ဆိုတဲ့ အတွေးတွေ ပူနေရတာပေါ့နော်။ ကျမတို့ ဒီချိန်မှာ ပြန်မယ်ဆိုလို့ရှိရင်လည်း လုံခြုံမှု ကလည်း ကျမတို့အတွက် မရှိဘူး။ လမ်းမှာလည်း အန္တရာယ်ရှိနိုင်တယ်။ အိမ်မှာ ကိုယ့်ဟာကိုယ် နေလို့လည်းမရဘူး။ မျှော်လင့်ချက်က တိုက်ပွဲပြီးမှ ပြန်လို့ရမယ်။ ဒါပေမဲ့ ပြန်လာတဲ့အချိန်ကျရင် အိမ်ရောရှိပါ့မလား။ ကျမတို့အိမ်က ဘယ်လိုများ ဖြစ်သွားမလဲ။ အဲဒီလိုမျိုးတွေ စိတ်ပူနေရတာ"

ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်နေသမျှ ကာလပတ်လုံး ပြည်သူတွေ ဒုက္ခပေါင်းများစွာ ကြုံတွေ့ နေရဦးမှာပဲလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က  သုံးသပ်ပါတယ်။

"ဒါတွေက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အရာ ဖြစ်ပါတယ်။ စစ်အစိုးရတက်လာပြီး နောက်ပိုင်းမှာ ကိုယ့်နေရပ်၊ ကိုယ့်အိမ်ထဲမှာ ဘယ်သူမှ နေလို့မရတော့တဲ့ အခြေအနေမျိုး ကြုံတွေ့နေလာရတော့ လူတွေက သူတို့ Safe ဖြစ်တဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်တယ်။ ဒါကြောင့် စစ်တပ် လက်အောက်မှာ Safe ဖြစ်တဲ့ အခြေအနေမရှိတဲ့အခါကျတော့ ဒီလိုမျိုး စစ်ဘေး ဒုက္ခသည်တွေ ပိုပြီးတော့ ဒီထက် အဆမတန် များပြားလာမယ် ဆိုတာတော့ သေချာ ပါတယ်။ စစ်အစိုးရရှိနေသေးသရွေ့ကတော့ ကျနော်တို့ ဒုက္ခပေါင်းများစွာ ကြုံတွေ့ နေရမှာပဲ"

(ကရင်နီပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ရစဥ်) ဓါတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
(ကရင်နီပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ရစဥ်) ဓါတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

တိုက်ပွဲတွေကြောင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံရာတာတွေဟာ လတ်တလောကြုံရတဲ့ ရေတိုပြဿနာတွေ ဖြစ်ပြီး ရေရှည်မှာတော့ လူငယ်တွေရဲ့ ပညာရေးပါအဝင် အနာဂတ် အသက်မွေးဝမ်း ကြောင်းကိစ္စတွေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုလို ပြဿနာမျိုးတွေ ပိုကြုံတွေ့လာနိုင်တယ် လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း က သုံးသပ်ပါတယ်။

ရေရှည်ပြောလို့ရှိရင် ကလေးတွေ ပညာရေးကစလို့ပေါ့နော်၊ နောက်တစ်ခါ အနာဂတ် အတွက် အသက်မွေးဝမ်းကြောင်းကိစ္စတွေ ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ လည်း ပါတယ်။ ဘဝကို ဘယ်လိုပြန်ထူထောင်ကြမလဲပေါ့နော်။ နောက်တစ်ခါ ဘာဖြစ်တတ်သလဲ ဆိုတော့ ရေတိုထွက်ပြေးရာကနေပြီးတော့ ရေရှည်ပေါ့။ ကိုယ့်နေရပ်ကို လုံးဝ ပြန်မရောက်ဘဲနဲ့ စွန့်ခွာထွက်ပြေးသွားရတာမျိုးလည်း ဖြစ်တတ်တဲ့ဟာမျိုးတွေ ရှိပါတယ်

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မြန်မာနိုင်ငံရဲ့ အနောက်မြောက်နဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုနဲ့ လုံခြုံရေးဆိုင်ရာ အခြေ အနေတွေ ပိုဆိုးလာကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။