စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ဒုက္ခသည် ခြောက်သိန်းနီးပါး ရှိလာ

2022.05.05
စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း ဒုက္ခသည် ခြောက်သိန်းနီးပါး ရှိလာ ဘီးလင်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့က တွေ့ရစဉ်
Photo: KIC

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ ဒုက္ခသည်အသစ် ၅၉၀,၁၀၀ အထိ တိုးလာပြီး အရင်ကတည်းက ရှိနေတဲ့ ဒုက္ခသည် ၃၄၆,၆၀၀ နဲ့ပေါင်းရင် လက်ရှိမှာ စစ်ဘေးဒုက္ခသည် စုစုပေါင်းဟာ ၉၃၆,၇၀၀ အထိ ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) က ပြောပါတယ်။

ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး RFA ရဲ့ မေးမြန်းချက်ကို (UN-OCHA) က မေလ ၄ ရက် မနေ့က အီးမေးလ်က တစ်ဆင့် ပြန်လည်ဖြေကြားလာတာပါ။

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်တဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတို့မှာ ဒုက္ခသည်အသစ် ၃၃၃,၇၀၀ ထိ ရှိလာပြီး ကျန်သူတွေကတော့ ကရင်၊ ကယား၊ ရှမ်း၊ မွန်ပြည်နယ်၊ တနင်္သာရီနဲ့ ပဲခူးတိုင်းတို့က ဖြစ်တယ်လို့ ကုလသမဂ္ဂရုံး ပြောခွင့်ရသူက RFA ကိုပြောပါတယ်။

မြန်မာပြည်ရဲ့ ဒုက္ခသည်ပြဿနာကို စစ်တပ်အာဏာသိမ်းထားသရွေ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။

“ဒီပြဿနာကတော့ ရေရှည်ပြဿနာပေါ့နော်။ နိုင်ငံရေးကိစ္စ၊ နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်လို့ရှိရင် ဘယ်လိုမှ ဒီကိစ္စကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အနာကို ခဏတာ လုပ်ပေးနေရုံလောက်ပဲ ရှိမှာ။ ဒီစစ်အစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ အာဏာဆုပ်ကိုင် နေသမျှတော့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် စစ်တပ်ကို တော်လှန်နေတဲ့ ပြည်သူလူထုတွေ၊ တော်လှန်ရေးအင်အားတွေကို အထောက်အကူ ပေးပြီးတော့ ဒီစစ်တပ်ကို အမြန်ဆုံး ဖြုတ်ချဖို့ ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်”

လူဦးရေ ငါးသိန်းကျော်ရှိတဲ့ ချင်းပြည်နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒုက္ခသည် တစ်သိန်းကျော်အထိရှိလာတာကြောင့် ဒါဟာ စုစုပေါင်း ပြည်နယ်လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆလိုင်းဇအုပ်လိန်းက ဆိုပါတယ်။

ချင်းပြည်နယ်မှာဆိုရင် စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စီမံကိန်းကြောင့် စစ်ဘေးဒုက္ခသည်တွေ ထံကို အကူအညီတွေ လုံးဝ ရောက်မလာတော့ဘဲ အစာရေစာ ပြတ်လပ်တဲ့ဒဏ်ကို ဒုက္ခသည်တွေ စတင် ခံစားနေရပြီလို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။

စစ်တပ်နဲ့ ကေအန်ယူအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာလည်း စစ်တပ်အာဏာ သိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း ဒုက္ခသည် တစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဧပြီ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက တချို့ ကတော့ သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဆီ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီပေးနေသူ မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) က ကိုရဲမင်းကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပပျောက်သွားမှသာ စစ်ဘေးဒုက္ခသည်ပြဿနာ ပြီးဆုံးသွားလိမ့်မယ်လို့ ပြောပါတယ်။

“အခုလက်ရှိ ကျနော်တို့နိုင်ငံကို အတင်းအဓမ္မ အာဏာသိမ်းယူထားတဲ့ အကြမ်းဖက် စစ်အာဏာရှင် စနစ်ဆိုး အမြန်ဆုံး ပျောက်ဆုံးသွားမှ၊ ကျဆုံးသွားမှသာလျှင် ဒီစစ်ရှောင် တွေရဲ့ ပြဿနာတွေလည်း ပြီးသွားမှာ ဖြစ်တယ်။ ဒီစစ်ရှောင်တွေ အခုလို များပြား လာတဲ့ အကျိုးဆက်ဟာ ဒီစစ်အာဏာရှင်တွေ နိုင်ငံ့အာဏာကို လောဘကြီးပြီးတော့ စစ်အာဏာသိမ်းထားတဲ့အတွက် ဒီစစ်ရှောင်တွေ ပိုပြီးတော့ များပြားလာတာ ဖြစ်တယ် ပေါ့နော်။ ဆိုလိုတာကတော့ စစ်ရှောင်တွေ ပေါ်ထွက်လာတာဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ EAOs တွေ လုပ်လို့ မဟုတ်ဘူး”

UN OCHA ရုံးကတော့ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း လူ လေးသောင်းကျော် နယ်စပ်ဖြတ်ပြီး ထိုင်း၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

belin-refugees
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်း‌ရှောင်နေကြရသည့် ဘီးလင်းမြို့နယ်က စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ် (Photo: KIC)

ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းတဲ့အခါ သူတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

"ယာယီတိုက်ပွဲရှောင်တွေနဲ့ ပတ်သက်ပြီးရင် ကျနော်တို့ အစိုးရအနေနဲ့ကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဆောင်ရွက်လျက်ရှိတယ်။ သို့သော် ခြွင်းချက်တစ်ခုက IDP Camp လို့ အမည်ခံပြီးတော့ကျ သူပုန်စခန်း လုပ်နေတာတွေ၊ တိုက်ပွဲရှောင်တွေဆိုပြီး အမည်ခံပြီးတော့ကျ သူပုန်စခန်းလုပ်နေတာတွေကျ ကျနော်တို့လည်း လိုက်လံ ဆောင်ရွက်ပေးဖို့ အခက်အခဲရှိတယ်။ ပြည်ပထွက်ပြေး တိမ်းရှောင်နေသူများနဲ့ ပတ်သက်ပြီး ကျနော် ပြောချင်တာကတော့ မိမိမှာ ဘာမှ ကျူးလွန်ခဲ့တာ မရှိဘူး၊ အပြစ်မရှိဘူးဆိုရင် ယာယီတိုက်ပွဲရှောင်စခန်းတွေမှာ နေနိုင်ပါတယ်။ အစိုးရအနေနဲ့ ကာကွယ်စောင့်ရှောက်မှုအပြည့် လုပ်ပေးသွားမယ်လို့ ဒီလိုပြောချင်ပါတယ်"

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ တိုက်ပွဲရှောင်စခန်းပေါင်း ရာကျော်ရှိနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံသွားပါတယ်။

"အကြမ်းဖက် စစ်အာဏာရှင် စနစ်ဆိုး အမြန်ဆုံး ပျောက်ဆုံးသွားမှ၊ ကျဆုံးသွားမှသာလျှင် ဒီစစ်ရှောင် တွေရဲ့ ပြဿနာတွေလည်း ပြီးသွားမှာ ဖြစ်တယ်။"

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဇော်ဇော် ကတော့ သူ့ဘဝမှာ စစ်ဘေးဒုက္ခသည်ဆိုတာ အရင်က တိုင်းရင်းသားဒေသတွေမှာပဲ ရှိတယ်လို့ ကြားခဲ့ဖူးပေမယ့် အခုတော့ သူ့ရဲ့ဇာတိ မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းမှာပါ ရှိလာတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ဘေးဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း မတွေ့ရဘဲ တိုင်းပြည်ငြိမ်းချမ်းမှသာ ဒီပြဿနာ ချုပ်ငြိမ်းသွားလိမ့်မယ်လို့ ကိုဇော်ဇော်က ပြောပါတယ်။

“စစ်ရှောင်ဒုက္ခသည်တွေ ပပျောက်သွားဖို့ရာ လတ်တလောတော့ ပပျောက်သွားဖို့ရာ မဖြစ်နိုင်ဘူး။ တိုင်းပြည်အေးချမ်းသွားရင်တော့ ဒါတွေက ဘာပဲနေနေ နဂိုတုန်းက ရှောင်ခဲ့ တိမ်းခဲ့ နှစ်ပေါင်း ၇၀ လောက် ခံခဲ့တယ်။ လတ်တလော ခေတ်သစ် အာဏာသိမ်းမှုမှာ ပြည်မတွေမှာ မကြုံဖူးတဲ့ အခြေအနေတွေက တိုင်းပြည် ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြန်ဖြစ်သွားရင်တော့ ဒါတွေက လုံးဝ ချုပ်ငြိမ်းသွားမယ်။ ပပျောက် သွားမယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ ယုံကြည်တယ်ပေါ့နော်။ ခုနက ပြောတဲ့ တိုင်းရင်းသားတွေရော၊ ပြည်မမှာ ခံစားနေရတာတွေရော စစ်ဘေးဒုက္ခသည်တွေ၊ ရွာတွေ မီးရှို့ခံရတာတွေ၊ ကလေးတွေ မုဒိမ်းကျင့်ခံရတာတွေ ဒါတွေအကုန်လုံးကို ခုခံတွန်းလှန်နိုင်ရင် ဒါတွေ ချုပ်ငြိမ်းသွားမယ်လို့ ယုံကြည်ပါတယ်”

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဇူးကတော့ သူတို့ဒေသ စစ်ဘေး ဒုက္ခသည်တွေရဲ့ အခြေအနေက အဆိုးဆုံးလို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ဘက်ခြမ်းမှာ လယ်ယာပြန်ပြီးတော့ ဘယ်လိုမှ လုပ်လို့ ရတော့မှာ မဟုတ်ဘူး။ မိုးဗြဲ၊ ဆီဆိုင်ကနေ ဒီးမော့ဆိုဘက်ခြမ်းအထိ ဘယ်လိုမှ လယ်ယာ ပြန်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီလူတွေသည် ကိုယ့်ရဲ့ လယ်မြေကို ပြန်လုပ်လို့မရတဲ့ အခြေအနေမျိုးမှာက ဘာနဲ့ အသက်ရှင်သွားမလဲဆိုတာက ပြဿနာ တစ်ရပ် ဖြစ်နေတယ်။ ပြင်ပအလှူရှင်ကိုပဲ အားကိုးရတာမျိုး ဖြစ်နေတယ်။ သူတို့ မိသားစုကိုယ်စီ ကိုယ်စီက အလှူရှင်ကို ချိတ်ဆက်လို့ ရတာလည်း မဟုတ်ဘူး။ ကြားခံနယ်ကနေတစ်ဆင့်ပဲ အကူအညီပေးလို့ရတဲ့ အခြေအနေမျိုး။ ကျနော်တို့ ချိတ်ဆက်ပေးမှပဲ စားလို့ရတဲ့ အခြေအနေမျိုး၊ ဝတ်ရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်”

ကရင်နီလို့ခေါ်တဲ့ ကယားပြည်နယ်မှာ အခုနောက်ပိုင်း မြေမြှုပ်မိုင်း အန္တရာယ်ကိုပါ ထပ်ကြုံနေရပြီး စစ်တပ်ဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေအနီးထိလာပြီး မိုင်းထောင်နေတာမျိုး တွေ့ရတယ်လို့ ကိုဇူးက ပြောပါတယ်။

ကယားပြည်နယ်မှာ လောလောဆယ် စစ်ဘေးဒုက္ခသည် ၂၀၄,၁၁၅ ကျော်ရှိနေပြီး စစ်ကိုင်းတိုင်းပြီးရင် ဒုတိယအများဆုံးလို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP - Myanmar က ပြောပါတယ်။

ISP - Myanmar ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးအောင်သူငြိမ်းက ဒုက္ခသည်ပြဿနာဟာ အာဏာသိမ်းစစ်တပ်မှာ အဓိကတာဝန်ရှိတယ်ဆိုပေမယ့် ပဋိပက္ခတိုင်းအတွက် နှစ်ဖက်စလုံးမှာ တာဝန်ရှိပြီး ဒီပဋိပက္ခတွေ ပြေလည်မှသာ ဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။

“တာဝန်ရှိတယ်လို့ ပြောရင် ယေဘုယျအားဖြင့်တော့ စစ်အစိုးရမှာတော့ တာဝန်ရှိတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ တကယ့် တကယ်က ပဋိပက္ခဖြစ်ရင် နှစ်ဖက်စလုံးမှာလည်း တာဝန်ရှိပါတယ်။ ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့အခါကျတော့ နိုင်ငံတကာပေါ့။ အိမ်နီးချင်းနိုင်ငံတွေလည်း သူတို့ ပါဝင်ပတ်သက်ဖို့ လိုပါတယ်။ ကုလသမဂ္ဂလို၊ UNHCR လို အဖွဲ့အစည်းတွေရှိတယ်။ သူတို့ကတော့ ကျနော်တို့ ဖြစ်လာတဲ့ ပြဿနာကို ကိုင်းဖျားကိုင်းနားပဲ ရှင်းနိုင်မယ်လေ။ တကယ့်ရေသောက်မြစ် ပြဿနာကို ရှင်းနိုင်ဖို့ကကျတော့ ပဋိပက္ခပြေလည်မှပဲ ဖြစ်မှာပေါ့”

အရင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်နဲ့ ငြိမ်းချမ်းရေး ညီလာခံတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဒီလုပ်ငန်းစဉ်အားလုံး ရပ်တန့်နေတဲ့အတွက် ဒုက္ခသည်ပြဿနာပြေလည်ဖို့ အတော်ခက်ခဲဦးမယ်လို့ ဦးအောင်သူငြိမ်းက ဆိုပါတယ်။

ကုလသမဂ္ဂရုံး ပြောခွင့်ရသူကတော့ စစ်ဘေးဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ ပိုဆိုးလာနေပြီး အထူးသဖြင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်း ဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်ခံစားရတဲ့အပေါ်မှာ စိုးရိမ်မိတယ်လို့ RFA ကို မနေ့က ပြန်ကြားစာမှာ ဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာသူဦးရေ တိုးလာနေတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အကူညီတွေပေးဖို့ အကန့်အသတ် တွေရှိနေဆဲမို့ လိုအပ်ချက်တွေက အမြင့်မားဆုံးကို ရောက်နေတယ်လို့ ဆိုပါတယ်။

UN OCHA အနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လိုအပ်နေသူတွေထံ မဖြစ်မနေ အချိန်မီပေးနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေထံ စဉ်ဆက်မပြတ် တိုက်တွန်းနေတယ်လို့လည်း ကုလသမဂ္ဂရုံး ပြောခွင့်ရသူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။