နောင်ချိုမှာ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ

RFA Burmese
2023.04.20
နောင်ချိုမှာ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ လက်နက်ကြီးထိမှန်ပြီး ပျက်စီးသွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ဟိုခဲရွာကနေအိမ်အချို့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ကြား နှစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာ ဧပြီလ ၂၀ အထိ စစ်ရေးတင်းမာ နေတာကြောင့် ဒိုးပင်၊ ကုလားကွဲစတဲ့ ရွာတွေက ဒေသခံ ၁၀၀၀ ကျော် နီးစပ်ရာ နေရာတွေကို ထပ်မံထွက်ပြေးနေရပါတယ်။

နောင်ချိုမြို့နယ်အတွင်းက ဟိုခို၊ ဟိုခဲ၊ သံဘို၊ ကုန်းကြီးစတဲ့ရွာတွေမှာ ဧပြီလ ၅ ရက်နေ့ကနေ ၁၇ ရက်နေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာတော့ သံဘိုရွာက လသားအရွယ် ကလေးတစ်ယောက်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေး သေဆုံးခဲ့ရပြီး သုံးယောက် ဒဏ်ရာရခဲ့ပါတယ်။ ထွက်ပြေးရတဲ့သူ ၃၀၀၀ ကျော်ရှိတဲ့အတွက် အခုထပ်ပြီး ပြေးရတဲ့သူတွေနဲ့ ပေါင်းရင် ၄၀၀၀ ကျော်ရှိနေပါပြီ။

ဧပြီလ ၁၇ ရက်နေ့နောက်ပိုင်းမှာ နောက်ပြန်ဆုတ်လာတဲ့ PDF တပ်ဖွဲ့တွေ ဒိုးပင်၊ ကုလားကွဲရွာတွေနား ရောက်လာတာကြောင့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှာစိုးရိမ်လို့ ထွက်ပြေးကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

"ဒီအတိုင်း လက်နက်ပဲ တိုက်မယ်ဆိုရင်တော့ ကိစ္စမရှိဘူးလေ။ ဒီနား ဟိုနား နီးနီးလေးရှောင်လည်း ပြသနာမရှိဘူးပေါ့ နော်။ ဒါပေမဲ့ အဲဒီလေယာဉ်နဲ့ လာကြဲမှာကိုကြောက်လို့၊ နောက်ပြီးတော့ သူတို့ရွာ နည်းနည်းလှမ်းတယ်လေနော်။ အဲလိုမျိုးကနေ သူတို့လက်နက်ကြီးတို့၊ ဘာတို့နဲ့ ပစ်ရင်လည်း ရွာတွေလာထိတာ အဲလိုမျိုးတွေလည်း ရှိလို့လေ"

သူတို့ကို နောင်ချိုနဲ့ ပြင်ဦးလွင်မြို့ကြားမှာရှိတဲ့ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ လက်ခံကူညီပေးနေကြတယ်လို့ ပြောပါတယ်။

ဟိုခို၊ ဟိုခဲနဲ့ အနားတစ်ဝိုက်ရွာတွေက ဒေသခံ ၃၀၀၀ ကျော် ဟာ ဒီနေ့အထိ နေရပ် မပြန်နိုင်ကြသေးဘူးလို့ ကုန်းကြီးရွာသားတစ်ယောက်က ပြောပါတယ်။

"ဟိုခို၊ ဟိုခဲ၊ ကုန်းကြီးဘက်ကတော့ အကုန်လုံး ပြန်မလာသေးဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့ ပစ်ထားတဲ့ လက်နက်ကြီးကျည်တွေပေါ့နော့်။ အဲဒါတွေက မကွဲတဲ့ဟာတွေလည်း ရှိသေးတယ်ဗျ။ အခုကျနော်တို့ ကုန်းကြီးရွာ ဘုန်းကြီးကျောင်းနားမှာဆိုလည်း မကွဲသေးတာ နှစ်လုံး ရှိသေးတယ်ဗျ။ တခြားနေရာတွေမှာလည်း ရှိသေးတယ်။ အဲဒါတွေကြောင့် ပြည်သူတွေကလည်း အဲလိုတွေရှိနေတော့ သိပ်ပြီးတော့ မပြန်လာရဲကြ သေးဘူးဗျ။ ဟိုခိုအပါ သူ့ဝန်းကျင်ကသူတွေဆိုရင် သုံးထောင်ကျော်လောက်တော့ရှိမယ် အဲဘက်က အတော်များတယ်ဗျ"

ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းကစလို့ ဟိုခို၊ ဟိုခဲရွာတွေနားကနေ PDF တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတာကြောင့် တိုက်ပွဲတွေ ငြိမ်သွားခဲ့တယ်လို့ဆိုပါတယ်။ ဧပြီလ ၁၈ ရက် နေ့မှာတော့ ကျေးရွာသားတွေ သူတို့ နေရပ်က နေအိမ်တွေကို သွားပြန်ကြည့်ရင်း ဟိုခဲရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသား တစ်ဦးမိုင်းနင်းမိလို့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ ဒေသခံကပြောပါတယ်။ သူ့ကို ပြင်ဦးလွင် စစ်ဆေးရုံကို ပို့လိုက်တယ်လို့ ဒေသခံကပြောပါတယ်။

နောင်ချိုမြို့နယ်အတွင်းကတိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒေသခံတချို့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ရှမ်းသွေးလေး)
နောင်ချိုမြို့နယ်အတွင်းကတိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒေသခံတချို့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ရှမ်းသွေးလေး)

အိမ် ၇၀ လောက်ရှိတဲ့သူတို့ရွာမှာ အိမ်အလုံး ၂၀ လောက် လက်နက်ကြီးထိမှန် ပျက်စီးနေတာကို တွေ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဟိုခဲရွာသားတစ်ဦးက ပြောပါတယ်။

"ကျနော်တို့အိမ်က အပြင်မျက်နှာကြက်ရယ်၊ တံခါးပေါက်မှန်တွေ အကုန်လုံးကွဲတယ်။ တံခါးပေါက်မကြီးလည်း အကုန်လုံးကွဲတယ်။ ပြီးရင် ကျနော်တို့ တဲတွေရဲ့ သွပ်တွေ လည်း အကုန်လုံး ပေါက်တာပေါ့။ တချို့အိမ်တွေလည်း အတော်လေးပျက်စီးတယ်။ နေလို့မရတော့တဲ့အဆင့်ထိ ဖြစ်သွားတာပေါ့ဗျာ။ ကျနော်တို့ မကြုံဖူးဘူးဗျ။ ကျနော့် အဖေ ခေတ်မှာတောင်မှ တစ်ခါမှ မကြုံဖူးဘူးလို့ပြောတယ်ဗျ။ ပြီးရင် ဒီရွာထဲမှာ တစ်အိမ်က ပြောင်းဖူးပုံကြီး မကြိတ်ရသေးတာ မီးလောင်သွားတာ၊ သိန်း ၁၅၀ တန်ဖိုးလောက်တောင် ရှိမယ်ထင်တယ်။ ကျနော်တို့ အိမ်နားလေးတွေကတော့ လက်နက်ကြီးကြောင့်ပဲဗျ။ လေယာဉ်ပျံကြဲတဲ့ဟာတွေလည်း ရှိတယ်ဗျ"

မန္တလေး PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအက်စမွန်ကတော့ နောင်ချိုမြို့နယ် အတွင်းမှာ ဧပြီ ၅ ရက် နေ့ကနေစပြီး သပြေညိုစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က မြေပြင်အင်အား ရာနဲ့ချီ အသုံးပြုခဲ့သလို လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

"၅ ရက်နေ့ကနေစပြီးတော့ ကျည်စပေါက်တယ်။ တောက်လျှောက် တိုက်ပွဲဖြစ်နေတာ ဒီနေ့ဆိုရင် ၁၁ ရက်အထိလည်း တိုက်ပွဲဖြစ်နေတုန်းပဲ။ ဒီတိုက်ပွဲအတွင်းမှာ စကစ ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာလည်း ရှိပါတယ်။ ၁၀ ရက်နေ့ တစ်ရက်တည်းမှာကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပေါ့။ ညသန်းခေါင် အချိန်အထိကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ် လုပ်ခဲ့တယ်။ ဒီစစ်ဆင်ရေးမှာ ကျနော်တို့ဘက်က ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရ၊ ကျဆုံးတာ ရှိပါတယ်။ စ.က.စ ဘက်ကလည်း အတော်များများကျတယ်လို့ သိရတယ်ပေါ့နော်"

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

"တိုက်ပွဲအတွင်းမှာ စကစ ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာလည်း ရှိပါတယ်။ ၁၀ ရက်နေ့ တစ်ရက်တည်းမှာကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ပေါ့"

မန္တလေး PDF တပ်ဖွဲ့ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG လက်အောက်ကနေ ဖွဲ့စည်းထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး မိုးကုတ်-ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းအနီးက ကျေးရွာတွေအနီးကို ခြေကုပ်ယူပြီး စစ်ရေး ပိုမို လှုပ်ရှားလာတာကို တွေ့ရပါတယ်။

အဲဒီနေရာတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားတဲ့နေရာလည်း ဖြစ်ပါတယ်။

ဟိုခို၊ ဒိုးပင်စတဲ့နေရာတွေဟာ စစ်ရေးအရ အရေးပါတဲ့ နေရာဖြစ်လို့ စစ်ကောင်စီဘက် ကလည်း PDF တပ်ဖွဲ့တွေ ခြေကုပ် မယူနိုင်အောင် အပြင်းအထန်ကာကွယ်တဲ့ အနေအထား ဖြစ်နိုင်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

"အဲဒီလို ခြေကုပ်ရသွားပြီဆိုရင် တပ်မတော်အနေနဲ့ ခက်သွားမှာ။ သူတို့ ဆင်းလာကာစမှာ ခြေကုပ်မယူနိုင်အောင် ကာကွယ်တာပေါ့နော်။ မိုးဗြဲတို့၊ ပင်လောင်း တို့က နေပြည်တော်နဲ့နီးတော့ အဲဘက်မှာ အန္တရာယ်ရှိသလို ဒီဘက်မှာလည်း နောင်ချို က မန္တလေးနဲ့ နီးနေတယ်လေနော်။ မန္တလေး-ပြင်ဦးလွင် အဲဒီဘက်တွေနဲ့နီးနေတော့ တပ်အတွက်ကလည်း ဒါအရေးကြီးတဲ့ နေရာလို့ ပြောလို့ရတာပေါ့"

လက်ရှိတိုက်ပွဲဖြစ်ခဲ့တဲ့ရွာတွေနားမှာ ၂၀၂၂ ခုနှစ် သြဂုတ်လကစပြီး စစ်ကောင်စီနဲ့ မန္တလေး PDF တပ်ဖွဲ့တွေ မကြာခဏ ဆိုသလိုတိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အခုလိုပဲ ဒေသခံ ထောင်နဲ့ချီပြီး တိမ်းရှောင်ခဲ့ရပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ပြင်ဦးလွင်-မိုးကုတ်နဲ့ နောင်ချို-မိုးကုတ်လမ်းပိုင်းတွေလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။