တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှားသတ္တုပမာဏ နှစ်ဆတိုးလာ
2023.05.31
တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ ဧပြီလကုန်ပိုင်းစာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ဧပြီလအထိ လေးလအတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော်ဖိုးရှိပါတယ်။
အဲဒီစာရင်းအရ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုးနီးပါးနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ၃၈၈ သန်းနီးပါးသာ ရှိခဲ့တာကြောင့် အခုနှစ် ပထမလေးလအတွင်း မြေရှားသတ္တု တင်ပို့မှု ပမာဏဟာ ၂၀၁၉ ထက်သုံးဆကျော်နဲ့ ၂၀၂၀ ပြည့်နှစ်ထက် နှစ်ဆနီးပါးပိုများနေပါတယ်။
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်၊ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ရာ ချီဖွေ၊ ပန်ဝါဒေသမှာ အများဆုံးတူးနေသလို၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်ဒေသ တစ်ဝိုက်မှာလည်း တူးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာမသိမ်းခင်က မြေရှားသတ္တုတူးဖော်တဲ့လုပ်ကွက်တွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တွေ ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ပေမယ့် အခုတော့ လုံးဝကြည့်ခွင့် မရတော့လို့ ဘယ်လောက်ပျက်စီး နေသလဲဆိုတာ ခန့်မှန်းရခက်တယ်လို့ ကချင်ပြည်နယ်က သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမည်အဖော်လိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“ အာဏာမသိမ်းခင်မှာ သူတို့လုပ်ကွက်ဆိုက်တွေမှာ လေ့လာလို့ရတယ်၊ သွားလို့ရတယ်၊ ဒါပေမဲ့ အခု ဒီနောက်ပိုင်းမှာကျတော့ သူတို့လုပ်ကွက်တစ်ခုကို ဝင်တော့မယ်ဆိုရင် ခြံဝင်းအကြီးကြီး ခတ်ထားတာတွေ ရှိတာပေါ့နော်၊ ဆိုတော့ ကိုယ်က သွားကြည့်လို့တောင် မရတဲ့အနေအထားတော့ ဖြစ်နေတာပေါ့။ တူးသွားတဲ့ အနေအထားက ကြည့်မယ်ဆိုတော့ ပြည်သူတွေက ဘယ်လောက်၊ ဘာဖြစ်နေတယ်လို့ အော်နေရင်လည်း အခုနေရာချဲ့နေတဲ့ အနေအထားကို ကြည့်ရင်တော့ အခုက ပိုပြီးတော့ လွတ်လွတ် လပ်လပ်လုပ်တဲ့ အနေအထားတော့ရှိတာပေါ့”
၂၀၁၆ ခုနှစ်ကတည်းက မြေရှားသတ္တုတိုးချဲ့တူးဖော်လာတဲ့ ပန်ဝါဒေသမှာ နောက်ထပ်တူးစရာ မြေမကျန် သလောက်ဖြစ်သွားပြီး အခုနောက်ပိုင်း ချီဖွေမြို့သာမက ဆော့လော်မြို့နယ်နဲ့ ချန်းမော်ခုန်း ဒေသတွေအထိပါ တူးဖော်လာတယ်လို့ သူကပြောပါတယ်။
ချန်းမော်ခုန်းဒေသ ထိန်းရှိန်ကျေးရွာက မြေရှားသတ္တု စမ်းသပ်ရှာဖွေမှုကို ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ဒေသခံတွေက ကန့်ကွက်ခဲ့ပါတယ်။ အဲဒီလိုကန့်ကွက်သူတွေထဲက တစ်ဦးကို ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့က တစ်ပတ်ကြာ ဖမ်းဆီးစစ်ဆေးပြီး နောက်ပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သောက်သုံးရေလည်း အင်မတန်ကို ရှားပါးလာတာပေါ့။"
မြေရှားသတ္တုအများဆုံးတူးနေတဲ့ ချီဖွေဒေသမှာ ဓါတုအဆိပ်ကြောင့် အခု လောလောဆယ် သောက်သုံးရေ ရှားပါးတဲ့ ပြဿနာကြုံနေရပါတယ်။ နောက်ပိုင်းမှာ ရွာလုံးကျွတ် ပြောင်းရမယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုကတည်းကတောင်မှ ရေတော်တော်လေးကို ရှားပါးနေပြီ။ ပိုက်ဆံရှိတဲ့သူတွေက ထမင်းချက်စားတဲ့ ရေတောင်မှ ရေသန့်ဝယ်သုံးရတဲ့ အဆင့်ရောက်နေပြီပေါ့နော်။ လောလောဆယ် ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ အားလုံးတော့ ရေဒုက္ခရောက်မယ်။ ဖြည်းဖြည်းချင်းတော့ အဲဒီရွာတွေ အားလုံးပြောင်း ရမယ်။ သောက်သုံးရေလည်း အင်မတန်ကို ရှားပါးလာတာပေါ့။ အဲမှာရှိတဲ့ဟာလည်း သူတို့ရဲ့ သတ္တု ဓာတုအဆိပ်ပါဝင်မှုရှိတော့ ကျန်းမာရေးကတော့ တော်တော်စိုးရိမ်ရတာပေါ့”
NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်အရ ချီဖွေမြို့နယ်မှာ မြန်မာမျိုးကိုကို ကုမ္ပဏီနဲ့ ရွှေစပါးသတ္တု တူးဖော်ရေး ကုမ္ပဏီတို့ကို ၂၀၁၈ ကနေ ၂၀၁၉ အထိ မြေဧက ၂၈၁ ဧက၊ လုပ်ကွက် ၁၁ ကွက်ကို မြေရှားသတ္တုတူးဖော်ခွင့် ချပေးခဲ့ပေမယ့် နောက်ပိုင်းမှာ တရားဝင်ချပေးတာမျိုး မရှိပါဘူး။
အခုနောက်ပိုင်း ကချင်ပြည်နယ်မှာ မြေရှားသတ္တု တူးဖော်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို မေးမြန်းတဲ့အခါ သူတို့အနေနဲ့ တရားဝင်ခွင့်ပြုထားတာ တစ်ခုမှမရှိဘူးလို့ပြောပါတယ်။
“မြေရှားနဲ့ပတ်သက်လို့ရှိရင် ကျွန်တော်တို့အစိုးရက တရားဝင်ခွင့်ပြုထားတာ တစ်ခုမှမရှိပါဘူးဗျ။ ထိန်းသိမ်းတာ ဘာညာကတော့ သူ့အဆင့်လိုက် လုပ်သွားရမှာပေါ့၊ အစိုးရမှာ သူ့လုပ်ငန်းစဉ်ရှိပြီးသားပါ။ အဲ အပိုင်းကတော့ ကျွန်တော်နဲ့ တိုက်ရိုက်ကြီး မဆိုင်တော့ အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ ကျွန်တော် သိတာကတော့ ဒီဟာသည် တရားဝင်ခွင့်ပြုထားတာ တစ်ခုမှမရှိဘူး ကျွန်တော်တို့ဆီက”
လက်ရှိ ချီဖွေ၊ ပန်ဝါဒေသက တူးဖော်နေတာတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးဝင်းရဲထွန်းက ပြန်မဖြေပါဘူး။
KIO ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ဒိန်ဆင်းပါရွာက မြေရှားသတ္တု တူးဖော်တာကို KIO က ၂၀၂၃ ဧပြီလက ပိတ်သိမ်းခဲ့ပေမယ့် မိုင်ဂျာယန်နားတစ်ဝိုက်မှာ ဆက်ပြီးတူးနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းတဲ့အခါ မြေရှား သတ္တုတူးဖော်ရင် ဘယ်လောက် တွင်တွင်ကျယ်ကျယ် ရနိုင်မလဲဆိုတာကို စမ်းသပ်တဲ့အဆင့်ပဲ ရှိပါသေးတယ်လို့တုံ့ပြန်ပါတယ်။
“KIO အနေနဲ့ကတော့ မြေရှားသတ္တုနဲ့ ပတ်သက်လို့ စည်းမျဉ်းစည်းကမ်း ပေါ်လစီတွေ သီးသန့်ချမှတ်တာတော့ အခုမရှိသေးဘူးပေါ့နော်။ ကျွန်တော်တို့ အုပ်ချုပ်တဲ့ နယ်မြေဘက်မှာ မြေရှားသတ္တုတွေ ဘယ်လောက်ထိရှိသလဲ၊ လုပ်ငန်းတွင်ကျယ်မှု ဖြစ်နိုင်မလားဆိုတဲ့အပိုင်းနဲ့ စမ်းသပ်တဲ့ အပိုင်းလောက်ပဲ ရှိတယ်။ တကယ့် ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာတွေ ငွေရှင်ကြေးရှင်များနဲ့ စာချုပ်ချုပ်တာတွေကတော့ ဘာမှမရှိသေးပါဘူး အခုလောလောဆယ်က”
ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်တာကို တရားဝင်ခွင့်ပြုထားတာမရှိဘူးလို့ စစ်ကောင်စီနဲ့ ကေအိုင်အို နှစ်ဘက်စလုံးကပြောနေပေမယ့် တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ စစ်တပ်အာဏာ စသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဧပြီလကုန်အထိ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ဖိုးနီးပါး ရှိနေပါတယ်။
ဒီမိုကရေစီအစိုးရတစ်ရပ်ရှိမှပဲ စည်းကမ်းမဲ့ သတ္တုတူးတာတွေကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်က ပြောပါတယ်။
“ကျွန်တော်တို့ သယံဇာတနဲ့ ပတ်သက်ရင်တော့ မြေရှားပဲပြောပြော၊ ကျောက်ပဲပြောပြော၊ ရွှေပဲ ပြောပြောပေါ့နော် ဒီ mining နဲ့ ပတ်သက်တဲ့ အားလုံးက အဓိက သူ့လုပ်ထုံး လုပ်နည်းတွေ ရှိတယ်၊ ကမ္ဘာ့အဆင့် လုပ်ထုံး လုပ်နည်းတွေရှိသလို ဒေသအဆင့် နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်း နည်းဥပဒေတွေ ရှိတယ်။ ဒါပေမဲ့ အခု မြန်မပြည်မှာဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုရင် ဒီလုပ်ထုံးလုပ်နည်းတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက် အခက်အခဲဖြစ်နေတဲ့ ပြဿနာပေါ့နော်။ အဲဒါ ကြောင့် ထိန်းသိမ်းမယ်ဆိုတဲ့အပိုင်းက အဓိက ဥပဒေ စိုးမိုးရေး လိုတာပေါ့နော်။ ဥပဒေစိုးမိုးရေး ရှိဖို့ဆိုရင်လည်း သူက ဒီမိုကရက်တစ် ယန္တယားနဲ့တည်ဆောက်ထားတဲ့ အစိုးရတစ်ရပ်လိုအပ်တယ်”
ကမ္ဘာ့နိုင်ငံတွေရဲ့ သဘာဝရင်းမြစ်တွေနဲ့ သတ္တုတူးဖော်မှုတွေအကြောင်း သတင်းရေးသား ဖော်ပြနေတဲ့ investingnews.com ရဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂၀ ရက် ဖော်ပြချက်အရ ကမ္ဘာ့မြေရှားသတ္တုအထွက်ဆုံး ရှစ်နိုင်ငံမှာ တရုတ်နိုင်ငံက ထိပ်ဆုံးမှာရှိပါတယ်။
တရုတ်နိုင်ငံကနေ တူးဖော်ရရှိနိုင်တဲ့ မြေရှားသတ္တု မက်ထရစ်တန်ချိန် ၄၄ သန်းလောက် ရှိနေတယ်လို့ အမေရိကန် ဘူမိဗေဒဌာနက တွက်ချက်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တရုတ်က မက်ထရစ်တန် နှစ်သိန်းတစ်သောင်း တူးဖော် ထုတ်လုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ တရုတ်ပြီးရင် အမေရိကန်က ဒုတိယ၊ သြစတြေးလျက တတိယဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၂၂ ခုနှစ်ထဲမှာ မက်ထရစ်တန် တစ်သောင်းနှစ်ထောင် ထုတ်လုပ်ခဲ့လို့ ကမ္ဘာမှာ စတုတ္ထ အများဆုံးထုတ်တဲ့ နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာပြီးရင် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှား၊ မဂ္ဂါဒတ်စကားနဲ့ ဘရာဇီးလ်နိုင်ငံ တို့ဟာ ကမ္ဘာပေါ်မှာ မြေရှား သတ္တု အများဆုံးထုတ်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။
မြေရှားသတ္တုကို မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တီဗီဖန်သားပြင်စတဲ့ အသေးစားခေတ်မီ လျှပ်စစ်ပစ္စည်းတွေကနေ စစ်သုံး ဂျက်တိုက်လေယာဉ်၊ လျှပ်စစ်ကားစတဲ့ တန်ဖိုးကြီး ယာဉ်တွေထဲက ကွန်ပျူတာပိုင်းဆိုင်ရာမှာ မဖြစ်မနေ အသုံးပြုရပါတယ်။ ဒါကြောင့် မိုဘိုင်းတယ်လီဖုန်းနဲ့ ကွန်ပျူတာအခြေခံတဲ့ လျှပ်စစ်ပစ္စည်း အမြောက်အများ ထုတ်လုပ်တဲ့ တရုတ်နိုင်ငံက ကိုယ်တိုင်တူးဖော်ရုံမက အိမ်နီးချင်း မြန်မာနိုင်ငံ ကချင်ပြည်နယ်ကနေပါ ရသလောက်ဝယ်ယူနေတာဖြစ်ပါတယ်။