မြေရှားသတ္တုထုတ်လုပ်မှုနဲ့ မြန်မာနိုင်ငံအခြေအနေ
2022.09.12

လက်ရှိအချိန်မှာ တရုတ်နိုင်ငံမှာ မြေရှားသတ္တုထုတ်လုပ်မှု ကျဆင်းလာတာအပြင် အိမ်ခြံမြေဈေးကွက်ကျဆင်းမှုရဲ့ သက်ရောက်မှုတွေကြောင့် ဒီမြေရှားသတ္တုလိုအပ်ချက်ရှိတဲ့ ကမ္ဘာ့နိုင်ငံအများစုဟာ တရုတ်နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတွေကနေ တင်သွင်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေကြတယ်လို့ သတ္တုတွင်းလုပ်ငန်းဆိုင်ရာ သတင်းဌာန MetalMiner က သတင်းဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ထုတ်လုပ်မှု လျော့ကျလာတာအပြင်၊ တရုတ်နိုင်ငံရဲ့ မြေရှားသတ္တု ထုတ်လုပ်တင်ပို့မှုတွေကို မိုနိုပိုလီလုပ်ပြီး လက်ဝါးကြီးအုပ်ထားတဲ့ အခြေအနေကို ရှောင်လွှဲချင်တာကြောင့်လည်း အခြားနိုင်ငံတွေကို ရှာဖွေလာကြတာလို့ သတင်းမှာ သုံးသပ် ထားပါတယ်။
အထူးသဖြင့် အာဖရိက နိုင်ငံတွေမှာ မြေရှားသတ္တုပေါကြွယ်ဝပေမယ့် နိုင်ငံအမြောက်အမြား ပြန့်ကျဲတည်ရှိနေတဲ့အတွက် တရုတ်နိုင်ငံလို တစ်စုတစ်စည်း ထုတ်လုပ်ရရှိဖို့ မလွယ်ဘူးလို့လည်း သုံးသပ်ထားတာပါ။ အာဖရိကတိုက်က တောင်အာဖရိကနဲ့တန်ဇန်းနီးယားနိုင်ငံတွေမှာ မြေရှားသတ္တု အမျိုးမျိုး တန်ချိန် တစ်သန်းခွဲလောက်အထိ ရှိနေပြီး ဒီအထဲမှာ လိုအပ်ချက်များတဲ့ ကိုဘော့သတ္တုတွေ အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မဝေးတဲ့အနာဂတ်မှာ ပြည်တွင်းလိုအပ်ချက် များပြားလာတဲ့အတွက် ဒီအာဖရိကတိုက်က မြေရှားသတ္တုတွေကို အပြိုင်ဝယ်ယူမယ့်အထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်လာနိုင်တယ်လို့ ဆောင်းပါးက သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြေရှားသတ္တုအများစုကို မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သတ္တုတွင်းတွေကနေ တူးဖော်ရရှိနေတာ ဖြစ်ပြီးတော့ သတ္တုတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်လာတဲ့အတွက် ဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့လည်း Global Witness အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီသတ္တုတွင်းတွေမှာ မြေရှားသတ္တုတွေ တူးဖော်ရာမှာ တောင်နံရံတွေမှာ တွင်းတူးစက်နဲ့တူးဖောက်ပြီး ဓာတုဗေဒဆေးဝါးတွေကို ဆေးထိုးသလို ထိုးထည့်ရပါတယ်။ ဒီဓာတုဆေးဝါးတွေက မြေရှားသတ္တုတွေကို အရည်ပျော်ကျစေပြီး အခြားသတ္တုတွေထဲကနေ ခွဲခြား ပြီး ကျင်ယူလို့ ရနိုင်ကြတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ကြရမှာ ဘယ်လိုဓာတုဆေးဝါးတွေကို ဘယ်လောက် အသုံးပြုခွင့်ပေးမလဲ ဆိုတာရယ်၊ ဘယ်လို နေရာတွေမှာ ဘယ်လို ပုံစံနဲ့ အသုံးပြုခွင့်ပေးမလဲ ဆိုတာတွေအပေါ် စည်းမျဉ်းစည်းကမ်း ကြပ်မတ်မှုလုံးဝမရှိတဲ့ကြောင်း၊ ဒါ့အပြင် ဒီဓာတုဆေးဝါးတွေကို သယ်ယူ သိုလှောင်ထားတဲ့ နေရာမှာလည်း စိတ်ချရတဲ့ အနေအထားမရှိတဲ့အတွက် ဒေသတွင်းက မြစ်ချောင်း အင်းအိုင်တွေထဲ စီးဝင်ပြီး ဒေသခံတွေရဲ့ သောက်သုံးရေနဲ့ဇီဝမျိုးကွဲတွေ ပျက်စီးစေတဲ့ ရေထုညစ်ညမ်းမှု ဖြစ်ပေါ်စေနိုင်တဲ့ အလားအလာတွေရှိနေတယ်လို့ အဲဒီ အစီရင်ခံစာက ဖော်ပြထားပါတယ်။
အထူးသဖြင့် ကချင်ပြည်နယ်ထဲက မြေရှားသတ္တုတွင်းတွေဟာ ဧရာဝတီမြစ် ရဲ့ ရေဝေကြော တည်ရှိတဲ့ မေခနဲ့ မလိခ မြစ်နှစ်သွယ်အနီးမှာ တည်ရှိတဲ့အတွက်၊ သတ္တု တူးဖော်ရာက ထွက်လာတဲ့ ဓါတုဆေးဝါးတွေ မြစ်ရေတွေထဲကို စီးဆင်းဝင်ရောက်ရင်၊ မြစ်ကြောင်းတစ်လျောက်က မြို့ရွာတွေ အားလုံးကို ထိခိုက်မှု ဖြစ်စေလိမ့်မှာ ဖြစ်တဲ့အကြောင်း၊ မြစ်ရေကို သောက်သုံးတဲ့ သူအားလုံးဟာ အဆိပ်သင့်တဲ့ ဒဏ်ကို ခံကြရမှာ ဖြစ်တယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။