အစစ်အဆေးကြောင့် ကချင်မြေရှားသတ္တုတူးဖော်မှု ယာယီရပ်နား
2023.09.20

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသမှာ Rare Earth ဆိုတဲ့ မြေရှားသတ္တု တူးဖော်တာတွေကို စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေ စစ်ဆေးမယ်ဆိုတဲ့သတင်းကြောင့် စက်တင်ဘာက ပထမပတ်ကနေစပြီး လုပ်ငန်းတွေရပ်ထားကြတယ်လို့ အလုပ်သမားတွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
လောလောဆယ်မှာ မြန်မာပြည်ကအလုပ်သမားတွေရော တရုတ်နိုင်ငံသားတွေပါ ပြန်လိုက်ရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံတစ်ယောက်က ပြောပါတယ်။
"သူတို့က အဲဒီစစ်ဆေးရေးအဖွဲ့တွေ မရောက်ခင်မှာ ခေတ္တရပ်ဆိုင်းတဲ့ ပုံစံပေါ့နော်။ အခု လောလောဆယ်ကတော့ အကုန်လုံး ရပ်ဆိုင်းထားတဲ့သဘောပါပဲ၊၊ အကုန်လုံး ဒီမှာလုပ်တဲ့ တရုတ်တွေလည်း ပြည်ထဲ ပြန်ဝင်သွားကြပြီပေါ့နော်။ အခု နှစ်ပတ်လောက် တောင် ရှိသွားပြီပေါ့နော်။ လောလောဆယ်တော့ သူတို့ ဘယ်သူမှမရောက်ဘူး။ ဒါပေမဲ့ ပန်ဝါတစ်ဝိုက်ကလူတွေ သတင်းကြားနေပြီပေါ့နော်။ သူတို့လည်း လုပ်စရာရှိတာ လုပ်တဲ့သဘောပဲ"
စစ်ဆေးရေးတွေလာမယ်ဆိုတဲ့သတင်းကြောင့် လစာတောင်မရဘဲ ပြန်လာခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ယောက်က ပြောပါတယ်။
"စစ်ဆေးရေးဝင်တဲ့အချိန် ကျွန်တော်တို့ ခဏပြန်ရမယ်ဆိုပြီးမှ အကုန်လုံးကို ပြန်ခိုင်းလိုက်တာပေါ့။ တစ်ပတ်ဆိုပြီးမှ။ အခုတစ်ပတ်တော့ ကျော်နေပြီပေါ့။ တရုတ်တွေက တချို့တွေက အဲဆိုက်မှာက ဒီတိုင်းဆိုက်မှာ ထမင်းချက်စားပြီး တောထဲမှာ ပုန်းတဲ့သူတွေရှိတယ်။ ကျွန်တော်တို့ကိုလည်း ပြန်ခေါ်မယ်လို့ပြောတယ်။ တစ်ပတ်လောက်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ပြန်ခိုင်းလိုက်တာက ဒီနေ့ဆို ရှစ်ရက်လောက်ရှိပြီ။ ပြန်အကြောင်းကြားလာခြင်းလည်းမရှိဘူး။ ပြန်တဲ့အချိန်လည်း လခလည်း တစ်ယောက်မှ မရခဲ့ဘူး"
သူတို့က တစ်လကို တရုတ်ယွမ်ငွေ လေးထောင်၊ မြန်မာငွေနဲ့ဆို သိန်း နှစ်ဆယ်လောက် ရကြပြီး၊ အခုပြန်လွှတ်တဲ့အချိန်မှာ လုပ်ခတစ်လစာမရဘဲ ပြန်ခဲ့ရတယ်လို့ ပြောပါတယ်။
ကမ္ဘာမှာ Rare Earth မြေရှားသတ္တုအများဆုံးရောင်းနေတဲ့ တရုတ်နိုင်ငံဟာ သူ့နိုင်ငံထဲမှာတင်မကပဲ ကချင်ပြည်နယ် ချီဖွေ၊ ပန်ဝါဒေသမှာပါ တူးဖော်ပြီး တရုတ်ကို ပို့နေတာပါ။ မြေရှားသတ္တုထွက်တဲ့ဒေသမှာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီတပ်နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ရှိပါတယ်။
အဲဒီဒေသမှာ လုပ်ကွက်ပေါင်း သုံးရာလောက်ရှိပြီး၊ အားပြင်းအက်စစ်သတ္တုရည် ကန်ပေါင်း ၂၇၀၀ ကျော်တွေ့ရတယ်လို့ ကမ္ဘာမှာ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာ နေတဲ့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၉ ရက် နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
NLD အစိုးရလက်ထက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာမျိုးကိုကို ကုမ္ပဏီနဲ့ ရွှေစပါး သတ္တုတူးဖော်ရေးကုမ္ပဏီတို့ကို ၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အထိ ချီဖွေမြို့နယ်က မြေ ၂၈၁ ဧက၊ လုပ်ကွက် ၁၁ ခုမှာ မြေရှားသတ္တုတူးဖော်ဖို့ ခွင့်ပြုပေးခဲ့တာ တွေ့ရပါတယ်။
အခုနောက်ပိုင်းတော့ သတ္တုတူးတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် ဘယ်ကုမ္ပဏီတွေက လုပ်ဆောင်နေသလဲဆိုတာသိဖို့ ခက်ခဲသွားတယ်လို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ မြေရှား သတ္တုတူးဖော်မှုကို သတိပေးထားတာကြာပြီလို့ ပြောပါတယ်။
"စစ်ဆေးရေးကတော့ သူ့ဟာသူလာမယ်၊ စစ်တဲ့အဖွဲ့ရှိတာပေါ့။ ကျွန်တော်ကတော့ အဲဒါအသေးစိတ်တော့ မသိဘူးဗျ။ အစိုးရအနေနဲ့လည်း အဲဒါကိုလက်မှမခံတာ။ နဂိုတုန်းက တရားဝင်ပေးထားတာလည်း တစ်ခုမှမရှိဘူးလေ။ အရေးယူမယ် ဘာညာပြောလို့ သိမ်းတာဖြစ်မယ်ပေါ့ သူတို့။ ဒါတရားမဝင်တူးနေတဲ့သူတွေပဲလေ၊ သူတို့"
စစ်ကောင်စီက မြေရှားသတ္တုတူးဖော်ခွင့်တင်မကဘဲ အခြား သယံဇာတ တူးဖော်ခွင့်တွေကိုလည်း တရားဝင်ခွင့်ပြုထားတာ တစ်ခုမှမရှိဘူးလို့ ဦးဝင်းရဲထွန်းက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း စစ်ဆေးရေးလာမယ်ဆိုတဲ့သတင်းကို အွန်လိုင်းပေါ်မှာ တွေ့တာလောက်ပဲ ရှိတယ်လို့ ပြောပါတယ်။ အဲဒီအပြင် KIO နယ်မြေမှာတော့ မြေရှားသတ္တုကို စမ်းသပ်တဲ့ အနေနဲ့ပဲ လုပ်ဆောင်နေ သေးတယ်လို့ ပြောပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကတော့ စစ်ဆေးပြီးပြန်သွားတာလောက်နဲ့ ထိရောက်မှုရှိမှာ မဟုတ်ဘဲ အပြီးတိုင် ရပ်ဆိုင်းပေးစေလိုတယ်လို့ ပြောပါတယ်။
"မစစ်ဆေးဘဲ တစ်ခါတည်းရပ်နားရင် ပိုပြီးမှ သင့်တော်မယ်လို့တော့ ယူဆတာပေါ့"
"လူကြီးတွေ ရောက်လာ။ လာစစ်ဆေးပြန်သွား။ အဲဒါမျိုးပဲလုပ်နေတယ်ဆိုတော့၊ ဒါစစ်ဆေးတယ်ဆိုရင်တော့ ဘာထိရောက်မှုလည်း ရှိမှာမဟုတ်ဘူး။ ဒေသခံတွေ အလိုရှိတာကတော့ ဒီသဘာဝပတ်ဝန်းကျင်ပျက်စီးသွားတာ တော်တော်များနေတယ်။ ဒါပေမဲ့ ဒီဥစ္စာတွေကို မစစ်ဆေးဘဲ တစ်ခါတည်းရပ်နားရင် ပိုပြီးမှ သင့်တော်မယ်လို့ တော့ ယူဆတာပေါ့"
မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက် (MMWN) က ကွန်ရက်ချိတ်ဆက်မှုတာဝန်ခံ ပေါလ် (Paul) ကတော့ စစ်ကောင်စီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်ကနေ လာစစ်ဆေးတာ မဖြစ်နိုင်ဘဲ နိုင်ငံခြားငွေရနိုင်မလားဆိုတာ လာကြည့်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
"တပ်မတော်ကနေ လာပြီးတော့ စစ်ဆေးတယ်ဆိုတာကတော့ သဘာဝ ပတ်ဝန်းကျင် ရှုထောင့်ကနေ လာပြီးစစ်ဆေးတယ်လို့မမြင်ဘူး။ ကျွန်တော်တို့ သတင်းမှာ ကြားရတာပေါ့။ တပ်မတော်က ရုရှားကနေ လောင်စာဆီ ဝယ်တဲ့အချိန်မှာ တရုတ်ယွမ်ငွေကို အသုံးပြုလာတယ်လို့ ကျွန်တော်တို့ ကြားရတယ်ပေါ့။ ဒီတပ်က နိုင်ငံတကာ ပိုက်ဆံရဖို့ ယွမ်ငွေ ဒီလိုပမာဏများများရဖို့က သူကလိုအပ်လာတယ်။ ဆိုတော့ ဘယ်ကရမလဲဆိုတော့ ဒီလို သတ္တုတူးဖော်မှု (mining) ကနေပေါ့နော်၊ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ရနိုင်တယ်"
ဒါကြောင့် ပန်ဝါဒေသအတွက် စိုးရိမ်စရာရှိတယ်လို့ သူကပြောပါတယ်။
ခေတ်အဆက်ဆက် မြန်မာစစ်တပ်ဟာ သယံဇာတရောင်းလို့ရတဲ့ ဝင်ငွေကို အားထားခဲ့ပါတယ်။ ဒါကြောင့် သယံဇာတထွက်တဲ့နေရာတွေမှာ မြေယာတွေသိမ်းပြီး ရွာတွေပြောင်းခိုင်းတာလည်း ရှိပါတယ်။ ဒါကြောင့် အခုပန်ဝါဒေသမှာလည်း အဲဒီလိုဖြစ်ရပ်တွေကြုံလာမှာကို စိုးရိမ်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံကနေ တရုတ်ကို တင်သွင်းခဲ့တဲ့ မြေရှားသတ္တုတန်ဖိုး အမေရိကန် ဒေါ်လာ သန်း ကိုးရာနီးပါး ရှိခဲ့တယ်လို့ တရုတ်အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။