ရခိုင်စစ်ပွဲရပ်တန့်ရေး တရုတ်ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေ

RFA Burmese
2024.04.05
ရခိုင်စစ်ပွဲရပ်တန့်ရေး တရုတ်ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က ကျင်းပစဉ်။
UN Photo/ Loey Felipe

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် စစ်ရေးရှုံးနိမ့်နေချိန်မှာပဲ ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လုပ်သွားမယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်အစိုးရ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် မစ္စတာ ဂုံးရှောင်က ပြောလိုက်ပါတယ်။

ဧပြီလ ၄ ရက် နယူးယောက်မှာလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း အဲဒီလို ပြောလိုက်တာပါ။ တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံကို ရောက်နေပြီလို့ ဆိုပါတယ်။ အဖွဲ့ခေါင်းဆောင် ဘယ်သူလဲဆိုတာကိုတော့ အတိအကျ ထုတ်မပြောပါဘူး။

ဒါပေမဲ့ တရုတ်အစိုးရ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း ဧပြီလ ၁ ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နယ်စပ်လုံခြုံရေးကိစ္စ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းကိစ္စတွေ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေက ချက်ချင်း ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

တိန့်ရှီးကျွင်း ပြန်သွားပြီလား၊ နေပြည်တော်မှာ ဆက်ရှိနေသေးလားဆိုတာကို စစ်ကောင်စီဘက်က ထုတ်မပြောသေးပါဘူး။

ဒီအခြေအနေအတွင်းမှာပဲ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်းဟိုင်ကလည်း အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်ဟောင်းတွေ့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း တရုတ်သံရုံးရဲ့ We Chat စာမျက်နှာကနေ ဧပြီလ ၅ ရက်နေ့ ထုတ်ပြန်ပါတယ်။

AA က စစ်ရေးနဲ့ အနိုင်ယူဖို့ကြိုးစားနေချိန်မှာ တရုတ်က ကြားဝင်စေ့စပ်မယ်ဆိုရင်တောင် ရခိုင်ပြည်နယ်အတွက် ထူးခြားတဲ့ အကျိုးရလဒ်ရမှပဲ စေ့စပ်မှု အောင်မြင်လိမ့်မယ်လို့ ရခိုင်ဝါရင့်နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။

“စစ်ရေးအင်အားနဲ့ အနိုင်ယူဖို့ ကြိုးစားနေတဲ့အချိန်မှာ တိုက်ပွဲရပ်ရမယ်ဆိုတဲ့ပုံစံမျိုးထက် ရပ်ရင် ဘာအကျိုးအမြတ်တွေရမယ်၊ ဘယ်လိုအခွင့်အရေးတွေ ရမယ်ဆိုတဲ့ဟာက အဓိက အကြောင်းအရာလို့ ထင်တယ်။ တစ်ဖက်နဲ့တစ်ဖက် မျှတအောင် ပြောနိုင်မယ်၊ အပေးအယူ လုပ်နိုင်မယ်ဆိုရင်တော့ ဒီတိုက်ပွဲတွေက ရပ်တန့်နိုင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ရပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ရင်တော့ AA အပေါ်မှာ တရုတ်ရဲ့ သြဇာက အဲဒီလောက်မရှိဘူးလို့ ပြောချင်ပါတယ်”

ရခိုင်တိုက်ပွဲ ငါးလနီးပါးအတွင်း ရက္ခိုင့်တပ်တော် (AA) က မြို့ပေါင်း ကိုးမြို့ကို သိမ်းယူထားပြီး တရုတ်ပိုးလမ်းမစီမံကိန်းကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အဓိကစီမံကိန်းတွေတည်ရှိရာ ကျောက်ဖြူမြို့နယ်ကို တိုက်ပွဲနီးကပ်လာချိန်၊ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေချိန်မှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

ဒါဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ သူတို့ရဲ့ စီမံကိန်းတွေထိခိုက်မှာကို စိုးရိမ်လို့ဖြစ်နိုင်သလို၊ တစ်ဖက်မှာလည်း တစ်နိုင်ငံလုံး စစ်ရေးအခြေအနေ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်ကိစ္စမှာ တရုတ်ကြားဝင်ပေးဖို့ အကူအညီတောင်းတာကြောင့် ဖြစ်နိုင်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။

တရုတ်အစိုးရရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က တယ်လီဂရမ်ချန်နယ်ကတစ်ဆင့် မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တရုတ်ရဲ့အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် တရုတ်ဘက်က အခုလို ကြားဝင်လာတာလို့ RFA ကို ပြောပါတယ်။

“သူက မြန်မာနိုင်ငံကြီး ပြိုကွဲသွားမှာကို မလိုလားပါဘူး။ မြန်မာနိုင်ငံ ပြိုကွဲသွားရင် ထိန်းမနိုင်သိမ်းမနိုင်ဆိုရင် သူ့လမ်းကြောင်းတွေ ဘယ်လိုလုပ်ပြီးတော့ သူ့ပိုက်လိုင်းနဲ့ ရထားလမ်းကိစ္စတွေ ဘယ်လိုဆက်လုပ်တော့မလဲ။ မြန်မာနိုင်ငံကို အမေရိကန်ရဲ့လက်အောက်ခံ NUG ဖြစ်သွားမှာကို ယေဘုယျအားဖြင့် သူက မလိုလားဘူး။ အဲဒီတော့ သူက လက်ရှိ (နစက)ကို ပျော့ခိုင်းထားမှာ။ လုံးဝပြိုကွဲမှုကိုတော့ အဖြစ်မခံဘူး။ အဲဒီ သူ့ရဲ့ ရပ်တည်ချက်တွေကိုတော့ မြင်နေရတာပေါ့နော်”

"မြန်မာနိုင်ငံ ပြိုကွဲသွားရင်၊ ထိန်းမနိုင်သိမ်းမနိုင်ဆိုရင် သူ့လမ်းကြောင်းတွေ ဘယ်လိုလုပ်ပြီးတော့ သူ့ပိုက်လိုင်းနဲ့ ရထားလမ်းကိစ္စတွေ ဘယ်လိုဆက်လုပ်တော့မလဲ"

ရက္ခိုင့်တပ်တော် (AA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကိုဆင်နွှဲပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ချင်းရွှေဟော်နဲ့ လောက်ကိုင် အပါအဝင် မြို့ပေါင်းအတော်များများကို တိုက်ခိုက်သိမ်းယူခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် အကြီးအကျယ် အထိနာချိန်မှာ တရုတ်က ကြားဝင်စေ့စပ်ခဲ့တာကြောင့် တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပါတယ်။

အဲဒီလိုရပ်တန့်ဖို့အတွက် ၂၀၂၃ နှစ်ကုန်ပိုင်းကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်‌နေ့အတွင်း တရုတ်က ဦးဆောင်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဆွေးနွေးမှုပေါင်း လေးကြိမ်တိတိ လုပ်ခဲ့ပါတယ်။

ဒါ့ကြောင့် အခု ရခိုင်ပြည်နယ်အတွက်လည်း တရုတ်က ကြားဝင်စေ့စပ်နေပြီး အောင်မြင်နိုင်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ခန့်မှန်းပါတယ်။

“ရပ်နိုင်ပါတယ်။ ကျွန်မကြည့်တာ မြောက်ပိုင်းအဖွဲ့တွေလည်း ရပ်ပေးလိုက်ရတာ ဖြစ်တာကိုး။ တရုတ်က ဝင်ဆွေးနွေးပြီး ရပ်ဖို့ဘာဖို့ပြောရင်လည်း ရပ်နိုင်တာပေါ့။ ရပ်ပြီးတဲ့အခါမှာ ဥပမာ ယူကရိန်းတို့ ဘာတို့ဆိုရင် တောင်းဆိုချက်ဆိုရင် ယူကရိန်းကနေ ရုရှားတပ်တွေ ပြန်ဆုတ်ပေးရမယ်ဆိုတာ ပါတာကိုး။ ဒီမှာတော့ ရပ်ပြီးရင် ပြန်ဆုတ်ပေးစရာမှ မလိုတာဗျ။ MNDAA ဆိုရင် ကိုးကန့်ဒေသကို ပြန်လည်တည်ဆောက်ပြီးတော့ အုပ်ချုပ်ရေးလုပ်နေပြီ။ လွတ်မြောက်ဒေသတစ်ခု တိုးလာတယ်လို့ သဘာထားလို့ရပါတယ်”

ဒါပေမဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကတော့ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက MNDAA ကိုးကန့်တပ်နဲ့ TNLA တအာင်းတပ်အ‌ပေါ် တရုတ်လွှမ်းမိုးမှု ကြီးနိုင်ပေမယ့် မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ သီးသန့်ရပ်တည်လှုပ်ရှားနေတဲ့ ရက္ခိုင့်တပ်တော် (AA) အပေါ် တရုတ်ရဲ့ ဩဇာသက်ရောက်မှု ဘယ်လောက်ရှိမလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် တရုတ်က အပြုသဘော ကြားဝင်ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စ၊ တရုတ်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုရောက်နေတယ်ဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့အတွက် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်က စတင်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲ ငါးလနီးပါးအတွင်း အရပ်သား နှစ်ရာနီးပါး သေဆုံးပြီး၊ ဒဏ်ရာရသူ ငါးရာကျော် ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။