ရခိုင်တစ်ပြည်နယ်လုံးကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားတာ တစ်ပတ်ရှိလာ

RFA Burmese
2023.11.20
ရခိုင်တစ်ပြည်နယ်လုံးကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားတာ တစ်ပတ်ရှိလာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပေါက်တောမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲစဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က စပြီး တစ်ပြည်နယ်လုံးကို စစ်ကောင်စီက ကုန်းလမ်းရော၊ ရေလမ်းကပါ အဝင်၊ အထွက်ပိတ်ဆို့ထားတာ နိုဝင်ဘာ ၂၀ ရက် ဒီနေ့ဆိုရင် တစ်ပတ်ရှိသွားပါပြီ။

ရခိုင်ပြည်နယ် တောင်ပိုင်းရော မြောက်ပိုင်းကိုပါဝင်တဲ့ ကားလမ်းတွေအပြင် ရခိုင်ပြည်နယ်မှာ တစ်မြို့ကနေ တစ်မြို့၊ တစ်ရွာသွားတဲ့ လမ်းတွေကိုပါ စစ်ဆေးရေးဂိတ်တွေချပြီး အကန့်အသတ်မရှိ ပိတ်ထားတာပါ။

နိုဝင်ဘာ ၁၉ ရက်နေ့ကတော့ မြို့နယ်အရပ်ရပ်ကနေ စစ်တွေနဲ့ တောင်ကုတ်မြို့မှာ တက္ကသိုလ်လာတက်တဲ့ ကျောင်းသားတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးပြီး နေရပ်ပြန်ခွင့်ပေးခဲ့ပေမယ့် တခြားအရပ်သားတွေနဲ့ ကုန်စည် တင်ပို့မှုတွေကိုတော့ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေရပ်ပြန်ရန် ကားလက်မှတ်၊ အမြန်ရေယာဉ်လက်မှတ်ရရန်နှင့် လျှောက်လွှာတင်ရန် စောင့်နေကြသည့် စစ်တွေတက္ကသိုလ်က အဝေးသင်ကျောင်းသား/သူများကို  ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က တွေ့ရစဉ်။ (Photo: Citizen Journalist)
နေရပ်ပြန်ရန် ကားလက်မှတ်၊ အမြန်ရေယာဉ်လက်မှတ်ရရန်နှင့် လျှောက်လွှာတင်ရန် စောင့်နေကြသည့် စစ်တွေတက္ကသိုလ်က အဝေးသင်ကျောင်းသား/သူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်တွေ-ရန်ကုန် အဝေးပြေးကားတွေကို စစ်ကောင်စီတပ်က လုံးဝပိတ်ထားတာကြောင့် ကားသမားတွေပါ ပိတ်မိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေ-ရန်ကုန် ခရီးပို့ဆောင်နေသူ ကားသမားတစ်ဦး က RFA ကို ပြောပါတယ်။

“၁၃ ရက်နေ့ကစပြီး ပိတ်လိုက်တာ ကုန်တွေလည်း မထွက်ရဘူးပေါ့။ အကုန်ပိတ်လိုက်တာ။ ရန်ကုန်က ကားတွေလည်း မထွက်လာဘူး။ စစ်တွေက ကားတွေလည်း မထွက်ရဘူး။ လမ်းဖွင့်ပေးမှာက အကုန်လုံး တည်ငြိမ်းအေးချမ်းပြီးမှ ပြန်ပြီးတော့ ဖွင့်ပေးမယ်။ အဲဒီလို သဘောမျိုးတော့ပြောတယ်။ ကျွန်တော်တို့ ကားသမားတွေလည်း အကုန်လုံးဒီမှာ ချက်ပြုတ်စားသောက်ပြီး နေရတာပေါ့”

ရခိုင်ပြည်နယ်မှာ ဆေးဝါးနဲ့ စက်သုံးဆီအပါအဝင် အခြေခံစားသောက်ကုန်တွေဟာ ပြည်မကိုပဲ အဓိက အမှီပြု နေရတာကြောင့် အခုတော့ ကုန်စည်စီးဆင်းမှုအားလုံး လုံး၀ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးကလည်း တစ်ပြည်နယ်လုံးကို ကုန်းလမ်းရော၊ ရေလမ်းပါ ပိတ်ထားတာကြောင့် ဒေသခံတွေ တော်တော်လေးအခက်အခဲ ဖြစ်နေကြတယ်လို့ RFA ကို ပြောပါတယ်။

“လမ်းတွေကတော့ ဘယ်ကိုမှထွက်လို့ မရဘူးလေ။ ရေလမ်းရော၊ ကုန်းလမ်းရော ဘယ်ကိုမှထွက်လို့မရတဲ့ အခြေအနေတစ်ခု ဖြစ်နေတာပေါ့နော်။ မြို့ပေါ်မှာဆိုရင် သာမန်ရောင်းချစားသောက်နေတဲ့ သူတွေဟာလည်း ဈေးကွက်တွေက အကုန်လုံးရပ်သွားတဲ့ သဘောရှိတော့ လူတွေကလည်း အရောင်းအဝယ်ရော၊ စီးပွားရေး အကျပ်အတည်းရော တော်တော်လေးအခက်အခဲတွေနဲ့ တော်တော်လေးကြုံတွေ့ရမယ့် အနေအထားမှာ ရှိတယ်ပေါ့”

စစ်တွေမြို့ပေါ်မှာ လက်ရှိ ည ၉ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ရုံး အပါအဝင် နေရာအများအပြား လုံခြုံရေးတင်းကျပ်ထားတာကြောင့် ဒေသခံတွေ ညနေပိုင်း ဆိုရင် အိမ်အပြင်တောင် မထွက်ရဲကြတော့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တော၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းက အိမ်ထောင်စု ၄၇၀၀ ကျော် (၄၇၆၅စု)၊ လူဦးရေ ၂၆၀၀၀ ကျော်(၂၆၁၇၅ဦး) ထွက်ပြေးနေရတယ်လို့ (UNOCHA) က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“ပြည်သူတွေကို ဒုက္ခပေးတဲ့ နည်းလမ်းပေါ့။ အဲဒီနည်းလမ်းကို စစ်ကောင်စီက အခုရက်အနည်းငယ်အတွင်းမှာ ပြင်းပြင်းထန်ထန် လုပ်လာတယ်"

လက်နက်ကြီးကြောင့် မောင်တော၊ မြောက်ဦး၊ ကျောက်တော်နဲ့ အမ်းမြို့နယ်တွေမှာ ဒေသခံအနည်းဆုံး ၁၁ ဦး သေဆုံးပြီး သုံးဆယ်ကျော်ဒဏ်ရာရခဲ့သလို တစ်ရာကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ် လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ကဆိုပါတယ်။

ဒါ့အပြင် မြို့နယ်တွေကိုဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းကိုပါ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီ က ကန့်သတ်ထားတာကြောင့် လူသားချင်းစာနာမှုအကူအညီတွေကို ရပ်ဆိုင်းထားရတယ်လို့လည်း UN OCHAက ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ဒုက္ခပေးတဲ့ နည်းနဲ့ ရက္ခိုင့်တပ်တော်(AA)ကို ထောက်ခံမှုလျော့အောင် လုပ်နေတာလို့ RFA ကို ပြောပါတယ်။

“ပြည်သူတွေကို ဒုက္ခပေးတဲ့ နည်းလမ်းပေါ့။ အဲဒီနည်းလမ်းကို စစ်ကောင်စီက အခုရက်အနည်းငယ်အတွင်းမှာ ပြင်းပြင်းထန်ထန် လုပ်လာတယ်။ အဲဒါကြောင့် ပြည်သူတွေဟာ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ လုံခြုံရေး ကအစ အတော်လေးကို အခက်အခဲနဲ့ တွေ့ကြုံနေရတယ်။ AA ကြောင့် မင်းတို့ကို ဒီလိုအကျပ်ကိုင်ရ တာ ပေါ့။ AA နဲ့ ပြည်သူကို လှည့်ပြီး ရန်တိုက်ပေးတဲ့သဘော။ ကြွက်မနိုင် ကျီကို မီးရှို့တဲ့သဘောပေါ့။ AA ကို ပြည်သူတွေ ထောက်ခံမှုကျသွားအောင်၊ မထောက်ခံရဲအောင်။ ပြည်သူတွေက AA ကို အပြစ်တွေမြင်လာအောင် အဲဒီလို ဖြစ်အောင် လုပ်တာလို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်”

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပြည်သူတွေကို ဒုက္ခပေးတဲ့နည်းဟာ အောင်မြင်ဖို့ အလားအလာ မရှိတော့ဘူးလို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့တဲ့ တစ်ကျော့ပြန်တိုက်ပွဲမှာလည်း အခုလိုပဲ ရခိုင်မြောက်ပိုင်း မြို့နယ်တွေကို ပိတ်ဆို့ပြီး အရပ်သားတွေကို တိုက်ခိုက်တာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့တာကြောင့် (AA) က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ရပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာပဲ အပစ်အခတ်ရပ်စဲခဲ့ရတာလို့ ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်ကို အခုလိုပိတ်ဆို့ထားတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီရဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ စစ်တွေမြို့ကို တက္ကသိုလ်လာတက်တဲ့ ကျောင်းသား တစ်သောင်းခန့် နေရပ်ပြန်နိုင်ရေး ကုန်းလမ်းရော၊ ရေလမ်းကနေပါ စီစဉ်ပေးထားတယ်လို့ ရေးထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရခိုင်မှာ AA က တိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်နေတယ်လို့ မြန်မာ့အလင်းမှာ ထည့်ပြောထားပါတယ်။

ဒီအပေါ်တုံ့ပြန်မှုရဖို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။

ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အခုရခိုင်မှာ ဖြစ်နေတဲ့တိုက်ပွဲဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်နေတာကြောင့် တိုက်ပွဲတွေ ပိုပြီးကျယ်ပြန့်လာနိုင်ပြီး ဒေသခံတွေလည်း ပိုထိခိုက်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။