ပူတာအိုမြို့နယ် တိုက်ပွဲကြောင့် လူ ၆၀၀၀ ကျော် ထွက်ပြေးနေရ

2022.02.16
ပူတာအိုမြို့နယ် တိုက်ပွဲကြောင့် လူ ၆၀၀၀ ကျော် ထွက်ပြေးနေရ ကချင်ပြည်နယ် ပူတာအိုမြို့နယ်က တိုက်ပွဲတွေကြောင့် တောထဲထွက်ပြေးနေရသူတွေကို တွေ့ရစဥ်
Photo: Citizen Journalist

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေသလို နှစ်ပတ်အတွင်း လူပေါင်း ၆၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုမြို့နဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ ဖတ်မာကျေးရွာမှာ ဖေဖော်ဝါရီလ ၁၅ ရက် မနေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာထဲကနေ ဆိုင်ကယ်နဲ့ ဘေးလွတ်ရာကို ထွက်ပြေးတဲ့ လင်မယားနှစ်ယောက် ပစ်သတ်ခံခဲ့ရပါတယ်။

တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်နဲ့ ထွက်ပြေးရာမှာ ပစ်သတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖတ်မာရွာခံ တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့အချိန် သူတို့နှစ်ယောက်က သူတို့အိမ်က အပေါ်ဘက် ဖြစ်သွားတယ် လေနော်။ အဲဒါနဲ့ ဆိုင်ကယ်နဲ့ ပူတာအိုဘက် ဆင်းလာတဲ့အချိန်မှာ အပစ်ခံရတာ။ သေနတ်က ရင်ဘတ်မှာထိတာ မိန်းကလေးက။ ယောက်ျားက ရင်ဘတ်အောက်မှာ ထိတာ။ ဆိုင်ကယ်နဲ့ လမ်းဘေးမှာ ရပ်နေတာလေ။ ကျွန်တော်တို့လည်း ဒီမနက်ပဲ သွားကြည့်တာ ကျွန်တော်တို့လည်း ညမှာမသွားရဲဘူးလေ။ မနက် ၇ နာရီ ၄ မိနစ် လောက်မှာပဲ သွားကြည့်တာ။ ဖတ်မာက ပြည်သူတွေဖြစ်နေတာ”

မနေ့က သေဆုံးသူတွေဟာ မင်္ဂလာဆောင်တာ နှစ်လလောက်သာရှိသေးတဲ့ အသက်၂၀ အရွယ် ကိုအခီဒီဆာရ်းနဲ့ မဂျာလီဒွေ့ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ထွက်ပြေးရာလမ်းမှာ စစ်ကောင်စီတပ်သားတွေရှိနေပေမဲ့ ညအချိန်ဖြစ်တာကြောင့် ဘယ်သူ့လက်ချက်ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ ရွာသားအချို့ က ပြောပါတယ်။

မနေ့ကတိုက်ပွဲဟာ ဖတ်မာကျေးရွာနားရှိနေတဲ့ စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်ရင်း (၇) နဲ့ PDF တပ်ဖွဲ့တွေက ည ၈ နာရီလောက်က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး အချိန် ၁ နာရီခွဲလောက်အထိ ကြာမြင့်ခဲ့တယ်လို့ အမည်မဖော် လိုတဲ့ ကေအိုင်အေ သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

ညအချိန်ဖြစ်တာကြောင့် ထိခိုက်မှုအသေးစိတ်ကို မသိရဘူးလို့လည်းဆိုပါတယ်။

ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန် နေတာပါ။

ဒီတိုက်ပွဲတွေကြောင့် ဖတ်မာအပါအဝင် ဆွမ်ပရီယာန်၊ လုံရှာယန် စတဲ့ ကျေးရွာအုပ်စုတွေ က အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒေသခံ ၆၀၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အများစုဟာ ပူတာအိုမြို့နဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးတိမ်းရှောင် ကြရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လုံရှာယန်ကနေ ငါးမိုင်ဝေးတဲ့ ဖတ်မာမှာ စစ်ဖြစ်ကတည်းက တချို့ဒီလုံရှာယာန် ရွာထဲက ပြည်သူတွေက ညကတည်းကနေ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ အခု မနက်မိုးလင်းပိုင်းကတည်းကနေ အကုန်လုံးပေါ့ ဒီနီးစပ်ရာ သူတို့ပြင်ဆင်ထားတဲ့ စစ်ရှောင်ယာယီစခန်းတွေကို ရှောင်သွားကြတယ်။ အခက်အခဲတွေတော့ အများကြီးပဲ။ အခု ဒီလုံရှာယာန်အုပ်စုကတော့ အိမ်ထောင်စုအနေနဲ့လည်း အရမ်းများတယ်”

ကျေးရွာတွေထဲမှာ အိမ်စောင့်အချို့သာ ကျန်ရစ်ခဲ့ကြပြီး ကျန်တဲ့လူတွေအားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ပြောပါတယ်။

"ဆိုင်ကယ်နဲ့ ပူတာအိုဘက် ဆင်းလာတဲ့အချိန်မှာ အပစ်ခံရတာ"

ဒါပေမဲ့ ရွာမှာကျန်ခဲ့သူအချို့ကလည်း မနေ့က ဖတ်မာရွာမှာဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ရွာမှာဆက်နေရမလား၊ ထွက်ပြေးရမလား ဝေခွဲမရဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဖတ်မာရွာခံတစ်ဦးက ပြောပါတယ်။

“၈ နာရီကနေ ၉ နာရီခွဲလောက်ထိကြားရတယ်။ ဖြစ်ဖြစ်ချင်းတော့ ၁၅ မိနစ် ၂၀ လောက်တော့ ကြားသွားရင် ပြန်တစ်ခေါက်ချလိုက်၊ ပြီးရင် နည်းနည်းသွားပြီး ပြန် တစ်ခေါက်ချလိုက်။ ဒါပေမဲ့ ကြာကြာကြီးဖြစ်တာကျတော့ မိနစ် ၃၀ လောက်တော့ ဖြစ်သွားတယ်ထင်တယ်။ သေနတ်သံဆက်တိုက် ကြားနေရတာလေ။ အဲကြားထဲမှာ ဖြစ်သွားတာလေ။ ကျွန်မတို့ နေတောင်မနေရဲတော့ဘူး။ ကလေးတွေနဲ့ ဘယ်လို ထွက်ပြေးရမယ်မသိ အရမ်းခက်နေတယ်။ အိမ်ကိုလည်း ဒီတိုင်းထားထားခဲ့လို့လည်း မရဖြစ်နေတယ်”

ပူတာအိုမြို့နယ်မှာ မနေ့ကအထိ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

(ဖတ်မာကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ မဂျာလီဒွေ့ နဲ့ ကိုအခီဒီဆာရ်း တို့ကို တွေ့ရစဥ်) Photo: CJ
(ဖတ်မာကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ မဂျာလီဒွေ့ နဲ့ ကိုအခီဒီဆာရ်း တို့ကို တွေ့ရစဥ်) Photo: CJ

ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ ပြည်သူတွေရဲ့ လိုလားချက်တွေကို စစ်ကောင်စီဘက်က မလိုက်လျောသရွေ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဦးမယ်လို့ ပြောပါတယ်။

“သူ့ဘက်က အပြောင်းအလဲမရှိလို့ရှိရင်တော့ တော်လှန်ရေးအဖွဲ့တွေက လုံးဝ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီဘက်က ပြည်သူလူထုဆီမှာရပ်တည်ပြီးမှ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုလားတောင်းတနေတဲ့ ဒီမိုကရေစီစနစ်တွေ ပေါ့နော်။ သူက နားလည်ပေးမယ်ဆိုလို့ရှိရင်တော့ စစ်ရေးကတော့ နည်းနည်းအလျှော့ အပေါ့ဖြစ်မှာပါ။ အားလုံးသူက နားမလည်ဘဲနဲ့ သူရဲ့စစ်အာဏာရှင်စနစ်ကိုပဲ ဆက်လုပ် မယ်ဆိုလို့ရှိရင်တော့ စစ်ရေးအခြေအနေကတော့ ပိုပြီးတော့ ပြင်းထန်လာနိုင်ပါတယ်"

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ မနေ့ကထိ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဒီနှစ်ပတ်တာအတွင်း အရပ်သား လေးဦး သေဆုံးခဲ့ပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်တစ်ခုလုံးမှာတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်း တကျော့ပြန် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်း နှစ်သောင်းခန့်အထိရှိနေတယ်လို့ ဒုက္ခသည်အရေးကူညီသူတွေက ခန့်မှန်းကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။