ပစ်ခတ်ဖမ်းဆီးမှုကြား အရှိန်မပျက်တဲ့ ရန်ကုန်သပိတ်

ရန်ကုန်မြို့လယ် လူစည်ကားတဲ့နေရာတွေမှာ စစ်အာဏာသိမ်းတစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ လူငယ်တွေ ဦးဆောင်ပြီး “နီတဲ့သွေး ရက်သတ္တပတ်လှုပ်ရှားမှု” ကို ခုနစ်ရက်ဆက်တိုက် လုပ်ဆောင်နေပါတယ်။
လူငယ်တွေဟာ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားကန်အနီးက ပြည်လမ်းမပေါ်နဲ့ အခြားလူစည်ကားရာနေရာတွေမှာ “နီတဲ့သွေး” သင်္ကေတအဖြစ် ဆေးနီပက်ဖျန်းတာ၊ စစ်ကောင်စီဆန့်ကျင်ရေး လက်ကမ်းစာစောင်ဝေတာ၊ နဖူးစည်းစာတန်း ချိတ်ဆွဲတာ စတဲ့ လှုပ်ရှားမှုတွေကို ပြောက်ကျားစနစ်နဲ့ ဆက်တိုက်လှုပ်ရှားခဲ့ကြတာပါ။
ဒီလှုပ်ရှားမှုဟာ လူထုက တော်လှန်ရေးအပေါ် သွေးမအေးသွားဖို့နဲ့ လာမယ့်အနာဂတ်မှာ တော်လှန်ရေးအရှိန်အဟုန် ပိုမြင့်လာစေဖို့ ရည်ရွယ်တာလို့ ရန်ကုန်တိုင်း ပုဇွန်တောင်နဲ့ ဗိုလ်တထောင် လူငယ်များ သပိတ်ကော်မတီမှ မဂျဝဲလ် က RFA ကို ပြောပါတယ်။
"စစ်ကောင်စီကို ညီမတို့ လက်မခံတဲ့အကြောင်းကို မြန်မာသာမက တစ်ကမ္ဘာလုံး သိအောင် ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက်ပေါ့နော် တတ်နိုင်တဲ့ဘက်ကနေ ဝင်ပြီး တော်လှန်နေကြတာပါ။ အခုဆိုရင် မြေပြင်သပိတ်တွေက တစ်နှစ်သာ အာဏာသိမ်း ခံရတာ အချိန်က ပြည့်သွားပေမဲ့ မြေပြင်သပိတ်တွေကို အခုချိန်အထိ သူတို့တွေ မတား ဆီးနိုင်သေးဘူး။ ဒီမြေပြင်သပိတ်တွေဆိုတာကလည်း မြို့သိမ်းတိုက်ပွဲ မဖြစ်ခင် တစ် ရက်အလိုအထိ ထွက်ဖို့ကို ညီမတို့ ဆုံးဖြတ်ထားပါတယ်”
ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးဟာ ဖေဖော်ဝါရီလ ၆ ရက် မနေ့က အင်းလျားကန်ဘေးက တံတားဖြူအနီးမှာ စစ်ကောင်စီဆန့်ကျင်ရေး နဖူးစည်း စာတန်း ချိတ်ဆွဲဖို့ ကြိုးစားစဥ် ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံတင်ထားရတယ်လို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။ ရက်သတ္တပတ်လှုပ်ရှားမှု အတွင်း ဆန္ဒပြလူငယ် ၁၀ ယောက်ခန့်လည်း အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရလူငယ်နဲ့ အဖမ်းခံထားရသူတွေရဲ့ အသက်အရွယ်နဲ့ အမည်အတိအကျသိရဖို့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီကိစ္စ အသေးစိတ်သိရှိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
"ကျနော်တို့ ယုံကြည်ချက်ပန်းတိုင်ကို လျှောက်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ တော်လှန်နေတာဖြစ်ပါတယ်"
မြေပြင်သပိတ်လှုပ်ရှားမှုတွေကို စစ်ကောင်စီဘက်က နည်းမျိုးစုံသုံးဟန့်တားနေပေမဲ့ ရတဲ့နည်းနဲ့ ဆက်လုပ်နေတာလို့ အထွေထွေသပိတ်ကော်မတီ (GSC) တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ မောင်စိမ့် က RFA ကို ပြောပါတယ် ။
"ကျနော်တို့ အကြောက်တရားရှိပေမဲ့ အဲဒီအကြောက်တရားက တကယ်သေးငယ်တဲ့ အကြောက်တရားပဲဖြစ်တယ်။ ကျနော်တို့ကို ဘာက ပိုပြီးလွှမ်းမိုးနေသလဲဆိုတော့ နိုင်လိုစိတ်က လွှမ်းမိုးနေတယ်၊ ယုံကြည်ချက်က ကျနော်တို့ကို ပိုပြီးတော့ ကြီးစိုး နေတယ်။ ဒါကြောင့် ကျနော်တို့က စစ်အာဏာရှင်ကို တော်လှန်ရမယ်၊ ဘယ်လောက်ပဲ ဖိနှိပ်ဖိနှိပ် ကျနော်တို့ကို သတ်ဖြတ်နေတဲ့ ကျနော်တို့ကို ဖမ်းဆီးနေတဲ့ အဲဒီလို အခြေ အနေမျိုးတွေရှိတာတောင် ကျနော်တို့ တော်လှန်တယ်ဆိုတာ၊ ကျနော်တို့ ယုံကြည်ချက် ပန်းတိုင်ကို လျှောက်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ တော်လှန်နေတာ ဖြစ်ပါတယ်"
စစ်ကောင်စီက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေသူတွေကို ကားနဲ့တိုက်ပြီး ဖမ်းဆီးတာ၊ နှိပ်စက် ညှဥ်းပန်းတာ၊ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်က အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ် တာတွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး လုံးဝဆိတ်သုဉ်း သွားပြီဆိုတာကို ဖော်ပြနေတာလို့လည်း သူက ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန် လှည်းတန်းမှာနေထိုင်သူ လူငယ်တစ်ဦးကတော့ အသက်အန္တရာယ်ကြားကနေ အခုချိန်ထိ လမ်းပေါ်ထွက် ဆန္ဒပြနေသူတွေရဲ ကြွေးကြော်သံ ကို ကြားရရင် ထပ်တူခံစားရတယ်လို့ RFA ကို ပြောပါတယ်။
"သွေးတွေကို ပိုပြီး ဆူပွက်လာတာဗျ။ ဥပမာ ပြောရရင် ကျွန်တော်တို့ ပြည်သူတွေ ညီရဲ့လားဟေ့ အသံကြားတာနဲ့ ကိုယ်နဲ့ သိသိ မသိသိဗျာ ခြေလမ်းတွေက အသံကြား ရာကို ပြေးသွားမိတယ်။ သပိတ်တစ်ခုကြုံလိုက်တိုင်း ငါတို့တွေ သွေးမအေးသေးဘူး ဆိုတဲ့စိတ်နဲ့ ငါတို့ အရှုံးပေးလို့ မရသေးဘူးဆိုတဲ့ အားမာန်တွေ ဝင်လာမိတာတော့ အမှန်ပဲ။ ကိုယ်တွေမှ အောင်ပွဲမယူနိုင်ရင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ ဖမ်းဆီး ခံထားရတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေကို ဘယ်လိုမှ လိပ်ပြာလုံမယ် မထင်ဘူး”
လွန်ခဲ့တဲ့လအနည်းငယ်က ကားနဲ့တိုက်ပြီး ဖြိုခွင်းခံခဲ့ရတဲ့ အလုံမြို့နယ်၊ ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲကို သူကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အဲဒီကနေ့က အဖြစ်အပျက်တွေ၊ အော်ဟစ်သံတွေ ကို အခုချိန်ထိ မမေ့နိုင်သေးဘူးလို့ ပြောသွားပါတယ်။
လူငယ်တွေဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း နိုင်ငံလုံး ဆိုင်ရာ အသံတိတ်သပိတ်ကို ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်၊ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့် အရေးနေ့နဲ့ စစ်အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ဆန္ဒပြပွဲတွေကို အင်အားသုံးဖြိုခွင်းမှု၊ ဖိနှိပ် သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၅၁၉ ဦး သေဆုံးပြီး ၁၁၉၈၀ ဦး ဖမ်းဆီးခံထားရ ပါတယ်။