မြို့ပြနဲ့ကျေးလက်၊ နွေဦးတော်လှန်ရေးအပေါ် လေးနက်မှုကွာခြား

နွေဦးတော်လှန်ရေး တစ်နှစ်ကျော်လာတဲ့ ကာလမှာ လူထုအတွင်း ပုံမှန်သွားလာ စားသောက်နေသူတွေကို တွေ့လာနေရတဲ့အတွက် စိတ်ပျက်သူတွေရှိသလို မကျေနပ်တဲ့ သူတွေလည်း ရှိပါတယ်။ ရန်ကုန်နဲ့မန္တလေးလို မြို့ကြီးတွေမှာ စားသောက်ဆိုင်တွေ စည်ကားစပြုလာနေတာကို တချို့က ထောက်ပြနေသလို စစ်တပ်က ရွာမီးရှို့ သတ်ဖြတ်မှုတွေ နေ့စဉ်လိုဖြစ်ပွားနေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းလို နေရာတွေမှာ မိမိတို့ ရှိသမျှ ပစ္စည်းကိုထုခွဲ ရောင်းချပြီး တော်လှန်ရေးသမားဖြစ်လာ သူတွေလည်း အများကြီးပဲလို့ ဒေသခံတွေကပြောပါတယ်။
မန္တလေးတိုင်းက ကိုမျိုးဆိုသူကတော့ တော်လှန်ရေးကို စိတ်မဝင်စားတော့တဲ့သူက အနည်းစုဖြစ်ပါတယ်။ ဒါပေမဲ့ လူထုစိတ်ဓါတ်မြှင့်တင်ရေးအတွက် ဒီနှစ်အတွင်း တော်လှန်ရေးအခြေအနေတွေ ထူးထူးခြားခြား တိုးတက်ဖို့လိုတယ်လို့ ဝေဖန်ပါတယ်။
“တချို့ လူတွေကျတော့လည်း လုံးဝကို ဒီတော်လှန်ရေးထဲမှာ စိတ်ကိုနှစ်ထားပြီးတော့ အားနေတဲ့ အချိန်မှာ ကလစ်လုပ်တယ်၊ အပိုဝင်ငွေဆို မသုံးရက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ဘေးရှောင်တွေ ရှိတယ် ဒီတစ်နိုင်ငံလုံးမှာ၊ မီးဘေးသင့် ပြည်သူတွေရှိတယ် ဒီတော်လှန်ရေးအတွက်ကို အသက်ကော ဘဝကော ရင်းထားတဲ့ ရဲဘော်တွေရှိတယ်။ အဲဒီတော့ ဘယ်လောက်ပဲရှိရှိ ဒီငွေကို တော်လှန်ရေး အတွက်လှူမယ်။ ဒါမှမဟုတ် စစ်ဘေးရှောင်တွေကိုလှုမယ် ဒါမျိုးပေါ့။ ငွေဆိုလည်း အပိုမသုံးရက်ဘူး အချိန်ဆိုလည်း အပိုမသုံးရက်ဘူး။ အဲလိုလူမျိုးတွေရှိသလို တော်လှန်ရေးဆိုတာကို ခေါင်းထဲမှာ မရှိတဲ့ သွားလာလည်ပတ်ပျော်ပါးနေတဲ့ ပြည်သူတွေလည်း ၂ဝ% လောက် ရှိပါလိမ့်မယ်။ ကျနော့် အမြင်ပြောရရင် တော်လှန်ရေးက နည်းနည်း အားလေးတော့လျော့လာတယ်။ ဒါပေမယ့် စိုးရိမ်စရာ အနေအထားကြီးမျိုးတော့ မဟုတ်ဖူးပေါ့။ ဒါပေမယ့် ၂ဝ၂၂ ခုနှစ်အတွင်း ဒီထက်မြင်သာတဲ့ အပြောင်းအလဲ ကိုတော့ ပြည်သူတွေက တောင်းတ နေတာတော့အမှန်ပဲ။ အားတက်စရာ တစ်ခုဖြစ်လာရင်တော့ တော်လှန်ရေးက ပိုပြီးတော့ အားကောင်းသွားမှာပေါ့။”
ရန်ကုန်မြို့က မသက်ထားကတော့ မြို့ပြနဲ့ကျေးလက် ခံစားချက်နဲ့လေးနက်မှု မတူညီ ကြပေမယ့် လူများစုဟာ တော်လှန်ရေးအတွက် မိမိတို့နိုင်သမျှ တာဝန်ကို ထမ်းနေကြတယ်လို့ ပြောပါတယ်။
“တော်လှန်ရေးကာလကို ဖြတ်သန်းတဲ့အချိန်မှာ ပြည်သူလူထုတရပ်လုံး အနေနဲ့ အရှုံးကတော့ လုံးဝ မပေးဘူး။ ရန်ကုန်မှာဆို အရှိန်အဟုန်နဲ့ကို သွားနေတာ။ ဟိုးအရင် ဧပြီ ၂၁ ကနေစလာတဲ့ ပျံလွှားအောင်။ ပျံလွှားအောင်ကနေစလာတဲ့ အခု နန်းထိုက်အောင်။ နန်းထိုက်အောင်ဆိုရင် အခုဒီနေ့ ကြေညာတယ် ပေါ့နော်။ သူတို့ရဲ့ ပစ်မှတ်ဘယ်နှစ်ခု အောင်မြင်ခဲ့ပါပြီ ကြေညာတယ်ပေါ့နော်။ တော်တော်ကြီးကို အရှိန်အဟုန်နဲ့ကို သွားနေတာ။ အဲဒီအတွက်ညီမတို့ တော်လှန်ရေးဟာ ကျရှုံးဖို့ လုံးဝမဖြစ်နိုင်ဘူး။ ရန်ကုန်မှာတော့ အခု တော်လှန်ရေးကို အားစိုက်တဲ့သူက ၃ဝ% လောက်ပဲရှိတယ် ဒါပေမယ့် နယ်တွေမှာကြတော့ ရန်ကုန်နဲ့ ပြောင်းပြန်ပဲ ၇ဝ% ၈ဝ% လောက်ကို တော်လှန်ရေးကို အားစိုက်တယ်။ သူတို့ ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ပြီး တော်လှန်ရေးကို ဝင်လုပ် ဆောင်နေကြတယ်။ စိတ်ဓါတ်လည်းမကျဘူး။ ရှိတဲ့အားနဲ့ ညီမတို့ ဆက်သွားမှာ။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် တော်လှန်ရေးက အောင်ကို အောင်ရမှာ။ စစ်ကောင်စီကိုမရ ရအောင် ညီမတို့ တိုက်ဖျက်မှာ။”
CDM ပြည်သူ့ဘက်ပြောင်း ခွဲစိပ်ဆရာဝန် ဗိုလ်ကြီး မင်းမောင်မောင်က တော်လှန်ရေး ပြီးဆုံးတဲ့အခါ ပြည်သူတိုင်း ဒီမိုကရေစီရဲ့အသီးအပွင့်တွေကို ခံစားရမှာဖြစ်ပါတယ်။ လက်ရှိ ကြမ်းတမ်းမှုတွေ ကိုတော့ မလွဲမရှောင်သာ ခါးသီးစွာ ကျော်ဖြတ်ကြရမှာပဲလို့ သုံးသပ် ပြောဆိုပါတယ်။
“တော်လှန်ရေးသမားတွေ အနေနဲ့ကကော ဆင်းရဲကျပ်တည်းမှုတွေ ငတ်မွတ်ခေါင်းပါး မှုတွေ ဒါတွေကို ကြုံတွေ့ရမှာပဲ။ အနီးစပ်ဆုံး တရုတ်တော်လှန်ရေးကို ကြည့်လိုက်အုံး တရုတ်ပြည်သူတွေ ဆန်ပြုတ်တောင် သောက်ခဲ့ရပြီး ဖြတ်သန်းခဲ့ရတယ်။ အခု တရုတ်ပြည် ဘာကြီးဖြစ်နေပြီလဲ။ တိုးတက်နေပြီ။ ဒီလိုပဲ ကျနော်တို့ နွေဦး တော်လှန်ရေးမှာ ဒီလိုခက်ခဲကျပ်တည်းတဲ့ ကာလကို ဖြတ်သန်းပြီးတဲ့ အချိန်ကျမှ ကျနော်တို့ မျော်လင့်တဲ့ သာယာတဲ့ လူ့ဘောင်တခုကို ရောက်မှာပဲ။ အဲတော့ တော်လှန်ရေးမှာ ပါဝင်တဲ့သူပဲဖြစ်ဖြစ် မပါဝင်တဲ့သူပဲဖြစ်ဖြစ် တော်လှန်ရေး အောင်မြင်တဲ့ အသီးအပွင့်ကိုတော့ အားလုံးပဲ ညီတူညီမျှ ခံစားရပါလိမ့်မယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်ကို မြင်မိတာကတော့ တစ်ချိန်မှာ ကမ္ဘောဒီးယား အာဏာရှင် ပိုပေါ့လို ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ဟာ ဟံသာဝတီ ဦးဝင်းတင် ပြောခဲ့တဲ့ စကားအတိုင်းပဲ စုဖွဲ့မှုမကျိုးပဲ့စေနဲ့၊ စုလုပ်မှု မကျိုးပဲ့စေနဲ့၊ စိတ်ဓါတ်မကျိုးပဲ့ စေနဲ့။ အောင်စိတ်နဲ့သာလုပ်ပါ ကျနော်တို့ အောင်ကို အောင်ရပါလိမ့်မယ်။”
ဒီအတောအတွင်း တော်လှန်ရေးအပေါ် ပြည်သူလူထုစိတ်ဝင်စားမှုနဲ့ ထောက်ခံမှု ကျဆင်းအောင် စစ်ကောင်စီ သြဇာခံအဖွဲ့အစည်းတွေက တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ၊ သွေးခွဲသပ်လျှိုမှုတွေနဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကို တိုးမြှင့်လုပ်ဆောင် နေတယ်လို့ မြန်မာ့အရေး အကဲခတ်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။