တရုတ်အစိုးရဆန့်ကျင်ရေး စစ်ကိုင်းနဲ့ရန်ကုန်မှာ ဆန္ဒပြ

အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.05.09
တရုတ်အစိုးရဆန့်ကျင်ရေး စစ်ကိုင်းနဲ့ရန်ကုန်မှာ ဆန္ဒပြ ၂ဝ၂၃ ခုနှစ် မေလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့စဉ်။
လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မကြာခဏ ပေါ်ပေါက်လာနေပါတယ်။

အခုမေလ ၉ ရက်နေ့ မနေ့ကတော့ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်နဲ့ ရန်ကုန်မြို့ တွေမှာ တရုတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ မေ ၉ ရက်နေ့ မနေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နဲ့ ရန်ကုန်မြို့တွေမှာ တရုတ်နိုင်ငံတော် အလံကို မီးရှို့ခဲ့ကြသလို တရုတ်အစိုးရဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ပူးပေါင်းကာ ပြည်သူတွေကို သတ်ဖြတ်နေတယ်လို့ ရေးသားထားတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မေလ ၂ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံအပြီးမှာ အခုလို တရုတ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာနေတာပါ။

တရုတ်နိုင်ငံဟာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အခုလို တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်တာ ဖြစ်တယ်လို့ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်အင်အားစုကော်မတီဝင် မနွယ်နွယ်မိုးက ပြောပါတယ်။

“အခုဆိုလို့ရှိရင်ပေါ့နော် တရုတ်ဆန့်ကျင်ရေး နိုင်ငံတစ်ဝန်း သပိတ်တွေ ထွက်တယ်။ ထုတ်ပြန်ချက်တွေ ထုတ်တယ် ဒီလို အနေအထားမျိုးမှာ အိမ်နီးချင်းကောင်း မပီသဘူး တရုတ်နိုင်ငံသည် အမှန်ဖြစ်ပါတယ်။ စစ်ကောင်စီ အပေါ်မှာ အားပေးအားမြှောက်ပြုတာတွေ ကျွန်တော်တို့တွေ မြင်လာနေရပါပြီ။ ကျွန်တော်တို့တစ်တွေသည် ဘယ်လိုစိန်ခေါ်မှုပဲ ကြုံကြုံ တော်လှန်ရေးအပေါ်မှာ တရုတ်နိုင်ငံမှ မဟုတ်ပါဘူး။ တခြားတခြားသော ဘယ်လိုလွှမ်းမိုးမှုမျိုးပဲ ကြုံကြုံ ကျွန်တော်တို့လူထုအားနဲ့ပဲ တိုက်ထုတ်မှာပါ။ ကျွန်တော်တို့ လူထုအပေါ်မှာ ယုံကြည်ပါတယ်။ တော်လှန်ရေးအောင်ဖို့အတွက်ဆိုရင် လူထုက အဓိကကျတယ်။ လူထုအားနဲ့ပဲ ကျွန်တော်တို့တွေ ကြုံလာမယ့် အခက်အခဲမှန်သမျှကို တိုက်ထုတ်ရင်းနဲ့ပဲ ရှေ့ဆက်သွားမှာပါ”

အဲဒီရွာပေါင်းစုံ သပိတ်စစ်ကြောင်းမှာပါဝင်သူတွေက တရုတ်အစိုးရအနေနဲ့ မြန်မာဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ကြသလို မြန်မာပြည်သူတွေအပေါ် လေးစားတန်ဖိုးမထားဘဲ လူသတ်အကြမ်းဖက် စစ်အုပ်စုကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်းစသဖြင့် ကြွေးကြော်ပြောကြားရင်း ဆန္ဒပြခဲ့ကြတာပါ။

ယင်းမာပင်ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုလွမ်းသူက မြန်မာနိုင်ငံက တရုတ်အကျိုးစီးပွားတွေကို အမှန်တကယ် အကာအကွယ်ပေးနေတာဟာ စစ်ကောင်စီတပ်မဟုတ်ဘူးလို့ ပြောပါတယ်။

“သူကသူ့အကျိုးစီးပွားအတွက် လက်နက်ကိုင်ပြီးတော့ အကြမ်းဖက်နေတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ကာကွယ်ပေးမယ် လို့ သူယူဆပြီးတော့ လာတွေ့တာပေါ့နော်။ တကယ်က တရုတ်နိုင်ငံအနေနဲ့ သိရမှာက သူ့ရဲ့အကျိုးစီးပွားတွေ သူ့ရဲ့အရာတွေကို ဒီကာကွယ်ပေးနေတာဟာ ပြည်သူလူထု တစ်ရပ်လုံး ဖြစ်တယ်ဆိုတာ သူသိဖို့လိုတယ်။ ကျွန်တော်တို့ ပြည်သူရဲ့ ဆန္ဒကို ဥပက္ခာလျစ်လျူရှုပြီးတော့ ဖမ်းဆီးလူသတ် မုဒိမ်းကျင့်နေတဲ့ စစ်တပ်ကို အထောက်အပံ့ပေးနေတာကို ကျွန်တော်တို့ လူထုတစ်ရပ်လုံးဟာ လုံးဝလက်မခံပါဘူး”

sagaing.jpg
၂ဝ၂၃ ခုနှစ် မေလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်တွင် တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ-ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစု)

တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုကို မေလ ၉ ရက်နေ့က ရန်ကုန်မြို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။ အချက်သုံးချက်ကြောင့် ဆန့်ကျင်ဆန္ဒပြတာ ဖြစ်တယ်လို့ ရန်ကုန်က ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်း ကပြောပါတယ်။

“ပဇီကြီးကိစ္စမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တင်သွင်းလာမှု အနေအထားတွေမှာ တရုတ်နဲ့ရုရှားက စစ်ကောင်စီကို အကာအကွယ် ပေးခဲ့ပါတယ်။ နောက်ပြီးတော့ လက်ပံတောင်းဒေသမှာ ရှိတဲ့ တရုတ်စီမံကိန်းဝင်းတွေထဲမှာ စစ်တပ်တွေကို အခြေစိုက်ခွင့် ပြုထားပါတယ်။ အဲလိုအခြေစိုက်ခွင့်ပြုတဲ့အတွက် အဲဒီပတ်ချာလည်က ရွာတွေမီးရှို့ခံရပါတယ်။ ရွာသူရွာသားတွေ ကျဆုံး ထိခိုက်မှုတွေ အများကြီး ဖြစ်နေပါတယ်။ နောက်တစ်ချက်က တော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်ကွန်မြူနစ်ပါတီက တာဝန်ရှိသူတွေ လာပြီးတော့မှ အရင်စစ်အာဏာရှင်ဟောင်းတွေကိုပါ။ ပွဲထုတ်ပြီးတော့ မင်းအောင်လှိုင်နဲ့စစ်အုပ်စုကို ထွက်ပေါက် ပေးဖို့အတွက် နည်းလမ်းရှာပေးနေတယ်။ အကူအညီပေးနေတယ်လို့ မြင်ပါတယ်။ ဒီလိုကိစ္စမျိုးတွေကိုတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေက လုံးဝလက်မခံနိုင်ပါဘူး။”

လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုကလည်း မေလ ၈ ရက် မနေ့က တရုတ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ အခုလို ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

china6.jpg
၂ဝ၂၃ ခုနှစ် မေလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစု)

မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီအပေါ် အားပေးအားမြှောက်လုပ်နေတာတွေ မလုပ်ဖို့ စစ်အာဏာသိမ်းပြီးကာစ အချိန်ကလည်း မြန်မာနိုင်ငံက တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြဖူးပါတယ်။

အခုလတ်တလောမှာ တရုတ်အစိုးရဟာ စစ်ကောင်စီခေါင်းဆောင်တွေအပြင် အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တွေ့ဆုံဆွေးနွေးမှုတွေ ရှိမရှိဆိုတာတော့ တရုတ်အစိုးရက ပြောဆိုခြင်း မရှိပါဘူး။ NUG ကလည်း သူတို့နဲ့ မြန်မာအိမ်နီးချင်းနိုင်ငံတွေအကြား လျှို့ဝှက်တွေ့ဆုံမှုတွေရှိတယ်လို့ ပြောဆိုပေမဲ့ အဲဒီလိုတွေ့ဆုံသူတွေထဲမှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်သလားဆိုတာကို ထုတ်ပြန်ခြင်း မရှိပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။