ထောင်ဝင်စာတွေ့ခွင့်ပေးဖို့ စစ်ကောင်စီ ပြင်ဆင်

RFA Burmese
2023.10.22
ထောင်ဝင်စာတွေ့ခွင့်ပေးဖို့ စစ်ကောင်စီ ပြင်ဆင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့မြင်ရသည့် နေပြည်တော်အကျဉ်းထောင် ဂိတ်ဝ မြင်ကွင်းတစ်ခု။
AFP

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကန့်သတ်ထားချက်တွေကို နေရာအတော်များများမှာ လျှော့ချပေမဲ့ ထောင်ဝင်စာတွေ့ခွင့်ကိုတော့ စစ်ကောင်စီက ဆက်ပိတ်ထားခဲ့ပါတယ်။

ဒါပေမဲ့ လာမယ့် အောက်တိုဘာ ၂၄ ရက်ကစပြီး အကျဉ်းထောင်တချို့မှာ ထောင်ဝင်စာတွေ့ခွင့်ပေးတော့မယ်လို့အကျဉ်းထောင်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"တရားဝင်အကြောင်းကြားတာမဟုတ်ပေမဲ့ ၂၃ ရက် ၂၄ ရက်မှာ စစ်ကောင်စီကလည်း ကြေညာကောင်း ကြေညာပါလိမ့်မယ်။ ဒီသတင်းကတော့ သေချာပါတယ်။ အကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေရဲ့ ပြင်ဆင်မှုတွေ၊ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို ဆက်သွယ် အကြောင်းကြားတာမျိုးတွေ လုပ်လာတာဖြစ်တဲ့အတွက် ဒီလထဲမှာ အကျဉ်းထောင်တွေတော်တော်များမှာ တရားဝင်ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရမယ်ဆိုတာ သေချာပါတယ်"

အကျဉ်းသားရဲ့ မိသားစုဝင်တစ်ဦးကလည်း တစ်လကို တစ်ကြိမ် ထောင်ဝင်စာ တွေ့ခွင့်ရမယ်လို့ ကနဦး သိရတယ်လို့လည်း ဆိုပါတယ်။

"အကျဉ်းသားတစ်ဦးစီရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးရမဲ့နေရာမှာ အပြည့်အဝ မပေးတဲ့အပြင်ကို အခုကြေညာလိုက်သော်လည်း အကန့်အသတ်တွေနဲ့ အလွန်တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မိသားစုဝင်တွေကိုပါ ထပ်မံပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် လုပ်တယ်လို့ မြင်တယ်"

သာယာဝတီထောင်မှာအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်ကတော့ မတွေ့ရတာ သုံးနှစ်ရှိပြီမို့ နေထိုင်ကောင်းနေတာ မျက်မြင်တွေ့ချင်တယ်လို့ ပြောပါတယ်။

" ၂၄ ရက်နေ့ ဧည့်တွေ့‌ပေးမယ်လို့ပြောတယ်၊ ဧည့်တွေ့ခွင့်ရရင်တော့ အကောင်းဆုံးပေါ့ရှင်။ သူ့ကိုမတွေ့ရတာ သုံးနှစ်တောင်ရှိတော့မှာဆိုတော့၊ မိသားစုအနေနဲ့ ပြောရမယ်ဆိုရင်တော့ သူကျန်းမာနေတာကို လက်တွေ့မြင်လိုက်ရမယ်ပေါ့ အဲဒီအခါကျရင်။ အခုဟာက နေကောင်းလားလဲမသိ၊ နေမကောင်းလားလဲ မသိရဘူးလေ။ ကျွန်မတို့အတွက်တော့ တွေ့ခွင့်ရမယ်ဆိုရင် ဘုရားပေးတဲ့ဆုပါပဲ"

စစ်ကြောရေးမှာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်တာတွေကြောင့် နားမကြားတာ၊ ကိုယ်လက်အင်္ဂါချို့ယွင်းတာအပါအဝင် ထိခိုက်ဒဏ်ရာ အကြီးအကျယ်ရတာမို့ မိသားစုဝင်တွေက ကျန်းမာရေးအခြေအနေသိရဖို့ ထောင်ဝင်စာတွေ့ခွင့် ရချင်နေတာပါ။

ထောင်ဝင်စာတွေ့ခွင့်ရဖို့အတွက် အိမ်ထောင်စုစာရင်းနဲ့ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာနဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးကြောင်း ‌ထောက်ခံစာ စတဲ့ ကန့်သတ်ချက်တွေ အကျဉ်းဦးစီးဌာနက သတ်မှတ်ထားပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီအာဏာမသက်ရောက်တဲ့ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေမရှိတာ၊ ရဲစခန်းတွေ သွားဖို့ ကြောက်တာတွေကြောင့် ဒီကန့်သတ်ချက်တွေက ထောင်ဝင်စာတွေ့ဖို့အတွက် အခက်အခဲ ရှိစေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ကပြောပါတယ်။

ဖခင်ဖြစ်သူ ထောင်ချခံထားရတဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက‌တော့ အုပ်ချုပ်ရေးမှူး မရှိတဲ့နေရာတွေမှာဆို အဆင်မပြေဘူးလို့ RFA ကို ပြောပါတယ်။

"ဒေသအားလုံး ခြုံပြောမယ်ဆိုရင် အဲဒီကိစ္စက အဆင်မပြေလောက်ဘူးဗျ။ အုပ်ချုပ်ရေးမှူးမရှိတဲ့ ရွာတွေက တော်တော်များများ ရှိကြတယ်။ နောက်တစ်ခုက ဘာလည်းဆိုတော့ ကျွန်တော်တို့ ပြည်သူတွေက အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာယူဖို့က ခက်တယ်လေဗျာ။ မသွားရဲကြဘူး။ ရဲစခန်းထောက်ခံစာဆိုလည်း ဥပမာ မိသားစုဝင်တစ်ယောက် အဖမ်းခံရတယ်ဆိုရင် အခြားမိသားစုဝင်တွေက ရဲစခန်း မသွားရဲတာမျိုးတွေ ရှိတယ်။ ခြုံပြီးပြောမယ်ဆိုရင် အဲဒီကန့်သတ်ချက်တွေက ဒီနေ့အခြေအနေ ကြားကာလမှာ အခက်တွေ့‌စေတယ်"

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

social_media.jpeg
၂၀၂၂ ခုနှစ် ဧပြီလ ၁၇ ရက်က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် အကျဉ်းသားများ၏ မိသားစုဝင်များ လာရောက်စောင့်ဆိုင်းနေစဉ်။ (Photo: RFA)

အကျဉ်းသားတွေရဲ့အခွင့်အရေးတွေ အပြည့်အဝပေးရမဲ့အစား အကန့်အသတ်တွေနဲ့ လုပ်တာကြောင့် ကြိုဆိုထောက်ခံစရာမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။

"ဒီလိုဖွင့်ပေးတာနဲ့ပတ်သက်ပြီး ကြိုဆိုစရာလည်းအကြောင်းမရှိဘူး။ ထောက်ခံစရာလည်း အကြောင်းမရှိဘူး၊ ဒါတွေအားလုံးသည် အကျဉ်းသားတစ်ဦးစီရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးရမဲ့နေရာမှာ အပြည့်အဝ မပေးတဲ့အပြင်ကို အခုကြေညာလိုက်သော်လည်း အကန့်အသတ်တွေနဲ့ အလွန်တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မိသားစုဝင်တွေကိုပါ ထပ်မံပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင် လုပ်တယ်လို့ မြင်တယ်"

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပစ္စည်းတွေကို လျှော့ချကန့်သတ်ထားတဲ့အတွက် ထောင်ဝင်စာတွေ့ခွင့်အပြင် ထောင်ဝင်စာပစ္စည်းအရေအတွက် တိုးပေးဖို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထားရတဲ့ အရပ်သား နှစ်သောင်း ငါးထောင်ကျော်ရှိပြီး၊ အဲဒီအထဲက ခုနစ်ထောင့်ရှစ်ရာကျော်ကို နိုင်ငံရေးအမှုတွေနဲ့ ထောင်ဒဏ်တွေ ချထားတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။